ပိတ်ဆို့အရေးယူမှုတွေကြားက မြန်မာ့ကျွန်းသစ်တွေ ဥရောပရောက်နေ
မြန်မာစစ်ကောင်စီကို ဥရောပနိုင်ငံတွေက ဒဏ်ခတ်အရေးယူပိတ်ဆို့ထားပေမယ့် ဇိမ်ခံသင်္ဘောတွေ ဆောက်လုပ်တဲ့ ဥရောပနိုင်ငံတွေကို တူရကီနိုင်ငံကတစ်ဆင့် မြန်မာ့ကျွန်းသစ်တွေ ရောက်ရှိနေပါတယ်။
-
စမ်းစမ်းတင်(ဝါရှင်တန်ဒီစီ)
2023-03-04 -
-
-
မြန်မာစစ်ကောင်စီကို ဥရောပနိုင်ငံတွေက ဒဏ်ခတ်အရေးယူပိတ်ဆို့ထားပေမယ့် ဇိမ်ခံသင်္ဘောတွေ ဆောက်လုပ်တဲ့ ဥရောပနိုင်ငံတွေကို တူရကီနိုင်ငံကတစ်ဆင့် မြန်မာ့ကျွန်းသစ်တွေ ရောက်ရှိနေပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းတဲ့နောက် မြန်မာစစ်ကောင်စီကို တူရကီနိုင်ငံက ပိတ်ဆို့ အရေးမယူတဲ့ အတွက် မြန််မာ့သစ်တွေကို လွတ်လွတ်လပ်လပ်တင်သွင်းနိုင်တယ်လို့ ဂျာမဏီ DW သတင်းက ပြောပါတယ်။
အီးယူ- ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေက စစ်ကောင်စီကို အရေးယူဒဏ်ခတ်လိုက်ချိန်ကစလို့ တူရကီနိုင်ငံကို ကျွန်းသစ်တွေ တင်သွင်းနှုန်းက ခုန်တက်လာတယ်လို့ ဆိုပါတယ်။ ကျွန်းတကာ့ကျွန်းတွေထဲ မြန်မာ့ကျွန်းသစ်က စျေးအကြီးဆုံးဖြစ်ပြီး ကျွန်းသစ်အရောင်နဲ့အကွက်ကလှရုံမက အကွဲအအက်လည်းနည်း၊ တာရှည်လည်းခံ၊ ရေဒဏ်လည်း ခံနိုင်လို့ ဇိမ်ခံ ဒါမှမဟုတ် အပျော်စီး သင်္ဘောဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အထူးနှစ်သက်ပါတယ်။ သင်္ဘောကုန်းပတ်ကို ကျွန်းသစ်နဲ့ ဆောက်လုပ်ရင် တစ်စတုရန်းမီတာကို အမေရိကန် ၁၀၆၆ ဒေါ်လာ ကုန်ကျတယ်လို့ ဆိုပါတယ်။
ဒေါ်လာဘီလျံနဲ့ချီလည်ပတ်နေတဲ့ဇိမ်ခံသင်္ဘော ဆောက်လုပ်ရေးလုပ်ငန်းကြောင့်လည်း မြန်မာ့ကျွန်းတောတွေ ပြုန်းတီးရပါတယ်။ ၁၉၉၀ ပြည့်နှစ်က ၂၀၁၅ အတွင်း မြန်မာ့သစ်တော ဟက်တာ ၁၅ သန်း ပြုန်းတီးသွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒီပမာဏဟာ ဂျာမဏီနိုင်ငံမှာရှိတဲ့ သစ်တောအားလုံးထက်များတယ်လို့ DW သတင်းက ပြောပါတယ်။
တရားဝင်ခုတ်ခွင့်ရတဲ့ သစ်တွေလည်း ရှိပြီး တရားမဝင်ခုတ်လှဲတဲ့ မြန်မာ့သစ်တွေက တခြားနိုင်ငံတွေကို မရောက်ခင် တရုတ်နိုင်ငံကို အရင်ရောက်ပါတယ်။ ဖြစ်ချင်တော့ နေပြောက်မထိုးအောင် တောတွေ ပိန်းပိန်းထပြီး သဘာဝကျွန်းသစ်ပေါက်ရောက်တဲ့ ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံက နယ်စပ်ချင်းထိစပ်နေတာပါ။
တရုတ်ပြည်ကို သွားတဲ့ မှောင်ခိုသစ်တွေအကြောင်း ကချင်ပြည်နယ်ဒေသခံတစ်ယောက်က သိနေပါတယ်။
“တရုတ်ပြည်ကို သစ်တွေ ခိုးသယ်နေတာတွေ ကားအစီးတွေ နည်းတာမဟုတ်ဘူး၊ အဝေတည့်အောင် လုပ်ထားတာ။ တောတွေလည်း ကတုံးဖြစ်ကုန်ပြီ၊ ကျွန်တော်တရုတ်ပြည်တစ်ခေါက်ရောက်တယ်။ နယ်ခြားလမ်းတလျှောက်မှာ ကျွန်တော်တို့ ကချင်ပြည်နယ်ကထွက်တဲ့ သစ်တွေအများကြီးပဲ။ လမ်းတစ်လျှောက်လုံး၊ ကျွန်တော်ယုံတောင်မယုံနိုင်ဘူး။“
ဒီလို တရားမဝင်လမ်းကြောင်းက သွားတဲ့ သစ်တွေဟာ တရုတ်နိုင်ငံက တဆင့် အီတလီ၊ Croatia ဒါမှမဟုတ် Greece ကို ရောက်တယ်လို့ ဗြိတိန်အခြေစိုက် EIA Environmental Investigation Agency ပတ်ဝန်းကျင်ရေးရာ စုံစမ်းရေးအဖွဲ့က ပြောပါတယ်။
DW သတင်းကတော့ စစ်ကောင်စီကို အရေးမယူတဲ့ တူရကီအပြင် မြန်မာ့ကျွန်းသစ်တွေက အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ အမေရိကန်ပြည်ထောင်စုတွေ ရောက်တယ်လို့ ပြောပါတယ်။ သင်္ဘောဆောက်လုပ်ရေးလုပ်ငန်းကွန်ရက်၊ သစ်တင်ပို့ရောင်းချတဲ့ ကွန်ရက်တွေကြောင့်လည်း မြန်မာနိုင်ငံက ထွက်သွားရင် ဘယ်နေရာမဆိုရောက်နိုင်ပါတယ်။
ဒါ့အပြင် သစ်အလုံးလိုက်မဟုတ်ဘဲ ပရိဘောဂအသွင်နဲ့ရော ဇိမ်ခံသင်္ဘောအဖြစ်နဲ့ပါ မြန်မာ့ကျွန်းသစ်တွေ ကမ္ဘာအနှံ့ရောက်နိုင်ပါတယ်။
ဇိမ်ခံသင်္ဘောဆိုရင် မြန်မာ့ကျွန်းနဲ့ တည်ဆောက်တာမို့ အမေဇုံသူဌေးရဲ့ ဇိမ်ခံ သင်္ဘော သတင်းနောက်ကွယ်မှာ ထင်ကြေးတွေလည်း အမျိုးမျိုးရှိနေပါတယ်။ e-commerence ဆိုတဲ့ အီလက်ထရွန်နစ် ကုန်သွယ်စနစ်ကို ပထမဆုံး တီထွင်ပြီး ဝါရှင်တန်ပို့စ်သတင်းစာ ပိုင်ရှင်ဖြစ်ရုံမက အာကာသယာဉ်ပါလွှတ်တင်တဲ့ အမေဇုံသူဌေး Jeff Bezos ပိုင်တဲ့ ကမ္ဘာ့အကြီးမားဆုံး ဒေါ်လာသန်း ၅၀၀ အကုန်အကျခံတဲ့ အလျှား ပေ ၄၀၀ ကျော် Y 721 အပျော်စီးသင်္ဘောကို ၂၀၂၂ မှာ စခုတ်မောင်းပါတယ်။ Oceanco ဆိုတဲ့ နယ်သာလန်ကုမ္ပဏီက ဆောက်လုပ်ပေးတာဖြစ်ပြီး တရားဝင်ဝယ်ယူထားတဲ့ ကျွန်းသစ်နဲ့ ဆောက်လုပ်တယ်လို့ ကုမ္ပဏီကပြောပါတယ်။
သဘာဝပတ်ဝန်းကျင်ရေးရာတွေကို သုတေသနလုပ်နေတဲ့ ဆန်ဖရန်စ္စကို အခြေစိုက် Mongabay အဖွဲ့ကတော့ Jeff Bezos ရဲ့ အပျော်စီး သင်္ဘောက ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြောပါတယ်။ Oceanco ကုမ္ပဏီဟာ လျှို့ဝှက်လုပ်ကိုင်တဲ့နေရာမှာ နာမည်ကြီးတယ်လို့ ဆိုပါတယ်။ ဒီသင်္ဘောဆောက်လုပ်နေတာ ဖုံးဖိထားပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ရှစ်လအကြာ ၂၀၂၁ အောက်တိုဘာမှ သင်္ဘောပုံကို ပထမဆုံး လူမြင်ကွင်း ထုတ်ပြပေမဲ့ Jeff Bezos ရဲ့ သင်္ဘောလို့ လူသိရှင်ကြားထုတ်ဖော်မပြောဘူးလို့ ပြောပါတယ်။
သင်္ဘောဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် စီးပွားရေးက အဓိကမို့ ဘယ်နိုင်ငံက သစ်လဲဆိုတာ ခြေရာခံလေ့မရှိဘဲ ဝယ်နေကျ ဖောက်သည်တွေဆီက အကောင်းစားသစ်တွေ ဝယ်ယူနေတာပဲ ဖြစ်ပါတယ်။
ဂျာမဏီ DW သတင်းကတော့ အလွန့်အလွန်ချမ်းသာသူတွေ ဇိမ်ခံနိုင်ဖို့ သွေးစွန်းတဲ့ ကျွန်းသစ်က ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်ကို ကျားကန်ပေးနေတယ်လို့ ထောက်ပြပါတယ်။