မြ၀တီမြို့ ဥကရစ်ထစခန်း နှစ်ဖက်တိုက်ပွဲ ဆက်ပြင်းထန်နေပြီး ထိခိုက်သေဆုံးမှုတွေရှိ

ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်အနီး ဝေါလေဒေသက စစ်ကောင်စီ တပ် ခြေကုပ်ယူထားတဲ့ ဥကရစ်ထစခန်းမှာ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)၊ ကရင်ပြည်နယ်အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဇွန်လ ၂၆ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ ဒီနေ့အထိ ငါးရက်ကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပါတယ်။
စစ်ကြောင်းမှူး စောဝင်းမြင့်ဦးဆောင်တဲ့ KNDO အထူးကွန်မန်ဒိုတပ်ရင်းရဲ့ VENOM စစ်ကြောင်းနဲ့ Cobra စစ်ကြောင်းအပါအဝင် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက စခန်းကို သိမ်းနိုင်ဖို့ ဝင်ရောက်တိုက်ခိုက် ခဲ့ကြတာလို့ စစ်မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ လက်နက်ကြီးပစ်ကူတွေအပြင် ဂျက်တိုက်လေယာဉ် တွေနဲ့ပါ ပြန်လည် တိုက်ခိုက်နေတာကြောင့် ငါးရက်တိုက်ပွဲအတွင်း ပူးပေါင်းတပ်တွေ ဘက်က ၁၃ ဦး သေဆုံးခဲ့တယ်လို့ VENOM စစ်ကြောင်းရဲ့ စစ်မြေပြင်သတင်းရင်းမြစ် တွေက RFA ကို ပြောပါတယ်။
"လေယာဉ်လာပစ်တာ တစ်နေကုန်။ လာတာ တစ်ရက်ကို ကိုးခါ၊ ဆယ်ခါ။"
ဇွန်လ ၃၀ ရက် ဒီနေ့မနက်မှာလည်း စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်တွေနဲ့ လာပစ်နေတယ်လို့ KNDO အရာရှိ ဗိုလ်စလုံးက RFA ကို ပြောပါတယ်။
“နှစ်ဖက်စလုံးက ထိခိုက်ဒဏ်ရာရတွေရှိတယ်။ ဒါပေမဲ့ သူတို့ဘက်မှာတော့ တော်တော် များတယ်။ သူတို့က လေယာဉ်နဲ့ လေးရက်ရှိသွားပြီနော်။ လေယာဉ်လာပစ်တာ တစ်နေကုန်။ တစ်ခေါက်လာရင် လေးခါ ပတ်လည်ပြီးတော့ ပစ်ကြတယ်။ လာတာ တစ်ရက်ကို ကိုးခါ၊ ဆယ်ခါ၊ ဒီနေ့လည်း ဆယ်ခေါက်ကျော်ရှိတယ် သူတို့လာပစ်တာ။ ရက်ရက်စက်စက်ပဲပစ်တယ်။ ပစ်တာ အငွေ့အဆိပ်နဲ့ပစ်တဲ့ ကျည်ဆန်တွေလည်း ပါတယ်”
လေယာဉ်နဲ့လာပစ်ရာမှာ အဆိပ်ငွေ့ပါတဲ့ ကျည်တွေပါ ပါတယ်လို့ ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်သေဆုံးမှုအတွက် စစ်ကောင်စီဘက်က သတင်း တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း RFA က ဆက်သွယ်နေပေမယ့် ဒီနေ့ ညနေပိုင်းအထိ ဖုန်းလက်ခံ ဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီပိုင် မြ၀တီသတင်းစာကတော့ ဥကရစ်ထ စစ်ဆင်ရေးခြေကုပ်စခန်းကို PDF နဲ့ KNLA ပူးပေါင်း တပ်တွေ ဇွန်လ ၂၆ ရက်နေ့ကစပြီး အင်အားအလုံးအရင်းနဲ့ နေ့စဉ် အကြိမ်ကြိမ် လာရောက် တိုက်ခိုက်နေတာကြောင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေနဲ့ ပြန်လည်တိုက်ခိုက်နေတယ်လို့ ဒီနေ့မှာပဲ ထုတ်ပြန်ထားပါတယ်။
နောက်ထပ် စစ်ကြောင်းတွေလည်း အဲဒီဒေသအနီးကို ရောက်ရှိနေပြီး PDF နဲ့ KNLA အဖွဲ့တွေကို ထိရောက်စွာ ချေမှုန်းမယ်လို့လည်း ဖော်ပြထားပါတယ်။
ဥကရစ်ထစခန်းဟာ စစ်ကောင်စီအတွက် အရေးပါတဲ့ စခန်းတစ်ခုဖြစ်လို့ စခန်းမကျအောင် သူတို့ အသည်းအသန် ကာကွယ်နေတာလို့ KNDO ခေါင်းဆောင် ဗိုလ်ချုပ်စောနယ်ဒါးမြက RFA ကို ပြောပါတယ်။
“ဥကရစ်ထစခန်းက သူတို့အတွက် တော်တော်အရေးကြီးတဲ့ နေရာတစ်ခုပဲ။ ဒါကြောင့် မို့လို့ သူတို့ ကြိုးစားပြီးတော့ မကျအောင် သူတို့ကြိုးစားနေတယ်။ ဘယ်လိုဖြစ်ဖြစ် ပေါ့နော် ကျနော်တို့ကတော့ ရန်သူကို နိုင်ရမှာပဲ။ ဘယ်လို နည်းလမ်းဖြစ်ဖြစ်ပေါ့ နည်းလမ်းတွေရှာပြီးတော့ နိုင်အောင် ကျနော်တို့ တိုက်မှာဖြစ်တယ်”
အခုတိုက်ပွဲပြင်းထန်နေတဲ့ ဥကရစ်ထစခန်းဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်ရာ မြဝတီမြို့တောင်ဘက် ထိုင်း-မြန်မာနယ်စပ်အနီးမှာ တည်ရှိပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဥကရစ်ထအနီးတစ်ဝိုက်နဲ့ ဝေါလေဒေသက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့လည်း တစ်နေကုန်ပဲလေ လေယာဉ်အစင်း မနည်းတော့ဘူး ဒီနေ့တစ်ရက်နဲ့တင်။ နောက်ထပ်သိတာက မနေ့ညကလည်း လေးကေ့ကော်မှာ ဖြစ်တာကြားတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးအချက် ၂၀ ကျော်လောက်ထိ ပစ်တာတော့ ကြားတယ်။ မနေ့ညပေါ့ လေးကေ့ကော်ဘက်။ အခုက ဝေါလေမြိုင်၊ ဥကရစ်ထရယ်၊ ပတ်ဝန်းကျင်ရွာတွေ တိမ်းရှောင်ရတယ်”
တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံအရေအတွက် တိတိကျကျကိုတော့ သေချာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့တောင်ဘက်က စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က KNDO၊ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက် လေကြောင်းနဲ့ အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကလည်း မြဝတီမြို့နယ် ဝေါလေရဲစခန်းကို KNDO နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စခန်းမှူးအပါအဝင် ရဲသုံးဦးကို အရှင်ဖမ်းမိခဲ့ပြီး အဲဒီရဲစခန်းအချုပ်မှာ အဖမ်းခံထားရတဲ့ PDF အဖွဲ့ဝင်အချို့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။