နေပူတောင် မာဘယ်လ် စီမံကိန်းကို ရပ်ဆိုင်းပေး ဖို့ တောင်ကုတ်မြို့မှာ ဆန္ဒပြ
2014.12.28
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ဗီယက်နမ်ကုမ္ပဏီတစ်ခုက အကောင်အထည်ဖော်နေတဲ့ နေပူတောင် မာဘယ်လ် အလှဆင်ကျောက်ထုတ်လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ဒေသခံ ၃ ထောင်လောက်က တောင်ကုတ်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
တောင်ကုတ်မြို့နယ် နဲ့ အရှေ့ဘက် မိုင် ၃၀ လောက်အကွာမှာရှိတဲ့ နေပူတောင် မာဘယ်လ်အလှဆင်ကျောက် ထုတ်လုပ်ရေးစီမံကိန်းကို အစိုးရက ဗီယက်နမ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ SIMECO ကုမ္ပဏီကို အမေရိကန် ဒေါ်လာ ၁၈ သန်းနဲ့ နှစ်ပေါင်း ၂၅ နှစ်အထိ ထုတ်ယူလုပ်ကိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။
အဲဒီကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၇လ လောက်ကတည်းက ကျောက်တွေကို စတင်ထုတ်ယူနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစီမံကိန်းဟာ ရခိုင်ဒေသခံတွေအတွက် အကျိုးခံစားခွင့်ရှိမယ့် စီမံကိန်းမဟုတ်ဘူးလို့ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ တောင်ကုတ်မြို့ခံ ဦးအောင်အောင်မင်းက ပြောပါတယ်။
စီမံကိန်းနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူတွေက တောင်ကုတ်မြို့ခံအချို့နဲ့ ပြီးခဲ့တဲ့နှစ်က လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီလိုဆွေးနွေးရာမှာ အလုပ်အကိုင်အခွင့်အလမ်းရဖို့အတွက် ကုန်ချောထုတ်လုပ်တဲ့စက်ရုံ တည်ဆောက်ပြီး အလုပ်အကိုင်ဖန်တီးပေးဖို့ ဒေသခံတွေက တင်ပြခဲ့ပေမယ့် အခုချိန်ထိ စက်ရုံတည်ဆောက်ခြင်းမရှိဘဲ ကျောက်တုံးကုန်ကြမ်းတွေကိုသာ ထုတ်ယူနေတယ်လို့ သိရပါတယ်။
ကျောက်တုံးကြီးတွေကို အဆက်မပြတ်တူးဖော်ပြီး ကားကြီးတွေနဲ့ နေ့စဉ်သယ်ယူနေတာကြောင့် ကားလမ်းတွေလည်း ပျက်စီးနေတယ်လို့ ဆိုပါတယ်။
တောင်ကုတ်မြို့နယ် နေပူတောင်မှာရှိတဲ့ မာဘယ်အလှဆင်ကျောက်တွေကို အိမ်တွင်းအလှဆင်ပစ္စည်းအဖြစ်အသုံးပြုနိုင်သလို အေးမြတဲ့ အစွမ်းရှိတာကြောင့် အပူဒဏ်ခံနိုင်တဲ့နေရာတွေမှာ အဓိက အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
နေပူတောင် မာဘယ်လ်အလှဆင်ကျောက်ထုတ်လုပ်ရေးစီမံကိန်းကို ဒေသခံတွေရဲ့ ဆန္ဒသဘောထားမပါဘဲ အစိုးရက ခွင့်ပြုထားတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ တောင်ကုတ်မြို့ခံ ကိုဇေယျကျော်က ပြောပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းနဲ့ ပြည်နယ်တွေကနေ ထွက်ရှိတဲ့ သယံဇာတတွေကို ပြည်ထောင်စုအစိုးရက တိုက်ရိုက်စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားတာကြောင့် မိမိတို့ ဒေသကထွက်ရှိတဲ့သယံဇာတတွေကို မိမိတို့ပြည်နယ်က စီမံပိုင်ခွင့်ရရှိရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပေးဖို့ လိုအပ်တယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြပွဲမှာ ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ မြောက်ဦး စတဲ့ မြို့နယ်တွေက အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့ပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဘူးသီးတောင်မြို့ခံ ကိုဝင်းနိုင်က နေပူတောင် မာဘယ်လ် အလှဆင်ကျောက်တွေဟာ နှစ်သန်းပေါင်း ၇၀ ကျော်အထိ သက်တမ်းရှိတဲ့ ကျောက်တွေဖြစ်တာကြောင့် နိုင်ငံတကာက ခရီးသွားတွေ အခကြေးငွေနဲ့ လာရောက်လည်ပတ်ကြည့်ရှုနိုင်အောင် စီစဉ်ပေးမယ်ဆိုရင် ဒေသအတွက် အကျိုးရှိမှာဖြစ်တယ်လို့ ပြောပါတယ်။
နေပူတောင် မာဘယ်လ်ကျောက်ထုတ်လုပ်ရေးစီမံကိန်းဟာ အစိုးရက ဗီယက်နမ်ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းဖြစ်တယ်လို့ သတင်းတွေထွက်နေပေမယ့် အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရဘက်က တိတိကျကျ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။
ဒေသခံတွေဘက်က အဲဒီစီမံကိန်းမရပ်မချင်း ဆန္ဒပြတောင်းဆိုသွားမယ်လို့ ပြောကြပါတယ်ခင်ဗျား။