ဖိနှိပ်မှုတွေကို တွန်းလှန်ပြီး အာဏာရှင်ဆန့်ကျင်ရေး ဆက်လုပ်ဖို့ NLD ဆုံးဖြတ်ထား

2022.09.27
ဖိနှိပ်မှုတွေကို တွန်းလှန်ပြီး အာဏာရှင်ဆန့်ကျင်ရေး ဆက်လုပ်ဖို့ NLD ဆုံးဖြတ်ထား ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီရုံးချုပ်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့စဉ်။
Photo: RFA

ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြိုခွင်းခံရပြီး စစ်တပ်ကအာဏာသိမ်းထားချိန် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုနဲ့ အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို စတင်ဖွဲ့စည်းခဲ့တာကြောင့် ဒီနေ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ ၃၄ နှစ် ပြည့်သွားပါပြီ။

စတင်ဖွဲ့စည်းချိန်ကတည်းက စစ်အစိုးရအဆက်ဆက်ရဲ့ ဖိနှိပ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ ထောင်သွင်းအကျဉ်းချမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ (NLD) ပါတီဟာ အခု ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နောက်တစ်ကြိမ် အာဏာသိမ်းမှုအပြီးမှာတော့ သမိုင်းမှာ အဆိုးဆုံးဖိနှိပ်သတ်ဖြတ်မှု တွေကို ဆက်လက်ရင်ဆိုင်နေရတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

"လက်ရှိဆင်နွဲနေတဲ့ တော်လှန်ရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တော်လှန်ရေး မဟုတ်ဘူး။ ပြည်သူ့တော်လှန်ရေးဖြစ်တယ်"

ဒါပေမဲ့ NLD ရဲ့ ဒီသမိုင်းဟာ ပြည်သူတွေရဲ့ သမိုင်းဖြစ်တာမို့ ဇွဲမလျော့ဘဲ လက်ရှိတော်လှန် ရေးကို ပြည်သူလူထုနဲ့အတူ ဆက်လက်ဆင်နွှဲသွားမယ်လို့ ဒီနေ့ အွန်လိုင်းကတဆင့် ပြုလုပ်တဲ့ ၃၄ နှစ်ပြည့် အခမ်းအနားမှာ NLD ပါတီ၊ သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက ပြောပါတယ်။

"မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖြတ်သန်းမှုသမိုင်းဟာ ပြည်သူတွေရဲ့သမိုင်း ဖြစ်တယ်။ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲဟာ မိမိတို့အဖွဲ့ချုပ်ရဲ့ ဒုက္ခဆင်းရဲပဲ ဖြစ်ပါတယ်။ မိမိတို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို ပြည်သူရှိရင် ပါတီရှိတယ် ဆိုတဲ့အတိုင်း မိမိတို့အဖွဲ့ချုပ်ဟာ ပြည်သူကိုအခြေခံသလို ပြည်သူ့အရေးကို ဘယ်တော့ မှ ဘာအကြောင်းကြောင့်နဲ့မှ စွန့်ခွာသစ္စာဖောက်လို့ မရဘူးဆိုတာကို သတိရကြစေလို ပါတယ်။ ထို့အတူ လက်ရှိဆင်နွဲနေတဲ့ တော်လှန်ရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ တော်လှန်ရေး မဟုတ်ဘူး။ ပြည်သူ့တော်လှန်ရေး ဖြစ်တယ်"

၃၄ နှစ်တာကာလအတွင်းမှာ NLD ပါတီဟာ ပြည်သူလူထုနဲ့အတူ ဒုက္ခမျိုးစုံကို ခါးစည်း ဖြတ်သန်းခဲ့လို့ ရွေးကောက်ပွဲတိုင်းမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့တာလို့လည်း မန်းဂျော်နီက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ လ ၂၀ နီးပါးအတွင်း နိုင်ငံတစ်ဝန်းမှာ လွှတ်တော်အမတ် သုံးဦး အပါအဝင် NLD ပါတီဝင် ၅၅ ဦး သေဆုံးပြီး ၉၇၀ ကျော် အဖမ်းခံထားရကြောင်း NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးအဖွဲ့က ဒီနေ့ ၃၄ နှစ်ပြည့်တဲ့နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူ ၅၅ ဦးမှာ စစ်ကောင်စီရဲ့ ကြိုးပေးကွပ်မျက်ခံရသူ တစ်ဦး၊ စစ်ကြောရေးမှာ သေဆုံးသူ ၁၄ ဦး၊ ထောင်တွင်း သေဆုံးသူ ရှစ်ဦးနဲ့ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃၂ ဦး ပါဝင်ပါတယ်။

စစ်ကြောရေး သေဆုံးသူ ၁၄ ဦးထဲ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ သေဆုံးသွားတဲ့ ကချင် ပြည်နယ်၊ မိုးညှင်းမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမျိုးကျော်လည်း ပါဝင်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့က မြစ်ကြီးနားမြို့နယ် ၂၁ မိုင်ဂိတ်မှာ အဖမ်းခံခဲ့ရ တာပါ။

သူဟာ စစ်ကြောရေးကာလ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် သေဆုံးသွားကြောင်းကို စက်တင်ဘာ ၂၂ ရက်နေ့မှာ အတည်ပြုနိုင်ခဲ့ပေမယ့် မိသားစုက ရုပ်အလောင်းကို ပြန်မရခဲ့ဘူးလို့ မိုးညှင်းမြို့နယ်က ဦးမျိုးမျိုးကျော်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောပါတယ်။

"တစ်ခါသေပြီဆိုပြီး သတင်းထွက်လာတယ်။ ဒါပေမဲ့ အတည်မပြုဘဲ ဆက်စုံစမ်းကြည့် တဲ့ အခါကျတော့ သူက သတိမေ့သွားတာပေါ့။ ရိုက်ရင်းနဲ့ သတိမေ့သွားတာ ဒီတိုင်း ပစ်ထားတာ သေပြီဆိုပြီးတော့။ နောက်တစ်ခါ သူ့ရဲ့ညည်းသံတွေကြားပြီး မသေသေး ဘူးပေါ့။ ဆက်စပ်မေးခွန်းတွေ မေးမယ်ဆိုပြီး ဆေးကုပြီး သူ့ကို ပြန်နှိပ်စက်။ ၂၂ ရက်နေ့ ည ၂ နာရီလောက်မှာပဲ အတည်ပြုလိုက်တာ။ အလောင်းကိုလည်း မတွေ့ရဘူး။ သူ့ရဲ့ မိသားစုတွေကိုလည်း အကြောင်းကြားခြင်း မရှိဘူး"

ဒီနေ့ ပါတီတည်ထောင်ခြင်း ၃၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် NLD ပါတီက ကြေညာချက် တစ်စောင် ထုတ်ပြန်ပြီး လွှတ်တော်အမတ်တွေ အပါအဝင် တစ်နိုင်ငံလုံးက ပါတီဝင်တွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ကြိုးပေးကွပ်မျက်တာ၊ နှစ်ရှည်ထောင်ချတာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းယူတာ၊ ပါတီရုံးတွေကို ချိတ်ပိတ်တားဆီးတာတွေ လုပ်နေပေမယ့် အန္တရာယ်မျိုးစုံ ကြားကပဲ နိုင်ငံရေးအင်အားစုတွေနဲ့ လက်တွဲပြီး နွေဦးတော်လှန်ရေးကို ဆက်လက်လုပ် ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

NLD ပါတီ ဗဟိုအလုပ်ကော်မဝင် ဦးကျော်ထွေးကတော့ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ ပါတီဝင်တွေရဲ့ စည်းလုံးညီညွတ်မှုကြောင့် NLD ပါတီဟာ အခုချိန်အထိ ရပ်တည်နိုင်ခဲ့ တာလို့ RFA ကို ပြောပါတယ်။

“အဓိက ပြည်သူလူထုထောက်ခံမှုနဲ့ သူတို့ပါတီဝင်ထုရဲ့ စည်းလုံးညီညွတ်မှု အင်အားပေါ့ နော်။ ပြီးတော့ ဒီအမှန်တရားအတွက် ရအောင်ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ခွန်အားတွေပေါ့ ဗျာ။ ဒါတွေကြောင့်တော့ အခုထက်ထိ တိမ်းရှောင်နေရင်းနဲ့ ပါတီဝင်ထု တစ်ရပ်လုံးက ဒီမိုကရေစီ ရှင်သန်ရေးပေါ့နော်။ ဒီပြည်သူ့အာဏာ ပြည်သူ့ ပြန်ရရေး လုပ်ငန်းစဉ်တွေ ကို ဆက်လက်ကြိုးပမ်း အားထုတ်နေကြတာဖြစ်ပါတယ်ဗျ”

စစ်ကောင်စီရဲ့ ဖိနှိပ်သတ်ဖြတ်မှု၊ ဖမ်းဆီးမှုတွေကြောင့် လွှတ်တော်အမတ်တွေ အပါအဝင် တစ်နိုင်ငံလုံးက ပါတီဝင် တစ်သိန်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စာရင်းအတိအကျ ကောက်ယူဖို့ ခက်ခဲနေဆဲလို့ ဦးကျော်ထွေးက ဆိုပါတယ်။ တစ်နိုင်ငံလုံး က မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် NLD ပါတီရုံးပေါင်း ငါးသောင်းကျော်လည်း မဖွင့်နိုင် ဘဲ ပိတ်ထားရတယ်လို့ ဦးကျော်ထွေးက ပြောပါတယ်။

ygn-protest.jpg
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီရုံးချုပ်ရှေ့တွင် NLD ပါတီ ထောက်ခံသူများ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဆန္ဒပြခဲ့စဉ်။ (Photo: RFA)

NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးအဖွဲ့ စာရင်းမှာ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် တွေ အပါအဝင် နိုင်ငံတစ်ဝန်းက ပါတီဝင် ၉၇၀ ကျော် အဖမ်းခံထားရပြီး အဲဒီအထဲမှာ လွှတ်တော် အမတ် ၁၀၃ ဦး ပါဝင်တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင်တွေကို အပြစ်ရှိလို့ အရေးယူတာ၊ NLD၊ NUG နဲ့ CRPH အဖွဲ့ဝင်တွေဟာ အကြမ်းဖက်မှုတွေလုပ်နေလို့ ဖမ်းဆီးအရေးယူတာလို့ မကြာခဏ တုံ့ပြန်ပြောဆိုပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်အစိုးရအဆက်ဆက်ကို တွန်းလှန်ခဲ့ တဲ့ NLD ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင်တွေရဲ့ မှန်ကန်တဲ့ရပ်တည်ချက် နဲ့ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်ခဲ့တာကြောင့် လူထုထောက်ခံမှုရပြီး ဆက်လက် ရပ်တည်နိုင်တာလို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ၊ NLD ပါတီ ရပ်တည်နိုင်တာဟာ သူတို့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံပေါ်မှာ ဒီမိုကရေစီလမ်းကြောင်းကို တည်ဆောက်မယ်ဆိုတဲ့ မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်ခဲ့တဲ့အတွက် လူထုက ထောက်ခံပြီးတော့ ဒီစစ်အစိုးရတွေရဲ့ ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်တဲ့အတွက် ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပွဲ နောက်ပိုင်းမှာ တော့ NLD ပါတီကို ချေမှုန်းဖို့ စစ်ကောင်စီက အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပါတယ်။ ခေါင်းဆောင်တွေကိုလည်း အရေးယူထားဆဲ ဖြစ်ပါတယ်”

လက်ရှိမှာတော့ NLD ခေါင်းဆောင်တချို့နဲ့ လူလတ်ပိုင်းတွေက ပါတီကို ဆက်လက် ဦးဆောင်နေပြီး စစ်ကောင်စီကို နိုင်ငံရေးနည်း၊ စစ်ရေးနည်း ပုံစံမျိုးစုံနဲ့ ဆန့်ကျင်တိုက်ပွဲ ဝင်နေသလို တစ်ဘက်မှာလည်း ပါတီဆက်လက် ရှင်သန်ရပ်တည်ရေးအတွက် ကြိုးစား ရုန်းကန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။