မြို့တော်ခန်းမအနီးအကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုအပေါ် လွှတ်တော်အမတ်တွေအမြင်
2015.03.07
ရန်ကုန်မြို့တော်ခန်းမအနီးဆန္ဒပြ ကျောင်းသူ၊ ကျောင်းသားတွေကို ရဲတပ်ဖွဲ့နဲ့ အရပ်ဝတ်လူအုပ်စုက ရိုက်နှက် ဖမ်းဆီးခဲ့တဲ့အပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဌေးဦး၊ သူရ ဦးအောင်ကိုနဲ့ ဦးသိန်းညွန့်တို့ရဲ့အမြင်သဘောထား မှတ်ချက်တွေကို RFA သတင်းထောက် ကိုကျော်သူတင်ပြ ထားတာ နားဆင်နိုင်ပါတယ်။
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မနေ့က ကျောင်းသူ ကျောင်းသားတွေကို ရိုက်နှက်ဖမ်းဆီးရာမှာ တာဝန်၊ စည်းကမ်း ဆိုပြီး စာတမ်းတွေပါတဲ့ အရပ်ဝတ်လူအုပ်စုကို အသုံးပြုပြီး ရဲတပ်ဖွဲ့နဲ့အတူ ရိုက်နှက်ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်အင်အားနဲ့ အရပ်ဝတ်လူအင်အားက တစ်ဝက်စီလောက်ရှိမယ်လို့ ခန့်မှန်းရပြီး စုစုပေါင်းအင်အား ၂ဝဝ နီးပါးလောက်ရှိခဲ့ပါတယ်၊ အရပ်ဝတ်တွေက ရိုက်နှက်ဖမ်းဆီးတာဟာ အရင်ကရှိခဲ့တဲ့ စွမ်းအားရှင်တွေလိုမျိုး တူနေ တဲ့အတွက် အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုအပေါ် ဝေဖန်မှုတွေဖြစ်နေမပါတယ်။
အရပ်ဝတ်တွေကို ဘယ်သူကတာဝန်ပေးပြီး ခိုင်းစေတာလဲဆိုတာကို မေးခွန်းထုတ်နေကြပါတယ်၊ ဒေါ်အောင်ဆန်း စုကြည်က မီဒီယာတွေအနေနဲ့ အဲ့ဒီအရပ်ဝတ်တွေ ဘယ်သူဆိုတာကို ဖော်ထုတ်ရမယ့် တာဝန်ရှိကြောင်းပြော ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။တကယ်တော့နော် မီဒီယာတွေရဲ့တာဝန်ဆိုတာ ဒီလူတွေကဇစ်မြစ်က ဘာလဲဆိုတာရှာဖွေပေါ့၊ အမေတို့ကိုလာမေးနေလို့ အမေတို့က သိတာမဟုတ်ဘူး၊ မသိတဲ့လူကိုမမေးပဲနဲ့ အဲ့ဒီ ဟာကိုလိုက်ရမှာပဲ ဒါမီဒီယာတွေရဲ့တာဝန်ပဲ၊ သက်ဆိုင်တဲ့လူတွေကို လိုက်ပြီးတော့မေးရင် ဒီလူတွေကဘယ်ကလဲ၊ ဘယ်လူတွေခိုင်းလို့လုပ်တာလဲ၊ ဒါသားတို့တွေရဲ့တာဝန်ပဲ၊ မီဒီယာဆိုတာဟာ သတင်းရဲ့ဇစ်မြစ်ကိုလိုက်ရမှာ အခု အမေတို့ကို လာမေးနေတော့ အမေတို့က မီဒီယာပြောသလောက်ပဲသိတာ အမှန်ပြောရလို့ရှိရင်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဌေးဦးက အေးအေးချမ်းချမ်းဖြစ်ဖို့အတွက် ညှိနှိုင်းဆောင်ရွက် ရမှာဖြစ်ကြောင်းနဲ့ လွှတ်တော်မှာပညာရေးဥပဒေ ရောက်နေပြီဖြစ်တာကြောင့် စောင့်ကြည့်ကြဖို့ပြောပါတယ်။
ဦးဌေးဦး။ ။ကျနော်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်ပေါ့၊ ဘာပဲပြောပြော ဘယ်အလုပ်ကိုပဲလုပ် လုပ် အေးအေးချမ်းချမ်းနဲ့ဖြစ်တယ်ဆိုရင် အကောင်းဆုံးပါပဲ၊ အေးအေးချမ်းချမ်းနဲ့ဖြစ်နိုင်ဖို့ဆိုတာ ညှိနှိုင်းဆောင် ရွက်မှုဆိုတဲ့ဥစ္စာလည်း ရှိကြတာပဲ၊ သူ့ဘက်ကိုယ့်ဘက်ရှိကြတာချည်းပဲလေ၊ သူ့ဘက်ကိုယ့်ဘက်ရှိကြတယ် ဆိုတာကို ညှိနှိုင်းပေါ့၊ ပညာရေးနဲ့ပတ်သက်လို့ ပညာရေးဥပဒေကဖြစ်တယ်ဆိုရင်လည်း ပညာရေးဥပဒေက အခုလွှတ်တော်ကိုရောက်နေပြီ၊ အမျိုးသားလွှတ်တော်ကို ရောက်နေပြီပဲ၊ ရောက်နေတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ဒီအပေါ်မှာပဲစောင့်ကြည်ရမှာပဲလေ၊ လွှတ်တော်ကို လွှဲထားပြီးပြီပဲ။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက အစိုးရက အင်အားသုံးဖြိုခွင်းတာဟာ ဒီမိုကရေစီစနစ်နဲ့ ညီမညီကို ပြန်သုံးသပ်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။
သူရဦးအောင်ကို။ ။မနေ့ကဖြစ်စဉ်မှာ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့အနေနဲ့ ဘေးမှာရှိနေတယ်၊ ရှိနေပြီးမှ လက်ပတ်အနီတွေဝတ်ထားတဲ့ တချို့လည်း ဘောင်းဘီ တိုတွေပါတယ်လို့ ပြောပါတယ်နော်၊ အမည်မသိ လူစုလူဝေးကနေပြီးတော့မှ ဆန္ဒထုတ်ဖော်နေတဲ့ ကျောင်းသား လူငယ်အဖွဲ့အစည်းတွေကို အင်အားသုံးပြီးတော့မှ ဝင်ရောက်ရိုက်နှက်ကာ လူစုခွဲခြင်းကတော့ တရားဥပဒေနဲ့ ညီညွတ်မှုရှိမရှိကို ဒါတော့ ဥပဒေပညာရှင်များအပိုင်းကနေ သုံးသပ်ဖို့လိုမယ်လို့ ပြောကြားလိုပါတယ်။
အင်္ဂလိပ်လက်ထက်ကတည်းက ရှိနေခဲ့တဲ့ဥပဒေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကိုင်တွယ်ဖြေရှင်း တာဖြစ်ကြောင်းလည်း ပြောကြပါတယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ရှေ့နေတစ်ဦးလည်းဖြစ်သူ ဦးသိန်းညွန့်က အဲ့ဒီဥပဒေကို လွှတ်တော်မှာပြင်ဖို့ တိုက်တွန်းပါတယ်။
ဦးသိန်းညွန့်။ ။ တည်ဆဲဥပဒေနဲ့ပြောရင်တော့ ဥပဒေပြဌာန်းချက်အတိုင်း ကျနော်တို့ပြောရအောင် ဒီဥပဒေဟာ လူထုကိုဖိနှိပ်တဲ့နေရာမှာ သုံးလို့ရတဲ့ဟာမျိုးဖြစ်နေတယ်၊ အသုံးတည့်နေတယ်ဆိုရင် အဲ့ဒီအပိုဒ်တွေကို အမြန်ဆုံးပြင်ပြီးတော့ ပြည်သူလူထုအပေါ်မှာ အခုလိုအဖြစ်အပျက်မျိုးပေါ့ မဖြစ်ရအောင်တားဆီးနိုင်ဖို့ လိုပါတယ်၊ အဲ့ဒီတော့ တရားဥပဒေဘောင်အတွင်းက ငြိမ်းချမ်းစွာဖြေရှင်းမယ်ဆိုရင်တော့ ဥပဒေကိုပြင်သင့်တဲ့အချိန် မှာ ပြင်ကြဖို့လိုပါတယ်။
ဒီကနေ့ လက်ပံတန်းမြို့မှာ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသား ၅ ယောက်ဟာ လက်ပံတန်းမြို့ထဲကိုသွားပြီး ဆန္ဒပြစဉ်မှာလည်း ရဲတပ်ဖွဲ့နဲ့ အရပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်ခင်ဗျာ။