မြစ်ကြီးနားစီးပွားရေးဇုန် ဒေသခံတွေ အစားထိုးမြေတောင်းဆို

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်ကျင်ကျေးရွာက ဧက ၅ ထောင်နီးပါး ရှိတဲ့ မြေနေရာပေါ် တရုတ်နိုင်ငံနဲ့ အကျိုးတူ လုပ်ကိုင်မယ့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဇုန် ပေါ်ပေါက်လာမှာ ဖြစ်ပြီး အဲဒီနေရာမှာ စိုက်ပျိုး လုပ်ကိုင်နေတဲ့ ဒေသခံတောင်သူတွေက သီးနှံလျော်ကြေးထက် အစားထိုးမြေနေရာသာ ရလိုတယ်လို့ တောင်သူတွေက တောင်းဆိုနေကြပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်ကျင်ကျေးရွာက မြေနေရာကို တွေ့ရစဉ် Photo: Elizabeth/ RFA

နန်ကျင် စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းအတွင်း စိုက်ပျိုးလုပ်ကိုင်နေတဲ့ ဒေသခံ တောင်သူတွေကို အစိုးရက နစ်နာကြေးအဖြစ် စိုက်ပျိုးထားတဲ့ သီးနှံအပင် အရေအတွက်အတိုင်းသာ လျော်ကြေး ပေးမှာဖြစ်တယ်လို့  ပြည်နယ်မြေစာရင်း ဦးစီးဌာနရုံးကနေ သိရပါတယ်။

စီမံကိန်းအတွင်းက မြေတွေဟာ မြေလွတ်မြေရိုင်း ဖြစ်တဲ့အတွက် မြေနေရာအတွက်တော့  လျော်ကြေးပေးမှာ မဟုတ်ဘူးလို့ ပြည်နယ် မြေစာရင်းဌာန ညွှန်ကြားရေးမှူး ဦးသန်းလွင်က ပြောပါတယ်။

လျော်ကြေးအတွက် ကွင်းဆင်းစစ်ဆေးမှုတွေကို အခုဒီဇင်ဘာလ ကနေ ပြုလုပ်သွားမှာဖြစ်ပြီး ဒီလျော်ကြေး ကိစ္စကို ဖေဖော်ဝါရီလမှာ အပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း  ဦးသန်းလွင်က ပြောပါတယ်။

ဒီစီမံကိန်းဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး နန်ကျင်ကျေးရွာအုပ်စုက မြေဧက ငါးထောင်နီးပါးမှာ တည်ဆောက် အကောင်အထည်ဖော်မှာပါ။


စီမံကိန်း လုပ်မယ့်နေရာဟာ လုပ်ငန်းရှင် ‌‌ခြောက်ဦးရဲ့မြေတွေဖြစ်ပြီး လေးဦးရဲ့မြေတွေက တရားဝင် ခွင့်ပြုထားတဲ့ မြေတွေဖြစ်ပြီး နှစ်ဦးရဲ့မြေတွေကတော့ ယခင်စစ်အစိုးရ လက်ထက်က ခွင့်ပြုထားတဲ့ မြေတွေဖြစ်ပါတယ်။

အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအစိုးရ လက်ထက်က ခွင့်ပြုထားတဲ့မြေ ဧက ၆၅၀ ထဲမှာ  တောင်သူ ၉၇ ဦး လုပ်ကိုင်နေတာပါ။

တောင်သူတစ်ဦးဖြစ်တဲ့ ဦးခွန်မြတ်မင်းအောင်ကတော့ ဒေသခံတွေဟာ ဒီမြေပေါ်မှာ အသက်မွေးဝမ်းကျောင်း အတွက် အဓိက လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက်  အစားထိုးမြေနေရာ ရသင့်တယ်လို့ ပြောပါတယ်။

လက်ရှိ အဲဒီမြေထဲမှာ ဒေသခံတောင်သူတွေဟာ တညင်းသီး၊ ကျွန်း၊ မကျန်ရှား၊ နဂါးမောက်သီး အစရှိတဲ့ အပင်တွေကို စိုက်ပျိုး လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဒေသခံတောင်သူ နောက်တစ်ဦးဖြစ်တဲ့ ဦးမလောင်ဒီကလည်း မြေအတွက်ပါ လျော်ကြေး ရချင်တယ်လို့ ပြောပါတယ်။

ပြည်နယ်မြို့တော်မှာရှိတဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ်က သဘောတူ လက်မှတ်ထိုးခဲ့ပြီး ဖြစ်ပါတယ်။

အဓိက စိုက်ပျိုးရေး မွေးမြူရေးကို အခြေခံတဲ့ စီးပွားရေးဇုန်ဖြစ်လာမှာဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ လယ်ယာသုံးစက်ပစ္စည်း၊ ခရီးသွားလုပ်ငန်း၊ သစ်အချောကိုင်စက်ရုံ၊ အသေးစား စက်မှုလုပ်ငန်း၊ အီလထရောနစ် လုပ်ငန်း၊ လူနေအိမ်နဲ့ အများသုံး ဝန်ဆောင်မှုလုပ်ငန်း၊ လူသုံးကုန်ပစ္စည်းတွေကို ထုတ်လုပ်မယ့် စီမံကိန်း ဖြစ်ပါတယ်။

နန်ကျင် စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းဟာ မြစ်ဆုံစီမံကိန်းအပြင် ကချင်ပြည်နယ်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အများဆုံးနဲ့ အကြီးဆုံးဖြစ်လာမယ့် စီမံကိန်းဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org