မြစ်ခြေမြို့နယ်မှာ PDF ငါးဦး သတ်ဖြတ်ခံရပြီး ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ
မြစ်ခြေမြို့နယ်က ချမ်းသာကြီးရွာကို စစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြးခဲ့ရပါတယ်။
-
RFA Burmese
2024-05-27 -
-
-
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်က ချမ်းသာကြီးရွာကို မေလ ၂၅ ရက်နေ့ မနက်အစော ငါးနာရီမှာ အင်အားနှစ်ရာခန့်ပါစစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြးခဲ့ရတယ်လို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် အသက် ၁၆ နှစ်ကနေ ၁၈ နှစ်အကြား ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦး ဖမ်းဆီးခံရပြီး မေလ ၂၆ ရက်နေ့ စစ်ကြောင်းပြန်ထွက်ခါနီး ငါးဦးကို ပစ်သတ်ခဲ့သလို တစ်ဦးကို ဓားစာခံအဖြစ် ဖမ်းသွားတယ်လို့ ဆိုပါတယ်။
"ပစ္စည်းတော့ ဆုံးတာပေါ့ဗျာ။ လူတော့ အလွတ်ရုန်းပြီး ပြေးရတာ"
သေဆုံးသူ PDF တွေဟာ ဆွဲကြီးရွာက နှစ်ဦး၊ အိုးဘို၊ ရွာသာအေးနဲ့ ကမ္ဘာအေးရွာက တစ်ဦးစီဖြစ်ပြီး လတ်တလော လုံခြုံရေးအခြေအနေအရ နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။
ကင်းလှည့်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရပြီး မေလ ၂၆ ရက်နေ့မနက်မှာ ပစ်သတ်ခံခဲ့ရတာလို့ မြစ်ခြေမြို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုဓနက RFA ကို ပြောပါတယ်။
"စစ်ရဲ့ သဘောတရားအရကတော့ ဝိုက်ပြီးအဖမ်းခံလိုက်ရတာပေါ့။ ပြောရမယ်ဆိုရင် သတ်ကွင်းထဲထည့်ပြီး လက်နက်ချပြီး အညံ့ခံခိုင်းတာပေါ့။ ဒူးထောက်လျက်နဲ့ ဘာမှမပြောနိုင်အောင် နောက်ပြန်ပစ်ခတ်သွားတာ ဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ငွေတောင်ချမ်းသာကြီးရဲ့ ရွာအနောက်ဘက် ကိုင်းတောထဲမှာ သတ်သွားတာပေါ့"
စစ်ကြောင်းဝင်လာချိန် ဒေသခံတွေ ဖမ်းဆီးခံရတာမရှိပေမဲ့ နေအိမ်တွေထဲက ပစ္စည်းတချို့ကိုတော့ စစ်ကောင်စီ တပ်သားတွေ ယူသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ချမ်းသာကြီးရွာ PDF စခန်းကို ဝင်ရောက်စီးနင်းခဲ့တာလို့ ရေးနေကြပေမဲ့ ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေကတော့ ရွာမှာ PDF တွေ တပ်စွဲနေထိုင်တာမျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချမ်းသာကြီးရွာခံတစ်ဦးက ရုတ်တရက် စစ်ကြောင်းဝင်လာတာကြောင့် ဒေသခံတွေအားလုံး ဘာမှမယူနိုင်ဘဲ ထွက်ပြေးနေရတယ်လို့ RFA ကို ပြောပါတယ်။
"သတင်းလည်းမရတော့ အစီးခံလိုက်ရတာလေ။ ပစ္စည်းတော့ ဆုံးတာပေါ့ဗျာ။ လူတော့ အလွတ်ရုန်းပြီး ပြေးရတာ။ အဲဒီမှာ ပြည်သူတွေက ထွက်ချိန်မရ၊ ပြုချိန်မရ အဲဒီလိုတွေပဲဖြစ်တာပဲ။ သတင်းဦးရင်တော့ ကျွန်တော်တို့က ကြိုတင်ရှောင်လို့ရတာပေါ့ဗျာ။ သတင်းမဦးရင်တော့ ဘယ်ရှောင်လို့ရမှာလဲ။ အမြဲတမ်း စိုးရိမ်စိတ်နဲ့ပါပဲ။ တစ်ခါတလေ ဖုန်းလိုင်းမကောင်းရင် အရမ်းရွာလည်တာပဲ"
အိမ်ခြေသုံးရာကျော်နဲ့ လူဦးရေတစ်ထောင်ကျော်ရှိတဲ့ ချမ်းသာကြီးရွာဟာ စစ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း တတိယအကြိမ် ဝင်ရောက်စီးနင်းခံရတာလို့ ဆိုပါတယ်။
လက်ရှိ ရွာထဲကနေ အဲဒီစစ်ကြောင်း ပြန်ထွက်သွားပေမဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရသေးတာကြောင့် နေရပ်မပြန်ရဲကြဘဲ နီးစပ်ရာရွာတွေနဲ့ တောင်ယာတွေထဲမှာ ခိုလှုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချမ်းသာကြီးရွာကို ဝင်စီးပြီး PDF တွေ သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂၄ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ငါးထောင်ကျော် (၅,၁၄၃ ဦး) သေဆုံးခဲ့ပါတယ်။