ထိုင်း မဟာချိုင်မှာ ဗိုင်းရပ်စ်ပိုးရှိပေမယ့် လက္ခဏာမပြသူတွေကို သီးသန့်ခွဲမထားလို့ စိုးရိမ်ရ

ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလလယ်ကစလို့ ကိုဗစ်-19 ကပ်ရောဂါ ရောဂါပိုးစတွေ့တဲ့ ထိုင်းနိုင်ငံ မဟာချိုင်မှာ ရောဂါပိုး ကူးစက်ခံရပေမယ့် လက္ခဏာမပြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပိုးမရှိသူတွေကို သီးသန့် ခွဲမထားတဲ့အတွက် ကူးစက်သူဦးရေ တိုးလာမှာကို စိုးရိမ်နေရပါတယ်။

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် ငါး၊ ပုစွန်ဈေးက မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန် ၂၀၂၀ ဒီဇင်ဘာ ၂၀ရက်နေ့က စောင့်ဆိုင်းနေစဉ် Photo: REUTERS
ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလလယ်ကစလို့ ကိုဗစ်-19 ကပ်ရောဂါ ရောဂါပိုးစတွေ့တဲ့ ထိုင်းနိုင်ငံ မဟာချိုင်မှာ ရောဂါပိုး ကူးစက်ခံရပေမယ့် လက္ခဏာမပြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပိုးမရှိသူတွေကို သီးသန့် ခွဲမထားတဲ့အတွက် ကူးစက်သူဦးရေ တိုးလာမှာကို စိုးရိမ်နေရပါတယ်။
 
ဒီဇင်ဘာလ ၁၇ ရက်နေ့ကစလို့ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့ က မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာ ပိုများလာပြီး မနေ့ကထိ  ၁၃၀၀ ကျော်ကူးစက်ခံထားရပါတယ်။
 
ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ  ပိုးတွေ့လူနာ ၁၁၀ ဦးရှိပြီး  မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ ပါဝင်ပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ လူနာသစ် ၁၂၁ ဦးရှိပြီး  မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦးပါဝင်ပါတယ်။
 
မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ရောဂါပိုးရှိသူလား၊ မရှိသူလား ခွဲခြားပြီး စနစ်တကျမထားတဲ့အတွက် စိုးရိမ်ရပြီး ရောဂါပိုးတွေ့သူတွေကို ကျန်းမာရေးဝန်ကြီးဌာနက ဆေးဝါးကုသပေးစေလိုတယ်လို့  မဟာချိုင်က  ACC အလုပ်သမားကူညီစောင့်ရေးမဟာမိတ်အဖွဲ့  ဥက္ကဋ္ဌ  ဦးခိုင်ကြီးက ပြောပါတယ်။
 
covid-19 ရောဂါပိုးတွေ့ရပေမယ့် ရောဂါလက္ခဏာမပြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ပိုးမရှိသူတွေနဲ့ စုပေါင်းနေထိုင်နေရလို့ ရောဂါပိုကူးစက်လာမှာကို စိုးရိမ်နေကြတယ်လို့လည်း ဦးခိုင်ကြီးက ပြောပါတယ်။
 
“အလုပ်သမားတွေ အခက်အခဲက ရောဂါပိုးကူးစက်မှု ရှိ၊ မရှိ စစ်ဖို့ ဒီနေ့မှာတော့ ဘယ်မှာဆိုပြီး ကြေငြာလိုက်တဲ့အချိန်မှာ အလုပ်သမားတွေ စုပြီးတော့ ရောဂါပိုးသွားစစ်ရတယ်။ အဖြေရမှ စက်ရုံအလုပ်ရုံက အလုပ်လုပ်လို့ရတယ်။ စစ်တဲ့အခါကျတော့ ကျန်းမာရေးဝန်ကြီးဌာနက သူတို့ရဲ့ ဖုန်းနံပါတ်ကို ယူထားပြီးတော့ စကားပြန်တွေနဲ့ ပြောတယ်။ ကျနော်တို့ ဖုန်းဆက်လာရင် ရောဂါပိုးရှိတယ်။ မဆက်လာဘူးဆိုရင်ဘူးပေါ့။ ဘယ်နေ့ အဖြေပေးမယ်ဆိုတာလည်း မသိရဘူး။ negative လား positiveလားလည်း မသိရဘူး”
 
မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀၀ ကျော်ကို လောလောဆယ် အသွားအလာ အဝင်အထွက် လုံးဝကန့်သတ်ထားပြီး ခုတော့ စားရေးသောက်ရေး အခက်အခဲ မရှိပေမယ့် လကုန်လာပြီဖြစ်လို့ အိမ်ငှားခမပေးနိုင်မှာကို စိုးရိမ်နေကြတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။
 
ထိုင်းစစ်တပ်က ယာယီဆေးကုရေးဌာန ဆောက်လုပ်ဖို့လျာထားတဲ့နေရာတွေကို ထိုင်းပြည်သူတွေက လက်မခံဘဲ ဆန္ဒပြခဲ့ပါတယ်။ ခုတော့ ခရိုင်အုပ်ချုပ်ရေးနယ်မြေ အားကစားကွင်းမှာ ဆောက်လုပ်မယ်လို့  ထိုင်းအစိုးရက ဒီဇင်ဘာလ ၂၆ ရက်နေ့ ကြေငြာလိုက်တဲ့အကြောင်း မဟာချိုင်မြို့က ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN)က ဦးအောင်ကျော်က ပြောပါတယ်။
 
“ ၁၇၊ ၁၈၊ ၁၉ မှာ ရောဂါရှာဖွေမှုအရ၊ လူဦးရေ တစ်ထောင်ကျော်ဟာ အဲဒီ တလတ်ကုန်ဈေးကြီးရဲ့ နောက်မှာရှိတဲ့ တိုက်ခန်းတွေမှာ နေထိုင်နေတာဖြစ်တဲ့အတွက်ကြောင့် မရှိတဲ့လူရော၊ ရှိတဲ့လူရော ပူးတွဲထားတဲ့အခါကျတော့ မီဒီယာအတော်များများ ဇောင်းပေးပြီး မေးတယ်။ အဲတော့ ဦးတို့လည်း အင်မတန် စိုးရိမ်တယ်။ တလောမှာလည်း ယာယီဆေးရုံတည်ဆောက်ဖို့ သတ်မှတ်ထားတဲ့ နေရာတွေအားလုံး ထိုင်းပြည်သူတွေက ကန့်ကွက်မှုတွေ များစွာရှိနေတဲ့အတွက်ကြောင့် သူတို့က မအောင်မြင်ဘူး။ အဲတော့ ဒီနေ့ခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့သတင်းကတော့ ခရိုင်အားကစားကွင်း ယာယီတည်ဆောက်မယ်ဆိုပြီးမှ ဒီဝေဒနာရှင် ရွှေ့ပြောင်းအလုပ်သမားတွေအားလုံး သွားပြီးမှ ဆေးဝါးကုသစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဦးတို့ သိရပါတယ်”
 
မည်သူမည်ဝါ ပိုးကူးစက်ခံရတယ်ဆိုတာ ထိုင်းအစိုးရက မဖော်ပြဘူးဆိုရင်လည်း ရောဂါကူးစက်ခံရသူ ၉၀ ရာခိုင်နှုန်းက မြန်မာရွှေ့ပြောင်းလုပ်သားဖြစ်နေတဲ့အတွက် ဆေးဝါးကုသမှု ခံယူနေလား၊ မခံယူဘူးလားဆိုတာ မြန်မာသံရုံးအနေနဲ့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းဖော်ပြစေလိုတယ်လို့လည်း  ဦးခိုင်ကြီးက ပြောပါတယ်။
 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က  မြန်မာသံရုံး သံအရာရှိတွေနဲ့ အလုပ်သမားအရာရှိတွေဟာ စမွတ်ဆာခွန်ခရိုင် မဟာချိုင်က စလတ်ကွန့် ခေါ်တဲ့ပုဇွန်ဈေး၊ ယာယီဆေးရုံတည်ဆောက်မယ့် ဘောလုံးကွင်းနဲ့ အသွားအလာ ကန့်သတ်ခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေထိုင်တဲ့ နေရာတွေကို သွားရောက်ကြည့်ရှုပါတယ်။
ဥပဒေပါရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေး  ရရှိဖို့ စမွတ်ဆာခွန်ခရိုင် အလုပ်အကိုင်ဌာနမှူးနဲ့ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ အလုပ်သမားသံအရာရှိရုံးရဲ့ လူမှုကွန်ယက်မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။
 
မဟာချိုင်မြို့က ပုဇွန်ဈေးတစ်ခုဖြစ်တဲ့ ထလေထိုင်ဈေးနားမှာ နေထိုင်နေတဲ့ မြန်မာလုပ်သား ၅၀၀ အတွက်  ကန်ချနဘူရီခရိုင်က မြန်မာရွှေ့ပြောင်း လုပ်သားတွေနဲ့ ထိုင်းလူမျိုး တချို့က ကူညီတဲ့ ဆန်နဲ့အစားအသောက်တွေကို  ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ AAC မဟာမိတ်အဖွဲ့က သွားရောက်လှူဒါန်းခဲ့တယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။
 
ထိုင်းနိုင်ငံ ခရိုင် ၃၀ ကျော်မှာ ကိုဗစ်-19 ရောဂါ ဆက်လက်ကူးစက်နေပြီး  စမွတ်ဆာခွန်၊ စမွတ်ဆောင်ခရမ်၊ ရချ်ဘူရီ၊ နခွန်ပထွမ်ခရိုင်နဲ့ လယောင်ခရိုင်တွေမှာ ကိုဗစ်ရောဂါပိုး ပျံ့နှံ့တာများတဲ့အတွက် အထူးစောင့်ကြည့်နေရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org