ငွေစက္ကူတွေ သုံးစွဲနေဆဲ မြန်မာနိုင်ငံ


2018.02.21

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းကနေ ဘဏ်လုပ်ငန်းသုံးစွဲသူတွေ အရင်ကထက်ပိုများလာတယ်ဆိုပေမဲ့ လူအများစုဟာ ဘဏ်စာရင်းမရှိကြသေးပဲ ငွေစက္ကူတွေကိုပဲ သုံးစွဲနေကြတုန်းပါပဲ။ အွန်လိုင်းဘဏ်စံနစ်ဟာ လွယ်ကူပြီးအချိန် ရောငွေပါ အကုန်သက်သာတယ်လို့ စစ်တမ်းတွေကဆိုပါတယ်။ မခက်မာဆက်လက်တင်ပြပါလိမ့်မယ်။

မြန်မာနိုင်ငံထဲမှာ အိမ်ငှားခပေးတာ၊ လျှပ်စစ်မီးဖိုးပေးတာကစလို့ မီးဖိုချောင်အတွက် အသားငါးဟင်းသီးဟင်းရွက်ဝယ်တာကအဆုံး ဘယ်ကိစ္စအတွက်မဆို ငွေသားစက္ကူတွေကိုပဲ သုံးကြတာပါ။ လူတယောက် ကားဝယ်မယ်ဆိုရင် ပုံမှန်အားဖြင့် ငွေထုတ်ကြီးသယ်ပြီးလာရတာ အားလုံးအသိဖြစ်ပါတယ်။ အဲဒီအထုတ်ကြီးထဲက ငွေစက္ကူတွေကို ကားကုမ္ပဏီကလူတွေက စက်နဲ့ရေတွက်တယ်လို့ဆိုပါတယ်။ ခုနောက်ပိုင်းတော့ လူတွေဟာ ငွေပေးငွေယူကိစ္စတွေမှာ ဘဏ်ကိုပိုသုံးလာကြပြီဖြစ်ပြီး ဒါဟာအပြောင်းအလဲတခုပါပဲလို့ ကားအရောင်းကိုယ်စားလှယ်တယောက်က ပြောပါတယ်။

ဒါပေမဲ့ ခုထိတော့ လူအများစုဟာ ဘဏ်အကောင့်မရှိကြသေးပါဘူး။ ၂၀၁၃ မှာဆိုရင် မြန်မာနိုင်ငံ လူဦးရေရဲ့ ၁၇ ရာခိုင်နှုန်းပဲ ဘဏ်အကောင့်ရှိခဲ့ပြီး ဒီကနေ့အထိလည်း ငွေစုအကောင့်စာရင်းရှိသူဟာ ၄ ရာခိုင်နှုန်းပဲရှိတယ် လို့ဆိုပါတယ်။ မေ့လ်ခ်ကန် အင်စတီကျု Milken Institute ကပြုလုပ်တဲ့ သုတေသနစစ်တမ်းအရ အရှေ့ တောင်အာရှနိုင်ငံတွေမှာ လူတွေဟာ ဘဏ်တွေကိုအယုံအကြည်မရှိဘူးလို့ဆိုပါတယ်။ မြန်မာနိုင်ငံကလူတွေကတော့ ၁၉၆၂ ခုနှစ်မှာ စစ်အစိုးရက နိုင်ငံတွင်းကပုဂ္ဂလိကဘဏ်တွေကို ပြည်သူပိုင်သိမ်းခဲ့တာကို မမေ့ကြသေးပါဘူး။ ၁၉၉၀ ခုနှစ်မှာတော့ ပုဂ္ဂလိကဘဏ်တွေ ပြန်ဖွင့်ခွင့်ပြုခဲ့ပေမဲ့ ၁၉၉၇ နဲ့ ၂၀၀၃ ခုနှစ်တွေမှာ ငွေကြေး အကျပ်အတည်းပြဿနာတွေကြောင့် ဘဏ်တွေအခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်နှုန်းဟာ ၆ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ပေမဲ့ ငွေသားကိုသာသုံးစွဲနေဆဲ အခြေအနေတွေဟာ စီးပွားရေးကိုတွန့်ဆုတ်စေခဲ့ပါတယ်။ ငွေသားနဲ့ သုံးစွဲပေးချေနေတာဟာ စီးပွားရေးလည်ပတ်မှုကို နှေးကွေးစေပြီး ကုန်ကျစရိတ်ပိုများသလို လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုတွေကိုလည်းတိုးစေတယ်လို့ မေ့လ်ခ်ကန် အင်စတီကျု Milken Institute ရဲ့စစ်တမ်းမှာ ဖော်ပြထား ပါတယ်။

အွန်လိုင်းငွေကြေးနည်းစံနစ်နဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီတွေကတော့ မိုဘိုင်းဖုန်းနဲ့ ဘဏ်စံနစ်သုံးစွဲတာဟာ အဖြေဖြစ်တယ်လို့ ဆိုပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံတွင်း မိုဘိုင်းဖုန်းသုံးစွဲမှု တနေ့တခြားများပြားလာတာနဲ့အမျှ ဖုန်းကနေ ငွေပေးငွေယူဘဏ်စံနစ်သုံးတဲ့နှုန်းဟာလည်း ၂၀၁၁ ကနေ ၂၀၁၆ ခုနှစ်အတွင်း ၉၀ ရာခိုင်နှုန်းတိုးတက်လာပါတယ်။ အခုဆိုရင် စမတ်ဖုန်းတွေကနေ ဘဏ်ငွေဖြည့်တာ၊ ထုတ်တာတွေပါ လုပ်နိုင်လာပြီဖြစ်ပါတယ်။

အိုကေ ဒေါ်လာလုပ်ငန်းစုရဲ့ စီမံခန့်ခွဲမှုအရာရှိချုပ် ရှီဂျု လိုနာပန် က သူတို့ရဲ့ဝန်ဆောင်မှုလုပ်ငန်းဟာ လျှပ်စစ်မီးဘေလ်ပေးတာ၊ အစားအသောက်ပို့တာနဲ့ ဖုန်းကဒ်ဖြည့်တာတွေအပါအဝင် ဝန်ဆောင်မှု အတော်များများကို လုပ်ပေးနေတယ်လို့ဆိုပါတယ်။ ငွေသားကို ကိုင်သုံးလာတဲ့ မြန်မာနိုင်ငံကလူတွေကို APPS တွေသုံးဖို့ စည်းရုံး သိမ်းသွင်းဖို့ အချိန်ယူရပါမယ်။ ဒါပေမဲ့ လူတွေဟာတဖြည်းဖြည်းနဲ့တော့ ကျင့်သားရလာတာတွေ့ရပါတယ်လို့ သူကဆက်ပြောပါတယ်။ သူတို့ရဲ့ ဝန်ဆောင်မှုတွေကို ဖုန်းကနေသုံးရတာ လွယ်ကူသလိုဈေးသက်သာပါတယ်။ ညနေ ၃ နာရီဆို ဘဏ်ပိတ်တဲ့ နယ်မြို့တွေမှာတောင် အဲဒီဝန်ဆောင်မှုစံနစ်ကို ဖုန်းကနေတဆင့် သုံးလို့ရပါတယ်လို့ သူကဆက်ပြောပါတယ်။

မြန်မာနိုင်ငံထဲမှာ OK Dollar လုပ်ငန်းစုကို သုံးစွဲသူ ၆ သိန်းဝန်းကျင်ရှိပြီး လူ ၉ သောင်းလောက်ဟာ အဲဒီ ဝန်ဆောင်မှုကို နေ့စဉ်အသုံးပြုတယ်လို့လည်းဆိုပါတယ်။ နောက်လာမယ့်နှစ်တွေမှာ သုံးစွဲသူပိုများလာမယ်လို့လည်း မျှော်လင့်တယ်လို့ဆိုပါတယ်။ သူတို့လုပ်ငန်းစုအနေနဲ့ တနိုင်ငံလုံးကလူတွေကို ပစ်မှတ်ထားပြီး နောက် ၅ နှစ်အတွင်း မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းဟာ OK Dollar အွန်လိုင်းဝန်ဆောင်မှုကိုအသုံးပြုလာလိမ့် မယ်လို့ မျှော်လင့်တယ်လို့လည်း ရှီဂျု လိုနာပန် က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း မြန်မာမိုဘိုင်းဖုန်းဈေးကွက်ထဲကို ထိုင်းအခြေစိုက် TrueMoney ငွေကြေးဝန်ဆောင်မှု လုပ်ငန်းဝင်ရောက်လာပါတယ်။ တယ်လီနောနဲ့ အော်ရီဒူးဖုန်းကုမ္ပဏီတွေကလည်း အဲဒီဝန်ဆောင်မှုကိုပေးပါတယ်။

အနာဂတ်မြန်မာနိုင်ငံမှာ အွန်လိုင်းငွေပေးငွေယူစံနစ် တွင်ကျယ်လာမှာဖြစ်ပါတယ်။ နောက်ဆိုရင် ကုမ္ပဏီတွေဟာ လစာငွေတွေကို OK Dollar အကောင့်ကတဆင့် ပေးနိုင်တော့မှာဖြစ်သလို ကားကို အွန်လိုင်းကနေ ဝယ်နိုင်တော့မှာဖြစ်ပါတယ်လို့ OK Dollar ရဲ့ စီမံခန့်ခွဲမှု အရာရှိချုပ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။