လူမျိုးစု လက်နက်ကိုင်တွေအကြား ညီညွတ်ရေးရဖို့ ဆွေးနွေး

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ထိပ်သီးခေါင်းဆောင်တွေရဲ့ ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေ ပါတယ်။၂၀၁၉ ခုနှစ်ကတည်းက မပြီးပြတ်ခဲ့တဲ့ စတုတ္ထအကြိမ် ထိပ်သီးညီလာခံရဲ့ ဒုတိယပိုင်းအနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင်ကျင်းပသည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအဝေးမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး နှင့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာ တို့ကို တွေ့ရစဥ် Photo: NCA-S EAO

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ထိပ်သီးခေါင်းဆောင်တွေရဲ့ ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေ ပါတယ်။၂၀၁၉ ခုနှစ်ကတည်းက မပြီးပြတ်ခဲ့တဲ့ စတုတ္ထအကြိမ် ထိပ်သီးညီလာခံရဲ့ ဒုတိယပိုင်းအနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။ ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ် - ၁၉ ကူးစက်ပျံ့နှံ့မှုနဲ့ စစ်အာဏာသိမ်းမှု အကျပ်အတည်းတွေကြောင့် သုံးနှစ် နီးပါးကြာမှ ပြန်လည်ကျင်းပနိုင်တာလည်း ဖြစ်ပါတယ်။

မတ်လ ၂၉ ရက်ကနေ ဧပြီလ ၂ ရက်အထိ ၅ ရက်ကြာကျင်းပနေတဲ့ ဒီညီလာခံမှာ စစ်အာဏာသိမ်းမှု အကျပ် အတည်းကို ကျော်လွှားနိုင်ရေး နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခု ချမှတ်ဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေအကြား ပြန်လည်စုဖွဲ့သွားဖို့ ရည်ရွယ်ထားတယ်လို့ ညီလာခံရဲ့ ပြောရေးဆိုခွင့်ရှိသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောပါတယ်။

“ညီလာခံ ရည်ရွယ်ချက်မှာတော့ အဓိက ကတော့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် နိုင်ငံရေးအစီအစဉ်တစ်ခု ဒီညီလာခံမှာ တင်ပြအတည်ပြုနိုင်ဖို့ ရည်ရွယ်ထားတယ်။ နောက်တစ်ခုက စုဖွဲ့မှုပေါ့။ အဲဒီစုဖွဲ့မှုကို လက်တွေ့အခြေအနေနဲ့ ကိုက်ညီပြီး လိုအပ်သလို ပြင်ဆင်ပြောင်းလဲသွားဖို့ ကျနော်တို့ ရည်ရွယ်ထား တာပေါ့။ နောက်တစ်ခုကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးရဲ့ စုစည်းရေး၊ ညီညွတ်ရေးပေါ့”

ဒီညီလာခံမှာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်း ဆောင်တွေ တက်ရောက် ဆွေးနွေးနေတယ်ဆိုပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကရင် အမျိုးသားအစည်းအရုံး (KNU) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကတော့ ဒီညီလာခံကို မတက်ပါဘူး။

မနေ့က ညီလာခံဖွင့်ပွဲမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး မိန့်ခွန်းပြောခဲ့ပေမယ့် အဖွဲ့အစည်းကို ကိုယ်စား မပြုဘူးလို့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

KNU ဗဟိုနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပဒိုစောတောနီးက ညီလာခံမတက်တာဟာ KNU ရဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမူဝါဒကြောင့်လို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ ကိုယ့်မူဝါဒရှိထားပြီးသားလေ၊ အဲဒါကို အခိုင်အမာရပ်တည်တယ်။ စစ်အာဏာရှင် ဆန့်ကျင် တဲ့သူတွေနဲ့ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ် ကိုင်စွဲ ထားတဲ့သူတွေနဲ့ အပြတ်အသတ် စစ်မြေပြင်မှာရော၊ နိုင်ငံရေးနယ်ပယ်မှာရော နယ် ပယ်အစုံမှာပါ ကျနော်တို့ရင်ဆိုင်နေကြတယ်။ အဲဒါကတော့ ကျနော်တို့ရဲ့ ထူးခြား ချက်ပေါ့။ ဒီထက်ပိုပြီး သူတို့နဲ့ ပတ်သက်တဲ့ဟာ ကျနော်တို့ပြောလို့မရဘူး။ အဲဒါကြောင့် ဒီကနေ့ ကျင်းပနေတဲ့ ပွဲမှာ ကျနော်တို့ မတက်ရောက်နိုင်တာလည်းပါတာပေါ့”

ညီလာခံမတက်တဲ့ကိစ္စ ချင်းအမျိုးသားတပ်ဦး (CNF) ခေါင်းဆောင်တွေကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။ ညီလာခံတက်နေတဲ့ တိုင်းရင်းသားလက်နက် ကိုင် ခေါင်းဆောင်တွေကလည်း KNU နဲ့ CNF ညီလာခံမတက်တဲ့ကိစ္စ ထုတ်ပြောဖို့ ငြင်းပါတယ်။

အပစ်ရပ် ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဟာ စစ်အာဏာ သိမ်းပြီးနောက် ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး ကိစ္စတွေအတွက် စစ်တပ်နဲ့ မဆွေး နွေးဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ KNU နဲ့ CNF က လွဲပြီး ကျန်တဲ့ ရှစ်ဖွဲ့ဟာ စစ်ကောင် စီနဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ခဲ့တာကြောင့် PPST ထဲမှာ သဘောထားကွဲလွဲမှု တွေ ဖြစ်ခဲ့ပါတယ်။

အခုကျင်းပနေတဲ့ ထိပ်သီးညီလာခံမှာ NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပါဝင်တဲ့ တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းနိုင်ရေးကိုလည်း ရည်ရွယ်ထား တယ်လို့ ညီလာခံတက်ရောက်သူတွေက ပြောပါတယ်။

"လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် နိုင်ငံရေးအစီအစဉ်တစ်ခု ဒီညီလာခံမှာ တင်ပြအတည်ပြုနိုင်ဖို့ ရည်ရွယ်ထားတယ်"

ဖက်ဒရယ်စီမိုကရေစီနိုင်ငံ ထူထောင်ရေးရည်မှန်းချက်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ယေဘုယျ တူညီတဲ့အတွက် နိုင်ငံရေးအရ စုစည်းညီညွတ်ဖို့ မခက်ခဲဘူးဆိုပေမယ့် စစ်အာဏာသိမ်းမှုကို တုံ့ပြန်ရာမှာတော့ စစ်ရေးနည်းလမ်းအပေါ် သဘောထားကွဲလွဲမှု ကြီးကြီးမားမား ရှိတယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ခူးဒယ်နီယာက ပြောပါတယ်။

“နိုင်ငံရေးဦးတည်ချက်က တူနေကြတာရှိတယ်လေ။ ဥပမာ - ဖက်ဒရယ်နိုင်ငံ ထူထောင် မယ် စသဖြင့်ပေါ့။ အဲဒါတွေက ခပ်များများဆင်နေကြတယ်။ အဲတော့ နိုင်ငံရေးစုဖွဲ့မှု အနေနဲ့က သွားလို့ရတယ်။ သို့သော် စစ်ရေးမှာကတော့ မရဘူး။ ကျနော်တို့လည်း ပါမှာမဟုတ်ဘူး။ တိုက်တဲ့သူနဲ့ မတိုက်တဲ့သူနဲ့ သွားပြီး အတူတူနေလို့မရဘူး”

စစ်အုပ်ချုပ်ရေးသက်ဆိုးရှည်ခဲ့တာဟာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအကြား ညီညွတ်မှု မရှိခဲ့တာကြောင့်လို့ ယုံကြည်တဲ့အတွက် လက်ရှိအချိန်ဟာ အားလုံးအကြား စုစည်းညီညွတ်ဖို့ အလိုအပ်ဆုံးအချိန်ဖြစ်တယ်လို့ ခူးဒယ်နီယာက ဆိုပါတယ်။

တကယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ စစ်အာဏာသိမ်းမှုကို စစ်ရေး ၊ နိုင်ငံရေး နှစ်မျိုးစလုံးနဲ့ တညီတညွတ်တည်း တုံ့ပြန်နိုင်မယ်ဆိုရင် မြန်မြန်ဆန်ဆန် အောင်မြင်လိမ့်မယ်လို့လည်း ခူးဒယ်နီယာက ပြောပါတယ်။

NCA မှာ လက်မှတ်မထိုးထားတဲ့ KNPP ဟာ ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသတချို့မှာ စစ်ကောင်စီ တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင်ကျင်းပသည့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအဝေး တက်ရောက်လာသူများကို တွေ့ရစဥ် (Photo: NCA-S EAO)

စစ်ကောင်စီနဲ့ စေ့စပ်ဖို့ ဆုံးဖြတ်ခဲ့ရင်တော့ ဒါဟာ စစ်တပ်ရဲ့ နိုင်ငံရေးကို အလုပ်အကျွေး ပြုတာပဲလို့ နိုင်ငံရေး အကဲခတ် ဦးသန်းစိုးနိုင်က မှတ်ချက်ပေးပါတယ်။

“နိုင်ငံရေးအရ ဒီနေ့ စစ်ကောင်စီက ဆွေးနွေးထားတဲ့အဖွဲ့နဲ့ ဆွေးနွေးမယ်ဆိုရင် စစ်ကောင်စီရဲ့ နိုင်ငံရေးကို အလုပ်အကျွေးပြုတာပဲဖြစ်မှာပေါ့။ စစ်ကောင်စီမှာ ရည်မှန်းချက်တွေရှိတယ်။ အဲဒီရည်မှန်းချက်တွေအားလုံးရဲ့ ဦးတည်ချက်ကတော့ အချုပ်ပြောရရင် စစ်တပ်က မြန်မာပြည်နိုင်ငံရေးမှာ ဆက်ပြီးလွှမ်းမိုးပြီး ချုပ်ကိုင်ထား မယ့် အနေအထားကို အလုပ်အကျွေးပြုရမယ့် လမ်းကြောင်းဖြစ်ပါတယ်။ အဲဒီလမ်း ကြောင်းကို ပြည်သူတွေက လက်မခံကြပါဘူး”

ညီလာခံအတွင်း အဓိက ဆွေးနွေးနေတဲ့ အဖွဲ့အစည်းတွေက ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC) ၊ ပအို၀်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA) ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org