နော်ဝေနိုင်ငံ ဘုရင်ရဲ့ မြန် မာပြည်ခရီးစဉ် စုစည်းတင်ပြချက်


2014.12.02

နော်ဝေနိုင်ငံရဲ့ ဘုရင် His Majesty Harald နဲ့ ဘုရင်မ Sonja တို့ဟာ မြန်မာနိုင်ငံကို ၅ ရက်ကြာ ရောက်ရှိနေ ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့အပြင် လူမှုအဖွဲ့အစည်းတွေကို တွေ့ဆုံသွားမှာဖြစ်ပါတယ်။

နော်ဝေနိုင်ငံဟာ မြန်မာနိုင်ငံဒီမိုကရေစီအရေး စတင်ဖြစ်ပေါ်ကတည်းက အကူအညီပေးနေတဲ့ နိုင်ငံဖြစ်ပြီး အခုဆိုရင် ပြည်တွင်းမှာ ဒုက္ခသည်တွေ နေရာပြန်လည်ချထားရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမျာလည်း အကူအညီပေးနေတယ်လို့ သိရပါတယ်။

နော်ဝေနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့ပေးနေတဲ့ ကဏ္ဍတွေကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

နော်ဝေနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့ ၁၉၉ဝ ခုနှစ်လောက်ကတည်းက စတင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်၊ ၁၉၉၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိစဉ်ကတည်း က နော်ဝေဟာ မြန်မာနိုင်ငံကိုကူညီဖို့ စတင်စိတ်ဝင်စားလာတာလို့ ဆိုရမှာဖြစ်ပါတယ်။

အဲ့ဒီအချိန်ကတည်းကနေ ပြည်ပနေအသံလွင့်ခဲ့တဲ့ ဒီမိုကရက်တစ်မြန်မာ့အသံကို အကူအညီပေးခဲ့ တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ပြည်တွင်းမှာ စစ်ဒဏ်ကြောင့် ထွက်ပြေးပုန်းရှောင်နေ ကြတဲ့သူတွေကို ပြန်လည်နေရာချထားရေးအတွက် နော်ဝေနိုင်ငံက ကူညီနေတာတွေရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ကူညီထောက်ပံ့ပေးနေတာတွေရှိပါတယ်။ နော်ဝေနိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး ထဲက ကျောက်ကြီး၊ ထန်းတပင်နဲ့ ရွှေကျင်မြို့တွေမှာ ဒေသခံတွေအတွက် ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး စီမံကိန်းတွေဆောင်ရွက်နေတာ ရှိပါတယ်။

အဲ့ဒီ စီမံကိန်းကို ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ မွန်ပြည်သစ်ပါတီနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့က နော်ဝေနိုင်ငံနဲ့ ပူးပေါင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

နော်ဝေနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မနေ့က နော်ဝေနိုင် ငံခြားရေးဝန်ကြီးက တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီလိုတွေ့ဆုံရာမှာ  နော်ဝေနိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းကို ထောက်ခံသလို ဆက်လက်ကူညီသွားမှာ ဖြစ်တယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ကူညီပေးတဲ့ ပထမဆုံးနိုင်ငံဟာ နော်ဝေနိုင်ငံဖြစ်တယ် လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာက ပြောရေးဆိုခွင့်ရှိသူ ဦးလှမောင်ရွှေက အခုလိုပြောပြပါတယ်။

ဦးလှမောင်ရွှေ။            ။နော်ဝေကတော့ ထူးခြားတာက တစ်ကမ္ဘာလုံးမှာရှိတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သူတို့အနေနဲ့ လိုက်ပြီးတော့ကူညီခဲ့တာရှိတယ်၊ ကျနော်တို့နိုင်ငံမှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ အစောဆုံး နိုင်ငံတကာကနေပြီးတော့ကူညီတာ နော်ဝေပါပဲ၊ ဒါပေမဲ့ ငွေကြေးအနေနဲ့ MPC ကိုကျနော်တို့ ပေး တာမျိုးမရှိဘူး၊ တိုင်းရင်းသားတွေနဲ့ ဒေသတွေကို ကူညီနိုင်တဲ့ကိစ္စရပ်တွေကိုတော့ MPC ဘက်ကနေ ပြီးတော့ ထောက်ပံ့တဲ့သဘောပါ၊ MPC ကိုတော့ တိုက်ရိုက်အားဖြင့် သူညီတာမရှိပါဘူး။

နော်ဝေနိုင်ငံရဲ့ အကူညီနဲ့ မြန်မာနိုင်ငံရေပိုင်နက်မှာ ငါးသယံဇာတ တည်ရှိမှှုအခြေနေကို မနှစ်က  လေ့လာ ဆန်းစစ်မှှုတစ်ရပ် ပြုလုပ်နိုင်ခဲ့ပါတယ်။နော်ဝေနိုင်ငံက ၁၉၇၉ ခုနှစ်ကတစ်ကြိမ် ငါးသယံဇာတ တည်ရှိမှှု အခြေအနေကို လေ့လာဆန်းစစ်မှှု ပြုလုပ်ပေးခဲ့တာရှိပြီး ဒုတိယအကြိမ်အဖြစ် ၂ဝ၁၃ ခုနှစ်က ပြန်လည်ဆန်းစစ် တဲ့အခါ မြန်မာ့ပင်လယ်ပြင်မှာ ငါးပြန်းတီးမှှုအများအပြားဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။

ငါးသယံဇာတမပြန်းတီးရေး၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် နော်ဝေနိုင်ငံကို ငါးလုပ်ငန်းအဖွဲ့ချုပ်က ကူညီပေးဖို့တောင်းခံထားတာရှိပြီး နော်ဝေနိုင်ငံဘက်က အကူညီပေးရေးအတွက် စဉ်းစားနေတဲ့ သဘော ရှိတယ်လို့ ငါးလုပ်ငန်းအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် ကပြောပါတယ်။

ဦးဝင်းကြိုင်။               ။ကျနော်တို့လည်း နော်ဝေနိုင်ငံကိုအများကြီး မျှော်ကိုးတယ်ဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ သူက ဥရောပနိုင်ငံတွေထဲမှာ ငါးလုပ်ငန်းနဲ့ပတ်သက်တဲ့ နည်းပညာမှာ မွေးမြူရေးရော၊ ဖမ်းဆီးရေးရော နည်းပညာအရမ်းမြင့်တဲ့နိုင်ငံဗျ၊ အရမ်းမြင့်တဲ့အပြင် ချမ်းသာကြွယ်ဝတဲ့နိုင်ငံဖြစ်ပြီးတော့ ဆင်းရဲတဲ့နိုင်ငံတွေပေါ့ မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေကို သူကကူညီတယ်ဗျ၊ ဒီနော်ဝေနိုင်ငံကလေ၊ ကူညီတော့ ကျနော်တို့ကလည်း အရင်တုန်းကတော့ နိုင်ငံရေးအခြေအနေအရ အကူအညီတွေ မပေးနိုင်ခဲ့ဘူးဆိုတဲ့ဟာပေါ့၊ အခုကျတော့ ကျနော်တို့ဆီမှာလည်း နိုင်ငံရေးအခြေအနေတွေ ပြောင်းလာတော့ အကူအညီရနိုင်တယ်ဆိုပြီး ကျနော်တို့လည်း ငါးလုပ်ငန်းကဏ္ဍအတွက် အဲ့ဒီလိုနေတဲ့အကူအညီတွေ သူတို့ဆီက ရနိုင်တာပေါ့နော်။

ဒီမိုကရေစီ အစိုးရသစ်လက်ထက်မတိုင်မီ မြန်မာနိုင်ငံက ဒုက္ခသည်အများအပြားကိုလည်း နော်ဝေနိုင်ငံက လက်ခံထားတာရှိပါတယ်။

နော်ဝေနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်ရတဲ့ ပြည်ပနိုင်ငံသားအများအပြားမှာ မြန်မာတွေ အများဆုံးပါဝင်တယ်လို့ ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းဌာနက ဦးခင်မောင်ဝင်းက ပြောပါတယ်။

ဦးခင်မောင်ဝင်း။          ။နော်ဝေက ဥရောပမှာ မြန်မာဒုက္ခသည်အများဆုံးလက်ခံတဲ့ နိုင်ငံဖြစ်သွားတယ်လေ၊ အခုအချိန်မှာဆိုလို့ရှိရင် နော်ဝေနိုင်ငံမှာ မြန်မာနိုင်ငံသား ၄ဝဝဝ လောက်ရှိမယ်လို့ ကျနော်တို့ခန့်မှန်းရတယ်၊ ဒါကတော့ သူတို့ဟိုနိုင်ငံမှာ ရောက်သွားရင်တော့ နော်ဝေက ကမ္ဘာမှာအကောင်းဆုံးလို့ ပြောလို့ရတာပေါ့ ၊ ရောက်တဲ့ဒုက္ခသည်တွေကို ပညာသင်ပေးမယ်၊ အလုပ်အကိုင်ရရှိအောင် ကူညီပေးမယ်၊ အလုပ်အကိုင် မရှိသေးရင်လည်း သူတို့ကို လူမှှုရေးအထောက်အပံ့အကူအညီတွေ ပေးထားတာပဲလေ၊ အချိန်တန် ရင်တော့ နော်ဝေနိုင်ငံသားကတော့ ၇ နှစ်နေပြီးရင် လျှောက်ခွင့်ရပြီး လူတိုင်းနော်ဝေနိုင်ငံသား ဖြစ်သွား တာပေါ့လေ၊ အဲ့ဒါတွေကတော့ ဘာမှအပြောင်းအလဲရှိမယ် မထင်ပါဘူး၊ ဒီအတိုင်းပဲ ဆက်သွားနေမှာပေါ့၊ တစ်ခုပဲရှိတယ် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်လဲရေး ဖြစ်သွားပြီဆိုရင်တော့ နောက်ထပ်ဒုက္ခ သည်ခေါ်တဲ့ဟာတော့ ရှိတော့မယ်မထင်ပါဘူး။

နော်ဝေနိုင်ငံဟာ မြန်မာနိုင်ငံသတင်းတွေကိုထုတ်လွှင့်တဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းဌာနကို လည်းထောက်ပံ့ကူညီပေးနေတာဖြစ်ပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံသတင်းဌာနကို ခိုင်ခိုင်မာမာရပ်တည်နိုင်တဲ့ ကာလအထိ နော်ဝေနိုင်ငံက ကူညီပေးမှာ ဖြစ်တယ်လို့ ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းဌာနက ဦးခင်မောင်ဝင်းက ဆက်ပြောပါတယ်။

ဦးခင်မောင်ဝင်း။          ။သူတို့နှစ်စဉ်ကူညီပေးနေကျအတိုင်းပဲ ကူညီပေးနေတယ်၊ နောက်ထပ်လည်း DVB ကကိုယ့်ခြေထောက်ကိုယ်ရပ်ပြီးတော့ တည်နိုင်ဖို့အထိ သူတို့ကူညီပေးမယ်လို့ ကျနော်တို့ကို ကတိပေးထားတယ်၊ ကျနော်တို့လည်း အထိုက်လျှောက်တော့ ပြုပြင်ပြောင်လဲရေးလုပ်နေကြရတာပေါ့၊ ကိုယ်ဝင်ငွေနဲ့ကိုယ် အဲ့ဒီအချိန်တစ်ခုတော့ မြန်မြန်ထက်ထက်ရောက်အောင်တော့ လုပ်ရမှာပေါ့၊ ကိုယ်ဝင်ငွေနဲ့ကိုယ် အဲ့ဒီကာလအတွင်မှာ သူတို့ကူညီပေးထားမယ်၊ တသက်လုံးကူညီပေးထားမယ်ဆိုတဲ့ သဘောမျိုးလည်းမဟုတ်ပါဘူး။

မနက်ဖြန်ဒီဇင်ဘာလ ၂ ရက်နေ့မှာ နော်ဝေဘုရင် HM Harald (ဟယ်ရယ်လ် )ဟာ ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမမှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

နော်ဝေဘုရင်နဲ့ ဘုရင်မဟာ မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ ၅ ရက်နေ့ထိနေထိုင်မှာ ဖြစ်ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။