နိုင်ငံကူးလက်မှတ် အမျိုးအစားပေါင်းစုံနဲ့ ချုပ်ကိုင်ခံထားရတဲ့ မြန်မာပြည်သူများ

RFA Burmese
1924.06.02
နိုင်ငံကူးလက်မှတ် အမျိုးအစားပေါင်းစုံနဲ့ ချုပ်ကိုင်ခံထားရတဲ့ မြန်မာပြည်သူများ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းနှင့် စက်မှု (၁) လမ်းထောင့်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို လာရောက်ကြသူများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်‌နေ့က တွေ့ရစဉ်။
Photo: RFA

ကမ္ဘာမှာ ဒီနှစ်တွေအတွင်း စစ်ပွဲတွေအများဆုံးဖြစ်ပြီး လူတွေဒုက္ခရောက်နေတဲ့ ထိပ်ဆုံး သုံးနိုင်ငံကို ပြောမယ်ဆိုရင် ယူကရိန်း၊ ဂါဇာနဲ့ မြန်မာနိုင်ငံပဲဖြစ်ပါတယ်။

အဲဒီသုံးနေရာမှာ ယူကရိန်းနဲ့ ဂါဇာကစစ်ပွဲကို ကမ္ဘာမှာလူသိများပြီး နိုင်ငံတကာ အကူအညီတွေရနေပေမဲ့ မြန်မာပြည်ကိုတော့ အဲဒီနိုင်ငံတွေလောက် မသိကြသလို နိုင်ငံတကာအကူအညီလည်း အဲဒီနိုင်ငံတွေလောက် ထိထိရောက်ရောက်ရတာ မတွေ့ရပါဘူး။

"ကျွန်တော် အခုရောက်နေတဲ့ နိုင်ငံမှာဆို ပတ်စပို့စ် တစ်ခုပဲရှိတယ်။ အဲဒီပတ်စပို့စ်နဲ့ နိုင်ငံအကုန်လုံးကို သွားလို့ရတယ်”

အာဏာသိမ်းထားတဲ့ စစ်ကောင်စီက တိုင်းပြည်ရဲ့ဘဏ္ဍာကို သုံးခွင့်ရနေပြီး စစ်ကောင်စီကို တော်လှန်နေတဲ့သူတွေကတော့ ငါတို့မှာငါတို့ပဲရှိတယ်ဆိုတဲ့ စကားနဲ့ အားတင်းရင်း ပြည်ပရောက်နေတဲ့သူတွေက ရန်ပုံငွေရသလောက်ရှာပြီး ပြည်တွင်းကို ပံ့ပိုးနေကြတာ နှစ်နဲ့ချီလာပါပြီ။

အဲဒီလို မြန်မာပြည်က စစ်ပွဲကိုမသိရတဲ့ အကြောင်းရင်းတွေထဲမှာ မြန်မာနိုင်ငံဆိုတာကို နိုင်ငံခြားသားတွေ မသိကြတော့တာကလည်း အကြောင်းရင်းတစ်ခု ဖြစ်နေတာတွေ့ရပါတယ်။

ကိုစိုး (အမေရိကန်ရောက် မြန်မာနိုင်ငံသား)။ ။ “ကျွန်တော်နေတဲ့မြို့မှာ မြန်မာတွေများတယ်။ သောင်းဂဏန်းရှိတယ်။ အလုပ်မှာလည်း မြန်မာများတယ်။ ဒါပေမဲ့ ဒီကအမေရိကန်တွေက မြန်မာလို့ပြောလိုက်ရင် မသိတာများတယ်။ Burmese ဆိုရင် မသိဘူး။ Asian မှာဆို Chinese တို့ Japan တို့ အဲလောက်ပဲသိတယ်။ မြန်မာနိုင်ငံက ဖြစ်တဲ့ပြဿနာတွေ သူတို့ဘာမှမသိဘူး။ ကိုယ်တွေ လိုက်ပြောပြတဲ့အခါကျရင်လည်း စိတ်မကောင်းပါဘူး။ ဒီလောက်ပဲ။ အသေးစိတ် မသိဘူး”

နိုင်ငံတစ်နိုင်ငံကို ကမ္ဘာကသိကြတဲ့အချက်တွေထဲမှာ ကုန်ထုတ်လုပ်မှု၊ စီးပွားကူးသန်းမှုနဲ့ လူတွေသွားလာ ထိတွေ့ဆက်ဆံမှုတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံသားတွေကတော့ ၁၉၆၂ ခုနှစ်ကတည်းက အခုအချိန်ထိ စစ်တပ်အကြိမ်ကြိမ် အာဏာသိမ်းပြီး ထိမ်းချုပ်ခံခဲ့ရတဲ့အတွက် နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံရခွင့် မရှိသလောက်ဖြစ်ခဲ့ရပြီး မြန်မာတွေကို ကမ္ဘာက မသိသလောက် ဖြစ်လာပါတော့တယ်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းနှင့် စက်မှု (၁) လမ်းထောင့်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို လာရောက်ကြသူများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်‌နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းနှင့် စက်မှု (၁) လမ်းထောင့်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို လာရောက်ကြသူများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်‌နေ့က တွေ့ရစဉ်။ (Photo: RFA)

မြန်မာတွေ ကမ္ဘာနဲ့ထိတွေ့ဆက်ဆံခွင့်၊ ချုပ်ကိုင်ခံရတာတွေထဲက တစ်ခုကတော့ အများပြည်သူသုံး နိုင်ငံကူးလက်မှတ်ကို အမျိုးမျိုးခွဲထားတာက အဓိကအချက် တစ်ချက်ဖြစ်နေတာ တွေ့ရပါတယ်။

ကဗျာဆရာ ကိုသဝေ (အမေရိကန်ရောက်မြန်မာနိုင်ငံသား)။ ။ “ကျွန်တော်သိသလောက် စစ်ကောင်စီက အခု 21 Revolution မှ မဟုတ်ဘဲနဲ့ ၂၀၁၀ မတိုင်ခင် ကာလတွေကတည်းက ပတ်စပို့စ်တွေကို အမျိုးမျိုးပေါ့နော်။ သိသလောက် ကိုးမျိုးလောက်ရှိတယ် ထင်တယ်။ ပတ်စပို့စ် ကိုးမျိုးဆိုတာ လိုအပ်သလား။ ကျွန်တော် အခုရောက်နေတဲ့ နိုင်ငံမှာဆို ပတ်စပို့စ် တစ်ခုပဲရှိတယ်။ အဲဒီပတ်စပို့စ်နဲ့ နိုင်ငံအကုန်လုံးကို သွားလို့ရတယ်”

ဒီလိုကန့်သတ်ထားတာကြောင့် မြန်မာနိုင်ငံသားတွေ နိုင်ငံတကာနဲ့ ကူးလူးဆက်သွယ်ဖို့ ခက်ခဲလာတာလို့ သူကပြောပါတယ်။

အမေရိကန်နိုင်ငံမှာ မြန်မာပြည်ဆိုတာကို အတော်ရှင်းပြရတယ်လို့ Ubar ကားမောင်းတဲ့ ကိုစည်သူက ပြောပြပါတယ်။

ကိုစည်သူ (အမေရိကန်ရောက်မြန်မာနိုင်ငံသား)။ ။“ကျွန်တော်က မြန်မာပြည်အလံလေးကို ကား dashboard ပေါ်မှာ တင်ထားတော့ အလံတွေ့တော့ မေးတော့ မြန်မာပြည်ကပေါ့။ မသိဘူး။ တချို့ knowledge ရှိတဲ့သူတွေ တော့သိတယ်။ များသောအားဖြင့် မသိတာများတယ်။ တစ်ရာမှာ ကိုးဆယ်ရာခိုင်နှုန်းက မသိဘူး။ မြန်မာလူမျိုးဆိုတာလည်း မသိဘူး။ ဘာနိုင်ငံလေးလဲ။ ကျွန်းနိုင်ငံလေးလားပေါ့”

ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) မှတ်ပုံတင်ကြေး လာရောက်ပေးသွင်းသူများအား ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပင်လုံခန်းမရှေ့တွင် တွေ့ရစဉ်။ (Photo: RFA)
ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) မှတ်ပုံတင်ကြေး လာရောက်ပေးသွင်းသူများအား ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပင်လုံခန်းမရှေ့တွင် တွေ့ရစဉ်။ (Photo: RFA)

အခုဆိုရင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး လူငယ်တွေ နိုင်ငံခြားထွက်မှာကို နည်းပေါင်းစုံနဲ့ အကျပ်ကိုင်လာပါတယ်။ လက်ရှိအတည်ဖြစ်နေတဲ့ နိုင်ငံကူးလက်မှတ် အမျိုးအစားအမျိုးမျိုး ဖြစ်နေတာကလည်း အဲဒီလို ချုပ်ကိုင်နိုင်ဖို့အတွက် အားသာနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတွေ ပြည်ပထွက်ဖို့ ပိုခက်ခဲလာပြီး ငွေကုန်ကြေးကျ ပိုများလာတယ်လို့ အမည်မဖော်လိုတဲ့ ပတ်စပို့စ်နဲ့ ဗီဇာဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ယောက်က RFA ကို စာနဲ့ပြောပြပါတယ်။

အမည်မဖော်လိုသူ (ပတ်စပို့၊ ဗီဇာဝန်ဆောင်မှုပေးသူ)။ ။ “အခုက ဘယ်လိုဖြစ်နေလဲဆိုရင် ပထမဆုံး မြန်မာဘက်ခြမ်းပေါ့နော် PV တွေ၊ PJ တွေ၊ PS တွေပေါ့နော် PV သမားတွေက ပြသနာမရှိပေမယ့် PJ သမားတွေဆို OWIC ကတ်မပါရင် ပေးမထွက်တာ၊ PS တွေ ဆိုရင်လည်း သတ်မှတ်ချက်တွေ အရင်ထက်ပိုများလာတာမျိုးပေါ့နော်”

မြန်မာနိုင်ငံကူးလက်မှတ်ကို အလုပ်သမားအတွက် တစ်မျိုး၊ ကျောင်းသားအတွက် တစ်မျိုး၊ သင်္ဘောသားတွေအတွက် တစ်မျိုး၊ စီးပွားရေးသမားတွေအတွက် တစ်မျိုး၊ အလည်အပတ်သွားမယ့်သူက တစ်မျိုး ခွဲပြီးထုတ်ပေးတာပါ။ ဒါကြောင့် ကျောင်းသားနိုင်ငံကူးလက်မှတ် ကိုင်ထားတဲ့သူက အလုပ်လုပ်ဖို့ မလွယ်သလို၊ အလုပ်သမား နိုင်ငံကူးလက်မှတ်နဲ့သူက တခြားနိုင်ငံကို အလည်အပတ်သွားလို့ မရပါဘူး။

ဒီလိုသတ်မှတ်ချက်တွေ များနေတာကြောင့် ထိုင်းလို အနီးဆုံးနိုင်ငံကို နိုင်ငံကူးလက်မှတ်နဲ့ ထွက်ဖို့တောင် ခက်ခဲနေကြပြီး ထိုင်းနိုင်ငံမှာ ရောက်နေပြီးသားသူတွေဆိုရင်လည်း ပတ်စပို့အမျိုးအစားပေါ် မူတည်ပြီး ခြေချုပ်မိတဲ့သူတွေလို ဖြစ်နေတယ်လို့ ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။