နာဂလူငယ်တွေ စစ်မှုထမ်းဖို့ အတင်းအကျပ် ဖိအားပေးခံနေရ

RFA Burmese
2024.04.23
နာဂလူငယ်တွေ စစ်မှုထမ်းဖို့ အတင်းအကျပ် ဖိအားပေးခံနေရ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် တွေ့ရသည့် နာဂလူမျိုးများ။
Myanmar Military

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မြို့နယ်တွေမှာ မတ်လ ၁၆ ရက်ကစပြီး အသက် ၁၈ နှစ်ကနေ ၃၅ အတွင်း လူငယ်အားလုံးနီးပါးကို စစ်မှုထမ်းဖို့ စစ်ကောင်စီ လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတွေက စာရင်းကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ဝင် ရဲ၊ ထွေအုပ်၊ မြို့နယ်နဲ့ ရပ်ကျေးစာရေးတွေက တစ်အိမ်တက် တစ်အိမ်ဆင်း စစ်မှုထမ်း ဆင့်ခေါ်စာတွေ ဖြန့်ဝေပြီး လက်မှတ်ထိုးခိုင်းနေတာပါ။ ကာယကံရှင် မရှိတဲ့နေအိမ်တွေကိုတော့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးကို လာရောက်လက်မှတ်ထိုးဖို့ ဆင့်ခေါ်တယ်လို့ ဆိုပါတယ်။

"လက်မှတ်မထိုးလို့ရှိရင် ဥပဒေနဲ့ အရေးယူခံရမယ်၊ ထောင်တွေကျမယ် အဲလိုမျိုး ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ ပြောတယ်"

ထွေအုပ်ရုံးဝန်ထမ်းတွေက စစ်မှုထမ်း စာရင်းပါဝင်သူတွေကို ခြိမ်းခြောက်ပြီး လက်မှတ်ထိုးခိုင်းတာတွေ ရှိနေတယ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နာဂဒေသခံ တစ်ဦးက ပြောပါတယ်။

"ဒီမှာ ပညာမတတ်တဲ့သူတွေ၊ စာမဖတ်တတ်တဲ့သူတွေ များတယ်လေနော်။ ဘာမှ ဘုမသိ ဘမသိဘဲ သွားပြီးမှ လက်မှတ်သွားထိုးတဲ့ဟာတွေလည်း အများကြီးပဲ ရှိတယ်လို့ ကြားတယ်။ ဒီထွေအုပ်ရုံးရောက်တဲ့အချိန်မှာ သူတို့ စာရေးတွေက ရှင်းပြတယ်ပေါ့နော်။ မိဘတွေက သူတို့ရှင်းပြတာ နားထောင်ပြီးမှ မထိုးတော့ဘူးပေါ့နော်။ မထိုးတော့ဘူးလို့ လုပ်တဲ့အချိန်မှာ သူတို့အတင်းအကျပ်ပေါ့နော် ဒီလက်မှတ်မထိုးလို့ရှိရင် ဥပဒေနဲ့ အရေးယူခံရမယ်၊ ထောင်တွေကျမယ် အဲလိုမျိုး ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ ပြောတယ်။ တချို့မိဘတွေကျ ကြောက်လို့ပေါ့နော် လက်မှတ်ထိုးလိုက်ရတဲ့ အခြေအနေမျိုးတွေ ရှိတယ်"

ဒီလို ဖိအားပေး လက်မှတ်ထိုးခိုင်းတာတွေက နာဂဒေသဖြစ်တဲ့ လေရှီး၊ လဟယ် နဲ့ နန်းယွန်းမြို့နယ်တွေမှာ ဖြစ်နေတာပါ။

မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ လူငယ်တွေကိုလည်း ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ စုဆောင်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နန်းယွန်းမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီနန်းယွန်းမြို့နယ်တင် မဟုတ်ဘဲနဲ့ သိရသလောက်ကတော့ ကျန်တဲ့ လဟယ်၊ လေရှီးတို့ဆိုရင်တော့ လူငယ်တွေထဲမှာ ဖိုးသမား ဆေးသမားတွေပေါ့လေ။ အဲလို မူးယစ်ဆေးဝါးသုံးတဲ့ကလေးတွေ၊ ပြီးတော့ ရပ်ကွက် ထဲမှာလည်းပဲ သိပ်ပြီးတော့ ကိုယ့်ရပ်ရွာမှာလည်း လူဆိုးတွေပေါ့။ ဆိုးတဲ့ကလေးတွေ အဲဒီလိုကလေးတွေကို ဖမ်းပြီးတော့မှ ပို့တယ်လို့တော့ ကြားရတယ်။ ကျန်တဲ့မြို့နယ်တွေမှာ လောလောဆယ် နန်းယွန်းမြို့နယ်မှာတော့ အဲဒီလို မျိုးတော့ မရှိသေးဘူး။ ကိုယ့်သဘောနဲ့ကိုယ် သွားတဲ့ကလေး နှစ်ယောက်တော့ ရှိတယ်လို့ သိရတယ်၊ ကျန်တာတော့ မရှိဘူး"

လေရှီးမြို့နယ်ထဲက မြို့တစ်မြို့ဖြစ်တဲ့ ဆွမ္မရာမြို့နဲ့ လေရှီးမြို့တို့မှာ လက်ရှိ စစ်မှုထမ်းဆောင်ဖို့ ခေါ်ဆောင်ခံရသူ တစ်ထောင်ခန့် ရှိနေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

နာဂဒေသတွင်း မြို့နယ်တွေကနေ တစ်မြို့နယ်အတွက် လူ ငါးရာစီ စစ်ကောင်စီက တောင်းနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo:  La Se Qai Paranaga)
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: La Se Qai Paranaga)

လေရှီးမြို့နယ်မှာဆိုရင် မတ်လ ၃၀ ရက်နေ့ကစပြီး ဒေသအာဏာပိုင်တွေက စစ်မှုထမ်းဖို့ စာရင်းတွေ ကောက်ခံနေတာကြောင့် လူငယ် နှစ်ရာခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ နာဂဒေသမှာလည်း နိုင်ငံတစ်ဝန်း စစ်မှုထမ်းခေါ်တဲ့လုပ်ငန်းစဉ်တွေနည်းတူ အကောင်အထည်ဖော်နေတယ်လို့ ပြောပါတယ်။

"သူများ တစ်နိုင်ငံလုံး လုပ်သလိုပဲ လုပ်နေတာပါပဲ။ အဲဒါပဲ ရှိပါတယ်။ ပုံမှန်သူ့သတ်မှတ်ချက်အတိုင်းပဲ ဆောင်ရွက်နေတာပဲ ရှိပါတယ်။ ဘာမှထူးပြီး လုပ်တာ မရှိပါဘူး။ အရေအတွက်ကျတော့ ပြောလို့လည်း အဆင်မပြေဘူးနော်"

သူ့အနေနဲ့ မြို့နယ်အလိုက် လူဦးရေ ဘယ်လောက်ခေါ်တယ်ဆိုတာတော့ မသိသလို လူငယ်တွေ စစ်မှုမထမ်းဆောင်ချင်လို့ စိုးရိမ်ပြီး ထွက်ပြေးနေတယ်ဆိုတာလည်း မကြားမိဘူးလို့ ပြောပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ လက်နက်ကိုင်အဖွဲ့တွေသာ စိုးမိုးထားပြီး စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ နာဂဒေသမှာ လှုပ်ရှားမှု မရှိကြပါဘူး။

အာဏာသိမ်းပြီးနောက် နာဂဒေသမှာ လေရှီးနဲ့ လဟယ်မြို့နယ် ကိုယ်စားပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့တွေဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာသာ စစ်ရေးလှုပ်ရှား ကြတယ်လို့ လေရှီးမြို့နယ် ပြည်သူ့ကာကွယ်အဖွဲ့ တာဝန်ခံ ဗိုလ်နာဂက ပြောပါတယ်။

"နှစ်နေရာ၊ သုံးနေရာမှာ ကျွန်တော်တို့လည်း ဖြန့်ပြီးတော့ လှုပ်ရှားနေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဒေသနဲ့ အလှမ်းဝေးနေတော့ ကျွန်တော်တို့ဒေသမှာ စစ်ရေးဖော်ဆောင်နိုင်ဖို့ အခြေအနေက ခက်ခဲနေတာဖြစ်တယ်။ ခက်ခဲနေတဲ့အကြောင်းရင်းကလည်း ကျွန်တော်တို့ နာဂလူမျိုး လက်နက်ကိုင် ဟိုး နှစ်ပေါင်း ၇၀ လောက်ရှိပြီဆိုတဲ့ လက်နက်ကိုင်တွေက ကျွန်တော်တို့ တပ်တော်ကို အဟန့်အတားဖြစ်ရတဲ့အကြောင်းအရင်း တွေ ရှိတဲ့အခါကျတော့ ကျွန်တော်တို့ အခက်အခဲ ဖြစ်လာတာပေါ့။ စစ်တပ်က နာဂမှာ လူငယ်တွေ အတင်းအဓမ္မ စုဆောင်းနေတာနဲ့ ပတ်သက်ပြီးတော့ ဒါက သူတို့ လွှမ်းမိုးနိုင်တဲ့ နယ်မြေအားလုံး ဟူသမျှတော့ သူတို့ စိတ်တိုင်းကျ မွှေနှောက်ပါတယ်။ သူတို့ လွှမ်းမိုးချုပ်ကိုင်နိုင်မှု မရှိတဲ့ ဒေသမှာသာလျှင် စစ်ရေး၊ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ကင်းလွတ်နေတာ ဖြစ်ပါတယ်"

လက်ရှိ နာဂဒေသမှာ စစ်ကောင်စီတပ်၊ နာဂလက်နက်ကိုင်အဖွဲ့တွေနဲ့ SNA ရှမ်းနီ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

နာဂဒေသမှာ ၁၉၈၀ ပြည့်နှစ်ကတည်းက ဖွဲ့စည်းထားတဲ့ နာဂဆိုရှယ်လစ်ကောင်စီ (NSCN-K) ရှိပြီး အဲဒီကနေ ခွဲထွက်ထားတဲ့ NSCN(IM) မွေပါ နဲ့ NSCN(AM) အန်းမှိုင် နာဂလက်နက်ကိုင်အဖွဲ့ဆိုပြီး ခွဲထွက်လက်နက်ကိုင် နှစ်ဖွဲ့ ရှိပါတယ်။

NSCN(AM) မွေပါအဖွဲ့ဟာ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်အဖြစ် လက်ခံထားပြီး နာဂဒေသတွင်း နန်းယွန်းမြို့နယ်နဲ့ လဟယ်မြို့နယ် နယ်စပ်တစ်လျှောက်မှာ လှုပ်ရှားနေသလို စစ်ကောင်စီဆီက ထောက်ပံ့မှု တွေ့ရတယ် လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

NSCN(AM) အန်းမှိုင်အဖွဲ့ကတော့ အိန္ဒိယနိုင်ငံ အခြေစိုက်အဖွဲ့ဖြစ်ပြီး အဲဒီအဖွဲ့ကို အိန္ဒိယအစိုးရက ဖမ်းဝရမ်း ထုတ်ထားတာကြောင့် မြန်မာနိုင်ငံဘက်ကို ဝင်ရောက်လာပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းနေတယ်လို့လည်း ဆိုပါတယ်။

တောတောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှတဲ့ နာဂဒေသမှာ အင်တာနက်လိုင်း မရှိသလို ဖုန်းလိုင်းတွေကလည်း နယ်မြေအားလုံးမှာ မရတာကြောင့် ဒေသခံတွေဟာ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရှိဖို့ ခက်ခဲကြပါတယ်။ ၂ဝ၁၄ ခုနှစ်သန်းခေါင်စာရင်းအရ နာဂဒေသမှာ လူဦးရေစာရင်း တစ်သိန်းတစ်သောင်းကျော် ရှိပါတယ်။

ဒီလိုဒေသမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ အတင်းအကျပ် ခေါ်ဆောင်နေတဲ့အပေါ် ဒေသခံတွေ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပထမဆုံးစစ်သင်တန်းကို အခုလအတွင်းမှာ စတင်ဖွင့်လှစ်လိုက်ပြီး နည်းဥပဒေကိုလည်း မကြာခင်မှာ ထုတ်ပြန်မယ်လို့ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။