ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် ဒေသခံတွေ အိန္ဒိယနိုင်ငံဘက် ခိုလှုံ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.01.28
ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် ဒေသခံတွေ အိန္ဒိယနိုင်ငံဘက် ခိုလှုံ စစ်တပ်က အာဏာသိမ်းအပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံသွားကြသူများကို ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: Reuters

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းပြီးခဲ့တဲ့နောက် ဒီနှစ် ဇန်နဝါရီလ ၅ ရက်နေ့ကစလို့ အိန္ဒိယနဲ့နယ်စပ် ချင်းပြည်နယ်က ဒေသခံ နှစ်ထောင်ကျော် နယ်စပ်တလျှောက် အိန္ဒိယဘက်ခြမ်းက ကျေးရွာတွေဆီကို ဖြတ်ကျော် ခိုလှုံခဲ့ကြပါတယ်။ ထွက်ပြေး လာခဲ့ ကြသူတွေကို အိန္ဒိယပြည်နယ်အစိုးရနဲ့ NGO အဖွဲ့တွေက ကူညီစောင့်ရှောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးကတည်းက ချင်းပြည်နယ်ဟာ အာဏာသိမ်းစစ်ကောင်စီကို ရှေ့တန်းကနေ လက်နက်ကိုင်ဆန့်ကျင် ခုခံနေတဲ့အတွက် စစ်တပ်ရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်နေရတာပါ။ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ဇူလိုင်နဲ့ဩဂုတ်လအတွင်း ချင်းပြည်နယ်က ဒေသခံ တစ်သောင်းခွဲဝန်းကျင် မီဇိုရမ်ပြည်နယ်တွင်းကို ဝင်ရောက်ခိုလှုံခဲ့ကြပါတယ်။

ဒီအတွင်း ချင်းခုခံရေး တပ်ဖွဲ့ CDF ကိုလည်း ဖွဲ့စည်းခဲ့ပြီး ချင်းအမျိုးသားတပ်မတော် CNA က စစ်ရေးသင်တန်းတွေ လေ့ကျင့်ပေးနေခဲ့ပါတယ်။ မြန်မာနိုင်ငံ ချင်းပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ်ဟာ နယ်စပ်ချင်း မိုင် ၃၂၀ နီးပါး ထိဆက်နေတာပါ။

ချင်းပြည်နယ်ကနေ မီဇိုရမ် ပြည်နယ်တွင်းကို ရောက်ရှိလာခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကို အရေးပေါ် စခန်း ၉ ခုမှာ နေရာချထားပေးခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ တခြားလူသားချင်းစာနာကူညီရေး အဖွဲ့တွေကိုလည်း ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ စောင်နဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေ ဖြည့်ဆည်းပေးဖို့ ဆော်ဩခဲ့ပါတယ်။

ချင်းပြည်နယ်ဟာ လွန်ခဲ့တဲ့ ၆ လ က အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်ခဲ့ကြတာကြောင့် စစ်ကောင်စီက အင်အားသုံး လက်တုံ့ပြန်ခဲ့ပါတယ်။ ဇန်နဝါရီလဆန်းပိုင်းအတွင်း မတူပီမြို့နယ်မှာ၊ အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးနဲ့ ဒေသခံ သတင်းထောက်တစ်ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းက၊ ချင်းပြည်နယ် ဖလမ်းနဲ့ ထန်တလန် ဧရိယာအတွင်း၊ စစ်ကောင်စီက ထိုးစစ်အသစ်တွေနဲ့ တိုက်ခိုက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အခုအခါ ချင်းပြည်နယ်တခွင်လုံး ချင်းခုခံရေးတပ်ဖွဲ့ CDF၊ ပြည်သူ့ခုခံရေးတပ်ဖွဲ့ PDF နဲ့ အမျိုးသားညီညွတ်ရေးအရပ်ဘက်အစိုးရ NUG တို့ ပူးပေါင်းထားတဲ့ တပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ချေမှုန်းနေကြတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်း၊ ချင်းပြည်နယ်တခွင်က ကျေးရွာတွေ၊ စစ်ကောင်စီ တပ်တွေရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒီလအစောပိုင်းကလည်း မတူပီနဲ့တီးတိန်မြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို၊ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဖလမ်းမြို့ ဝန်းကျင်မှာ စစ်ရေးပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း၊ နယ်စပ်တလျှောက် ကျေးရွာတွေမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ နေ့စဉ် ရောက်ရှိလာနေကြပြီး အရေအတွက်ကိုတော့ အတိအကျ သိဖို့ခက်ကြောင်း ချင်းပြည်နယ်အစိုးရ သတင်းရင်းမြစ်တစ်ရပ်က ပြောပါတယ်။ ခန့်မှန်းချက် တစ်ခုအရကတော့ ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ဒုက္ခသည်နှစ်ထောင်ကျော် ရောက်ရှိလာခဲ့ပါတယ်။ အခုထိ နောက်ထပ်ရောက်ရှိလာကြတဲ့ ဒုက္ခသည်တွေ ရှိနေဆဲဖြစ်ပါတယ်။ အခုအခါ NGO အဖွဲ့တွေ၊ ခရစ်ယာန်အသင်းတွေ၊ ကျေးရွာအရာရှိတွေက ဒုက္ခသည်ကူညီစောင့်ရှောက်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပြီး ‌ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က ရိက္ခာနဲ့ အဝတ်အထည်တွေ ကူညီစောင့်ရှောက်ပေးနေပါတယ်။

ဒီအတွင်း မီဇိုရမ်ပြည်နယ်မှာ ကြာသပတေးနေ့ညက မြန်မာနိုင်ငံသားတစ်ဦးနဲ့ အိန္ဒိယတိုင်းရင်းသား နှစ်ဦး အပါအဝင်၊ လူသုံဦး ဆီက၊ ဖေါက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၂၅ဝဝ နဲ့ စနက်တံအရှည် ၄၅၀၀ မီတာကို အာသံရိုင်ဖယ်တပ်က ဖမ်းဆီးမိခဲ့ပါတယ်။ အဲဒီဖောက်ခွဲရေးပစ္စည်းတွေဟာ အိန္ဒိယ ရူပီးငွေ ခုနစ်သောင်း သုံးထောင့်ငါးရာ၊ မြန်မာကျပ်ငွေ ကိုးသိန်း သုံးသောင်း ငါးထောင် တန်ဖိုးရှိပြီး၊ မော်တော်ယာဉ်တစီးကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ ဖမ်းဆီးမိသူ မြန်မာနိုင်ငံသားဟာ ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ဝင်ဖြစ်ပြီး၊ သူတို့ဟာ ဖောက်ခွဲရေး နဲ့ စနက်တံတွေကို သယ်ယူပို့ဆောင်နေစဉ်အတွင်း ဖမ်းဆီးမိခဲ့တာပါ။

ချင်းအမျိုးသားတပ်ဦး CNF ဟာ ချင်းအမျိုးသားရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုအခြေခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တိုင်းရင်းသား တန်းတူခွင့်နဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံပေါ်ပေါက်ရေးအတွက် ချင်းအမျိုးသားတပ်မတော် CAN အဖြစ်နဲ့ တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်း ဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။