NLD အစိုးရရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံချက်ကို ဝေဖန်မှုတွေရှိနေ
2019.02.04
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်မယ်လို့ ပြောဆိုခဲ့တဲ့ NLD အစိုးရလက်ထက်မှာ ညွှန်ကြားရေးမှူးချုပ် တစ်ဦးအပါအဝင် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ ဥပဒေဝန်ထမ်းတချို့ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အရေးယူဆောင်ရွက်နေတာတွေရှိပေမယ့် အဂတိရှိတယ်လို့ ကျော်ဇော သတင်းတွေ ထွက်နေတဲ့ NLD ပါတီဝင် အစိုးရအဖွဲ့ဝင်တချို့နဲ့ ဥပဒေပြုရေးကဏ္ဍက လူပုဂ္ဂိုလ်တွေကိုတော့ အရေးယူတာ မတေ့ွရဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
လက်ရှိ အစိုးရဖွဲ့ပြီး ၃ နှစ်ကျော်အကြာမှာ NLD အစိုးရရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး စီမံချက်ဟာ ဘယ်လောက် ခရီးရောက်ပါပြီလဲ။
နိုင်ငံရေးလေ့လာသူတွေရဲ့ ရှုမြင်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~
NLD အစိုးရရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံချက်ကို ဝေဖန်မှုတွေရှိနေ
(ဝေမာထွန်း)
■ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ပြီးလို့ အစိုးရမဖွဲ့ခင်၊ လွှတ်တော်တွေပြန်မစတင်ခင်ကတည်းက NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို အဂတိလိုက်စား မှုတွေရှိရင် ပါတီက ကာကွယ်ပေးမှာမဟုတ်ဘဲ ထောင်ဝင်စာသာ လာတွေ့နိုင်မယ်လို့ သတိပေးခဲ့ပါတယ်။
အစိုးရဖွဲ့ပြီးနောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် က အစိုးရအဆင့်ဆင့် အဂတိလိုက်စားမှုတွေရှိရင် မတရား တာလုပ်ရင် ဘယ်သူ့ကိုမှမကြောက်ဘဲ တိုင်တန်းကြဖို့၊ ဗဟိုအစိုးရက အောက်ခြေအစိုးရတွေရဲ့အကြောင်းကို မသိနိုင်တာကြောင့် ပြည်သူတွေတိုင်မှ သိမှာဖြစ်တယ်လို့ အများပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေမှာ ပြောနေဆဲပါ။
အစိုးရသက်တမ်း ၃ နှစ်တာကာလအတွင်းမှာ တချို့သော ပြည်ထောင်စုဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်အကြီးအကဲတွေဟာ အဂတိလိုက်စားမှုတွေ ရှိနေတယ်ဆိုပြီး ပြည်သူတွေရဲ့ တိုင်ကြားမှုတွေရှိခဲ့သလို ကျော်ဇောသတင်းထွက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ဒီအပေါ် အစိုးရနဲ့အဂတိလိုက်စားမှု တိုက်ဖျတ်ရေးကော်မရှင်တို့က ဘယ်လိုစစ်ဆေး အရေးယူ ဆောင်ရွက်မှုတွေ ရှိခဲ့ပါသလဲ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမြအေးက သူရှုမြင်ချက်ကို အခုလို ပြောပါတယ်။
“ဥပမာ အရင်ဝန်ကြီးဟောင်း ဦးကျော်ဝင်းကိစ္စဆိုရင် တော်တော်ကို အသံထွက်တာ။ ဝန်ကြီးသာ ပြောင်းသွား တယ် ဘာမှအရေးယူဆောင်ရွက်မှု မရှိတဲ့အပြင် အဂတိလိုက်စားမှုမရှိဘူးဆိုတဲ့ ပုံစံမျိုးတောင် ပြန်ဖြစ်လာတော့ အဲဒါတွေကို မချင့်မရဲဖြစ်မိတယ်။ ကြိုက်လဲမကြိုက်ပါဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးက လက်တွေ့မှာ အခက်အခဲအများကြီးရှိတယ်။ ထင်သလောက်တော့ ခရီးမရောက်ဘူးလို့ ထင်တယ်။ အဂတိလိုက်စားမှုကို တိုက်ဖျတ်မယ်ဆိုတာကတော့ အားလုံးက ကြိုက်တာပေါ့။ တကယ်တမ်း အောက်ခြေကိုပဲ သွားထိတာတော့ အဓိပ္ပါယ်သိပ်မရှိဘူးလို့ မြင်တယ်။ Package တစ်ခုလုံးကို စီမံခန့်ခွဲမှု အရမ်းအားနည်းတယ်လို့ မြင်တယ်”
NLD ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကတော့ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ အပြောင်း အရွှေ့လုပ်ခဲ့တာတွေဟာ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး အရေးယူခဲ့တာတွေ ဖြစ်တယ်လို့ ပြောပါတယ်။
“ကြီးတာငယ်တာ မရှောင်ဘူး၊ ကိုယ်နဲ့ သိတာကျွမ်းတာ မရှောင်ဘူး။ လက်တွေ့အရေးယူတာတွေ ရှိပါတယ်။ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ အပြောင်းအရွှေ့လုပ်တာတွေဟာ အဲဒါတွေဟာ အဂတိနဲ့ ပတ်သက်ပြီးလုပ်ခဲ့ကြတာပါ။ အဂတိနဲ့ပတ်သက်ပြီး အန်အယ်ဒီရဲ့ ရပ်တည်ချက်က ရွေ့မသွားဘူးလို့ပဲ ကျနော် ပြောချင်ပါတယ်”
အဲဒီလို အပြောင်းအရွှေ့လုပ်တာတွေဟာ လုံလောက်တဲ့ အရေးယူမှုမျိုးမဟုတ်ဘဲ ကိုယ့်လူကိုယ် ကာကွယ်ပေး ရာရောက်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ပါတီဘက်က ထိရောက်တဲ့အရေးယူမှုမျိုး မလုပ်နိုင်တဲ့အခါ အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ ကော်မရှင်ဘက် ကလည်း အရေးယူဆောင်ရွက်တာ မရှိတဲ့အပေါ် ဝေဖန်ကြပါတယ်။
“အဲဒီတော့ အစိုးရတစ်ရပ်ရဲ့ လွှမ်းမိုးမှုဆိုတာက အစိုးရကိုယ်တိုင်က ဦးဆောင်ပြီးဖွဲ့စည်းပေးထားတဲ့ အဖွဲ့အစည်းတွေပဲ ဘယ်လိုလုပ် လွတ်ကင်းမှာပဲ။ ဥပမာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ကိုယ်တိုင်သည်ပင် လွတ်လပ်တဲ့အခြေအနေမှ မရှိတာ။ ကျနော်က အဲဒီလိုပဲ သုံးသပ်ပါတယ်” ဦးမြအေး ပြောသွားတာပါ။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကေ်ာမရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ရဲ့ ငါးကြီးကြီး ကြော်ပြမယ်ဆိုပြီး ပြောကြား ချက်ကြောင့် ကော်မရှင်နဲ့ ကော်မရှင် ဥက္ကဋ္ဌအပေါ် လူထုစိတ်ဝင်စားမှု မြင့်တက်ခဲ့ပေမယ့် တကယ့်လက်တွေ့ မှာတော့ လက်ရှိအာဏာရပါတီနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ နှုတ်ဆိတ်နေတယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။ ဒီလိုဝေဖန်ထောက်ပြမှုတွေနဲ့ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
လက်ရှိမှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတွေ ရှိတယ်ဆိုပြီး ဒေသခံတွေက ပါတီဗဟိုထံ တိုင်ကြားစာပေးပို့ထားတာတွေ ရှိနေပါတယ်။ ဒေါ်လဲ့လဲ့မော်က ခင်ပွန်းဖြစ်သူရဲ့ တူမကို ကိုယ်ရေး အရာရှိ ခန့်အပ်တာ၊ တူမရဲ့ ခင်ပွန်းဖြစ်သူ လုပ်ကိုင်နေတဲ့ GGS ကုမ္ပဏီကို ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ် ရောင်းချခွင့်ပေးခဲ့တာ၊ ထားဝယ်လေယာဉ်ကွင်းက ချုံတွေခုတ်ထွင်ရှင်းလင်းရာမှာ တိုင်းအစိုးရက ကျပ် သိန်း ၄၀၀၀ အသုံးပြုခဲ့တာတွေရှိတယ်ဆိုပြီး ဒေသအခြေစိုက် သတင်းမီဒီယာတွေက ထောက်ပြရေးသားချက်တွေ ရှိလာပါတယ်။
အဂတိလိုက်စားမှုဥပဒေအရ ကျော်ဇောသတင်းထွက်လာရင် ကော်မရှင်ဘက်က စုံစမ်းစစ်ဆေးဖို့ လိုတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ထောက်ပြပါတယ်။
“လက်ရှိ အစိုးရရဲ့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနောက် လွှတ်တော် ကိုယ်စားလှယ်တွေ ပါတီရဲ့ ခေါင်းဆောင် ပိုင်းကို စောင့်ကြည့်မှုကတော့ အင်မတန်မှ အားနည်းတယ်လို့မြင်တယ်၊ သိသာမြင်သာ တာကတော့ အခုလတ်တလောပေ့ါလေ တနင်္သာရီတိုင်း အစိုးရနဲ့ ပတ်သက်တဲ့ အစိုးရပိုင်းကရော ပါတီပိုင်းကရော လိုအပ်ချက်တွေ ရှိနေတာကို ပေါ်လွင်စေတယ်ပေါ့၊ ဥပမာ နောက်ဆုံးပြင်လိုက်တဲ့ အဂတိလိုက်စားမှု ဥပဒေအရဆိုရင် သတင်းမီဒီယာမှာပဲဖြစ်ဖြစ်၊ လူမှုကွန်ရက်စာမျက်နှာမှာပဲဖြစ်ဖြစ် သတင်းကြီးလာတယ်ဆိုရင် ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ ခွင့်ပြုထားတာတွေ့ရတယ်၊ သို့သော် တကယ့်လက်တွေ့ အနေအထားမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟာ အတော်လေးကို အားနည်းနေတာကို တွေ့ရတယ်”
တချိန်တည်းမှာလည်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် နဲ့ပတ်သက်တဲ့ တိုင်ကြားစာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ ရောက်ရှိနေတယ်လို့ သိရပါတယ်။
အဂတိလိုက်စားမှုတွေရှိတယ်ဆိုပြီး သတင်းတွေထွက်ခဲ့တဲ့ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို တာဝန်ကနေရပ်စဲတာ၊ နုတ်ထွက်ခွင့်ပြုတာတွေလောက်သာ ပြည်သူတွေသိခဲ့ရပြီး အမှန်တကယ် အဂတိလိုက်စားမှုတွေရှိ၊ မရှိဆိုတာကို အစိုးရနဲ့ ကော်မရှင်ဘက်က ထုတ်ပြန်ကြေညာတာ မရှိတဲ့အပေါ် ထောက်ပြမှုတွေလည်းရှိပါတယ်။
ဒီထောက်ပြချက်တွေနဲ့ ပတ်သက်လို့ NLD ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်က---
“ဒီသုံးသပ်ချက်ကလေ ကျနော်ကတော့ မငြင်းပါဘူး။ ပါတီကအရေးယူတာ၊နောက်ပြီး လွှတ်တော်ရေးရာက အရေးယူတဲ့ကိစ္စတွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီကို ဆက်ပြီးတော့ အရေးယူဖို့ကိစ္စတွေ ရှိပါတယ်။ ထင်ထင်ရှားရှားဖွင့်ပြီး ထုတ်ဖော်ပြောတာမျိုးကတော့ မတွေ့ရသေးဘူးပေါ့။ အချင်းချင်းမို့ သိုသိုသိပ်သိပ်လုပ်တာမျိုး၊ ဟုတ်ချင်မှဟုတ်မှာပါ။ တချိန်မှာ ဒီကိစ္စတွေဟာ ပြည်သူလူထုကို ချပြမယ့် အနေအထားတွေရှိလာမယ့် အနေအထားတွေ ရှိလာမယ်လို့လည်း ကျနော်တော့ ယူဆပါတယ်"
ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ဝင်တွေရဲ့ အဂတိလိုက်စားမှုတွေကို ကြောက်လို့မတိုင်ဘူးဆိုရင် ကိုယ်ကိုယ်တိုင် အားပေးသလိုဖြစ်မယ်လို့ ပြည်သူတွေကို သူမက သတိပေးဖူးတာရှိပါတယ်။ ဒါပေမဲ့ တိုင်ကြားမှုတွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲ အရေးယူမှုတွေအပေါ်မှာ ကျေနပ်အားရစရာမရှိဘူးဆိုပြီးလည်း ပြောကြပါတယ်။
နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေကတော့ အစိုးရအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အကောင် အထည်ဖော်ရာမှာ အောက်ခြေပိုင်းကို ဖိအားပေးတာထက် အစိုးရဌာနဆိုင်ရာ အဆင့်ဆင့်ကို သင့်တင့်တဲ့ လစာနှုန်းထားတွေ စီမံပေးပြီး ကြပ်မတ်ဖို့လိုကြောင်း၊ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေကို ဦးစားပေးစောင့်ကြည့် သင့်တယ်လို့ ထောက်ပြကြပါတယ်ရှင်။