NLD အစိုးရသစ်အတွက် စိန်ခေါ်မှုအသစ်များ
2017.01.27
NLD အစိုးရသစ် တက်လာပြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မူတွေထဲမှာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် က ပြဿနာနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားဒေသတွေက ငြိမ်းချမ်းရေးကိစ္စဟာ အဓိကဖြစ်ပါတယ်။ အစိုးရသစ်အနေနဲ့ ဒီပြဿနာတွေကိုရှင်းဖို့ ကြိုးစားနေတာမှန်ပေမယ့် စိန်ခေါ်မှုအသစ်အသစ်တွေက ထွက်ပေါ်လာ မစဲဖြစ်ပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။
NLD အစိုးရသစ်တက်လာချိန်မှာ ပထမဦးစားပေးဟာ ငြိမ်းချမ်းရေးကို ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံမျိုးကို အကောင်အထည်ဖော်လိုက်ပါတယ်။ ဒါပေမဲ့ ၂၁ ပင်လုံ ညီလာခံ ကျင်းပနေချိန်မှာပဲ တိုက်ပွဲသံတွေ ကြားနေရပြီး လာမယ့် ဖေဖဝါရီလကုန်ပိုင်းမှာ ဒုတိယအကြိမ် ညီလာခံကို စမယ်လို့ ပြောဆိုနေချိန်မှာ၊ တပ်မတော်ဘက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကို အမြစ်ဖြတ်ဖို့ လုပ်နေသလားလို့ ထင်ရလောက်အောင် မြန်မာပြည်မြောက်ပိုင်းမှာ သဲကြီးမဲကြီး တိုက်ခိုက်နေ ပါတယ်။ ဒီကိစ္စကို လက်ခုတ်လက်ဝါးတီးပြီး အားပေးသူတွေရှိပေမယ့် ပြည်သူအများစုကတော့ စိတ်မသက် မသာ ဖြစ်နေကြရပါတယ်။
တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်ဘက်က အခြေအနေဟာလည်း အရွေ့အပြောင်း မြန်မြန်ပြောင်းလဲလို့ လာပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး လက်ညိုးထိုးစွပ်စွဲမူတွေ မြင်တွေ့လာရတာပါ။
မောင်တောမှာ အကြမ်းဖက်မူတွေဖြစ်ပွားတာနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ဒေသတွင်းဝင်ရောက်ပါတယ်။ ဒီအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာလို့ ပြည်သူအများနားလည်ပေမယ့် ပထမပိုင်းမှာ လူ ၂ သောင်းကျော် ဘင်္ဂလာဒေ့ရှ်ဘက်ကို ထွက်ပြေးတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။ ဒါဟာလုံခြုံရေးတပ်ဖွဲ့တွေက မဲမဲမြင်ရာကို ပစ်ခတ်နေလို့ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ အမျိုးသမီးတွေ မုဒိန်းကျင့်ခံရပါတယ်ဆိုတဲ့ စွပ်စွဲမူတွေလည်း ထွက်ပေါ်လာပါတယ်။ တချိန်တည်းမှာ ပြေးသွားတယ်ဆိုတဲ့ လူတွေ ၄ သောင်းကျော်ပြီဆိုတဲ့ သတင်းတွေထွက်လာသလို အခုနောက်ဆုံး ပြေးသွားသူ ၆ သောင်းကျော်လို့ ပြောနေကြတာဖြစ်ပါတယ်။
ဘင်္ဂလာဒေ့ရှ်ဘက်က လည်းသူတို့ဘက်ကို ပြေးလာသူတွေကို ပြန်လက်ခံဖို့ မြန်မာနိုင်ငံကို ဖိအားပေးနေသလို မလေးရှားလို နိုင်ငံမျိုးကလည်း အသံကျယ်ကျယ်နဲ့ အော်နေပါတယ်။ နောက်ပိုင်းမှာ OIC လို အစ္စလာမ္မစ်ကောင်စီပါ ပါဝင်လာပြီး ဖိအားတွေပေးလာပါတယ်။ ဒီအခြေမှာပြည်တွင်းက ဖိအားတွေလည်း ပေါ်လာပါတယ်။ နိုင်ငံရေးပါတီ ၁၅ ဖွဲ့ရဲ့ ပူးတွဲကြေညာချက်ဆိုတဲ့ ဒုတိယအကြိမ် ကြေညာချက်တစ်ခု ဇန်နဝါရီလ ၂၄ ရက်နေ့က ထွက်ပေါ်လာ ပါတယ်။ ကြေညာချက်မှာ အချက ်၆ အစိုးထံက တောင်းဆိုထားပါတယ်။ အဓိကကတော့ ရခိုင်ပြည်နယ်က အခြေအနေအပါအဝင် အမျိုးသားလုံခြုံရေးနဲ့ ဆိုင်တာတွေကို ကာလုံအဖွဲ့နဲ့ တိုင်ပင်ဆောင်ရွက်ဖို့ တောင်းဆိုတာပါ။ ထုတ်ပြန်တဲ့ကြေညာချက်နဲ့ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒေါက်တာ ဝင်းအောင်ကျော် ပြောတာက
“အဲလိုမျိုး လုပ်လိုက်တော့ စုပေါင်းပြီးဝိုင်းပြီးလုပ်ရင် အမှားနည်းတာပေါ့၊ ခုလိုမျိုး ဌာနတစ်ခုတည်းက လုပ်နေတယ်၊ ပုဂ္ဂိုလ်တစ်ဦး၊ တစ်ယောက်ကပဲ ဆောင်ရွက်နေမယ့်အစား အားလုံးစုပေါင်းပြီးမှ လုပ်မယ်၊ အခြေခံဥပဒေမှာလည်း လုပ်ကိုင်ဖို့အတွက် ပေးထားတာဖြစ်တာကြောင့် ဒီပေးထားချက်လေးကို သုံးစေချင်တာပေါ့ “
ဒီစာနဲ့ပတ်သက်ပြီး NLD ပါတီဘက်ကပြောတာတော့
“တရားဥပဒေစိုးမိုးရေးမလုပ်နိုင်ဘူး စီးပွားရေးလည်း ကျဆင်းနေတယ်၊ အကုန်လုံးပါပဲ၊ ဒီလိုဆိုးမြင်တဲ့ သူက လုပ်တဲ့ကြေညာချက်ပါပဲ၊ ဒီထက်ပိုဆိုးတာက သူတို့က ဒီလိုဖြစ်တဲ့အတွက်ကြောင့်ပေါ့ဗျာ၊ ကာလုံကိုခေါ်ပေးဖို့၊ ဒီဟာကိုပဲဦးတည်တာပေါ့၊ ဒါအကြိမ်ကြိမ် လူထုကို ချပြနေတာပဲ၊ ကျနော်တို့က လူထုကို မထေမဲ့မြင်မလုပ်ဘူးဗျာ၊ ကျနော်တို့ အကြပ်အတည်းရှိရင် ရှိတဲ့အတိုင်းပဲဝန်ခံပြီးတော့ ပွင့်လင်းမြင်သာစွာနဲ့ပဲ ကျနော်တို့ လုပ်နေတာပဲ၊ နောက်တစ်ခုကလည်း NLD နဲ့ တပ်မတော်နဲ့လည်း ဒီသဘောပါဘဲ“
NLD ပါတီ ပြန်ကြားရေးဌာနက မုံရွာအောင်ရှင် ပြောသွားတာပါ။ အလားတူ ဝေဖန်ရေးဆောင်းပါးရှင် စည်သူအောင်မြင့်ကလည်း တောင်းဆိုချက်စာဟာ တောင်းဆိုချက်ထက် စွပ်စွဲချက်တွေ များနေတယ် လို့ ပြောပါတယ်။
“စွပ်စွဲချက်တွေချည်းပဲ၊ အဓိကကတော့ ပထမတစ်ကြိမ်ကလည်း သူတို့ပြောပြီးပြီ၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ခေါ်ဖို့ဆိုပြီးမှ ဒါလည်း အဲဒီသဘောမျိုးပဲ၊ ရခိုင်ပြည်နယ်က ကိစ္စဆိုရင် သူကစွပ်စွဲ ထားတယ် အနောက်တံခါးမှာ ဝင်ရောက်လာမယ့် နိုင်ငံသားမဟုတ်သူများ အများအပြား ပြန်လည်လက်ခံ မယ့်သတင်းတွေဆိုတာဟာ ဒါကဘာမှလည်း အတည်ပြုထားတာမရှိ၊ ဘာမှမရှိတဲ့ အချက်အလက်ပေါ်မှာ မူတည်ပြီးမှ ကြေညာချက်ထုတ်တဲ့ သဘောဖြစ်သွားတယ်လေ၊ ကြေညာချက်ဆိုတာက မှန်ကန်တဲ့ အချက်တွေပေါ်မှာ အခြေပြုရမှာပေါ့ ဒီလိုမှမဟုတ်ဘဲ စွပ်စွဲချက်တွေနဲ့ ထုတ်ပြန်ကြေညာချက်ဆိုရင်တော့ မကောင်းဘူးပေါ့“
စည်သူအောင်မြင့် ပြောသွားတာပါ။ ဒါပေမဲ့ ANP ရခိုင်အမျိုးသားပါတီကတော့ ဒီစာမှာ သူတို့ပါတီ လက်မှတ်ရေး ထိုးထားခြင်းမရှိပေမယ့် သဘောထားတိုက်ဆိုင်မှု ရှိတယ်လို့ပြောပါတယ်။ အဖွဲ့ဥက္ကဌ ဒေါက်တာအေးမောင်ပြော တာက
“သိတဲ့အတိုင်းဘဲဗျ၊ ကျနော်တို့ အမျိုးသား လုံခြုံမှုနဲ့ အဓိက ဆက်စပ်တာက ရှေ့တန်းမှာ ကျနော်တို့ ရခိုင်လူထုရှိတာကို နိုင်ငံသား မူလအခွင့်အရေးဆိုတာကို မေ့ထားရင်၊ ဌာနေတိုင်းရင်းသားများရဲ့ အခွင့်အရေးဆိုတာကို မေ့ထားရင်၊ လာပြန်ပြီဆိုတာနဲ့ ဘာနဲ့စလဲဆိုရင် ရခိုင်ပြည်နယ်မှာရှိတဲ့ Communities ၂ ခုဆိုတာနဲ့ စလာတယ်၊ အစိုးရချဉ်းကပ်မှုနဲ့ ကျနော်တို့ ချဉ်းကပ်မှုမတူဘူး၊ ဒီဘက် ၁၅ ပါတီဘက်က သုံးသပ်ပုံလေးတွေက ကျနော်တို့နဲ့တော့ သဘောထားတိုက်ဆိုင်မှုလေးတွေတော့ ရှိပါတယ်“
တဆက်တည်း မောင်တောပြဿနာကို ပြည်ထောင်စုပြဿနာအဖြစ် မြင်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
“အစိုးရဟာ လိမ်လိမ္မာလေးနဲ့ အမျိုးသား အကျိုစီးပွားနဲ့ အမျိုးသားလုံခြုံမှုကို လူ့အခွင့်အရေးထက် ပိုပြီးရှေ့တန်းတင်သင့်တယ်၊ နိုင်ငံဒေသ လုံခြုံမှုရှိအောင် ဘာလုပ်သင့်သလဲ၊ ခြံစည်းရိုးကာတာကအစ နယ်ခြားစောင့်တဲ့ ဝန်ထမ်းတွေကို တာဝန်လုပ်ပိုင်ခွင့်အပြည့်အ၀ ဥပဒေအရ အပ်နှင်းထားဖို့လိုပါတယ် ။ မောင်တောဒေသဟာ ရခိုင်ပြဿနာမဟုတ်ဘူး၊ ပြည်ထောင်စုပြဿနာဆိုတဲ့ အမြင်လေးကို ရှေ့ကို ဘယ်လိုဖြေရှင်းရင် ကောင်းမလဲဆိုတဲ့ တိုင်းရင်းသားအားလုံးရဲ့အမြင် အထူးသဖြင့် ရှေ့တန်းမှာရှိတဲ့ ရခိုင်တွေရဲ့အမြင် ရခိုင်အမျိုးသားပါတီရဲ့ သဘောထားကို အုပ်ချုပ်တဲ့ ဒေသဆိုင်ရာအစိုးရ ပြည်ထောင်စု အစိုးရက ညိုနှိုင်းတိုင်ပင်မှုကတော့ လုပ်သင့်တယ်ဗျ၊ ခုဟာတော့ ကိုယ့်ဟာကိုယ်လုပ်နိုင်တယ်ဆိုတာနဲ့ သွားတဲ့အခါမှာ ကျနော်တို့ကတော့ ဘာမှမဝေဖန်လိုပါဘူး၊ ကျနော်တို့က ရပ်တည်ချက်ကိုတော့ အမြဲတမ်းထုတ်ပြန်ပါတယ်“
ဒေါက်တာအေးမောင် ပြောသွားတာပါ။
လက်ရှိမှာထင်ရှားနေတာကတော့ အစိုးရသစ်မှာ ဘက်ပေါင်းစုံ ဖိအားပေးတာတွေခံနေရပြီး ဒီဖိအားတွေကို တွန်းလှန်ဖို့ အင်ပြည့်အားပြည့်ရှိပါရဲ့လားဆိုတဲ့ သံသယတွေဝင်လာနေစေပါတယ်။ တကယ်က ပြောင်းလဲနိုင်ခြင်း မရှိသေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြဿနာအားလုံးရဲ့ အဖြေဖြစ်တယ်လို့ ယူဆနေကြသူတွေ အများ အပြားရှိပါတယ်ခင်ဗျား။