သတင်းမီဒီယာသမားတွေရဲ့ မိသားစုဝင်တွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

ဧပြီလ ၂၅ ရက်နေ့က သွေးသောက်အဖွဲ့ တယ်လီဂရမ်မှာ NLD ပါတီထောက်ခံသူတွေ တော်လှန်ရေးမှာ ပါဝင်သူအပြင် သတင်းမီဒီယာတွေဖြစ်တဲ့ ခေတ်သစ်မီဒီယာ၊ ဧရာဝတီ၊ မဇ္ဈိမ၊ ဒီဗွီဘီနဲ့ ဧရာဝတီတိုင်းမ်စ် တို့က သတင်းထောက်တွေ၊ အယ်ဒီတာတွေရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်ဖို့ လိုအပ်တယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန်၊ မြေနီကုန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးပြီး မျက်ရည်ယိုဗုံးဖြင့် ပစ်ဖောက်လူစုခွဲသောကြောင့် ထွက်ပြေးနေကြစဉ်။ Photo: RFA

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က လူမှုကွန်ရက်မှာ သွေးသောက်အဖွဲ့ဆိုပြီး ဓားရှည်နှစ်လက်ကိုင်ပြီး တိုက်ခိုက်လှုပ်ရှားနေတဲ့ ထိုးကွင်းမင်ကြောင်နဲ့ ရှေးမြန်မာ လူရုပ်တံဆိပ်နဲ့ အဖွဲ့တစ်ခု ပေါ်လာပါတယ်။ ဒီလိုပေါ်လာပြီးတဲ့နောက် မန္တလေးမြို့မှာ NLD ပါတီဝင်တွေနဲ့ ပါတီထောက်ခံသူတွေလို့ ယူဆရသူ ရှစ်ဦး ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။

ဧပြီလ ၂၅ ရက်နေ့က သွေးသောက်အဖွဲ့ တယ်လီဂရမ်မှာ NLD ပါတီထောက်ခံသူတွေ တော်လှန်ရေးမှာ ပါဝင်သူအပြင် သတင်းမီဒီယာတွေဖြစ်တဲ့ ခေတ်သစ်မီဒီယာ၊ ဧရာဝတီ၊ မဇ္ဈိမ၊ ဒီဗွီဘီနဲ့ ဧရာဝတီတိုင်းမ်စ် တို့က သတင်းထောက်တွေ၊ အယ်ဒီတာတွေရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်ဖို့ လိုအပ်တယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။

ဒီလို သွေးသောက်အဖွဲ့ရဲ့ ခြိမ်းခြောက်၊ ပစ်မှတ်ထားခံရတဲ့ ခေတ်သစ်မီဒီယာက အယ်ဒီတာ ကိုသာလွန်ဇောင်းထက်က ဒီအဖွဲ့ရဲ့ လုပ်ရပ်တွေဟာ တစ်နည်းမဟုတ် တစ်နည်း စစ်အာဏာပိုင်တွေနဲ့ ဆက်နွှယ်မှု ရှိတယ်လို့ပြောပါတယ်။

"ကျနော်တို့ ဒီသွေးသောက်ဆိုတဲ့အဖွဲ့ တယ်လီဂရမ်မှာ စာမျက်နှာဖွင့်ပြီးတော့ ဧပြီလ ၂၁ ရက်နေ့တည်းက စပြီးတော့ပေါ့နော်။ ကြေညာချက်တွေ ထုတ်တယ်။ သတ်မယ်ဖြတ်မယ် ဆိုပြီးတော့ ပြောတယ်ပေါ့နော်။ ကျနော်တို့ မီဒီယာသမားတွေလည် းသူတို့ ခြိမ်းခြောက်လာတယ်။ ဒီသွေးသောက်အဖွဲ့က စစ်တပ်နဲ့ ပတ်သက်နေတယ်ပေါ့နော်။ ဥပမာ - အသတ်ခံရတဲ့သူတွေကို လာဖမ်းသွားတာက ရဲကားတွေ၊ စစ်ကားတွေနဲ့ လာဖမ်းသွားတယ်။ အလောင်းကို လာပစ်တာကလည်း ရဲကားတွေ စစ်ကားတွေနဲ့ လာပစ်တယ်။ ကျနော်တို့ မျက်မြင်သက်သေတွေကော ရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း ရှိတယ်ပေါ့လေ"

RFA က ရရှိတဲ့ ဓာတ်ပုံသတင်းအချက်အလက်တွေအရ အသတ်ခံလိုက်ရတဲ့သူတွေရဲ့ အနီးနားမှာ သွေးသောက်အဖွဲ့ရဲ့ တံဆိပ်တွေချန်ထားခဲ့တာ တွေ့ရပါတယ်။ တပ်မတော်ထောက်ခံသူတွေ၊ အရင် အမျိုးသားရေးတက်ကြွသူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကို လေ့လာကြည့်ချိန်မှာ သူတို့လူမှုကွန်ရက် ကိုယ်ပိုင်စာမျက်နှာတွေမှာ အဲဒီသွေးသောက်တံဆိပ်တွေ တင်ထားကို တွေ့ရပါတယ်။

"စစ်တပ်ကို ဝေဖန်တဲ့လူ အမှန်တရားကို ရှာဖွေတဲ့လူ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကတော့ ဒီလိုရှိတယ်ဆိုတာကို ပြောပေးမယ့် သတင်းသမားလွတ်လပ်ခွင့် သတင်းစာ လွတ်လပ်ခွင့်ကို တန်ဖိုးထားတဲ့သူတွေဆိုရင် သူက မလိုချင်ဘူး"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သွေးသောက်အဖွဲ့နဲ့ စစ်တပ်သက်ဆိုင်ခြင်း မရှိကြောင်း၊ ကျေးလက်တွေမှာ ပြည်သူ့စစ်တစ်ခုတည်းကိုသာ စစ်ကောင်စီက တရားဝင်ဖွဲ့စည်းပေးထားကြောင်း ဧပြီလ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အခုလို သွေးသောက်အဖွဲ့က ဥပဒေပြင်ပကနေ လက်နက်ကိုင် တော်လှန်နေတဲ့အဖွဲ့အစည်းတွေနဲ့ ကူညီပံ့ပိုးနေသူတွေသာမက သတင်းမီဒီယာတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ဖို့ ခြိမ်းခြောက်နေချိန်ဟာ စစ်ကောင်စီအုပ်ချုပ်ရေးတာဝန်ရှိသူတွေကလည်း သတင်းမီဒီယာတွေကို ပေါ်ပေါ်တင်တင် ဝေဖန်ပြစ်တင်လာတဲ့အချိန်နဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဖြစ်နေတာ တွေ့ရပါတယ်။

နေပြည်တော်မှာ ဧပြီလ ၂၇ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတချို့ကို ပြည်ဖျက်မီဒီယာတွေလို့ စွပ်စွဲပြောဆိုခဲ့ပြီး သတင်းမီဒီယာ ၇ ခုရဲ့ သတင်းရေးသားမှုတွေကို ပရောဂျက်တာနဲ့ ပြသခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ တော်လှန်သင်္ကြန်သတင်းတွေ ထုတ်လွှင့်ခဲ့တဲ့ လွတ်လပ်တဲ့အာရှအသံ RFA အပါအဝင် ခေတ်သစ်မီဒီယာ၊ ဧရာဝတီ၊ မဇ္ဈိမ၊ ဒီဗွီဘီနဲ့ ဧရာဝတီတိုင်းမ်စ် တို့ကို ပရောဂျက်တာမှာ ပြသခဲ့ပြီး ဒါဟာ ပြည်ဖျက်တဲ့လုပ်ရပ် သဘောမျိုး ပြသခဲ့တာ တွေ့ရပါတယ်။

"သင်္ကြန်ကာလမတိုင်မှာကတည်းက ပြည်တွင်းပြည်ပ ပြည်ဖျက်သတင်းမီဒီယာ ၁ဝ ခုကနေပြီး မဟာသင်္ကြန်ပွဲတော်ကို ဖျက်လို ဖျက်ဆီးမှု ဖြစ်အောင် လှုံ့ဆော်သတင်း ၅၅ ပုဒ်ကျော် ရေးသားခဲ့ပါတယ်။ ဒါတွေကတော့ သူတို့ရေးသားတဲ့ ရေးသားချက်တွေဖြစ်ပါတယ်။ ဖောက်ခွဲဖို့ ပြည်သူတွေ မပါဝင်ဖို့ တော်လှန်သင်္ကြန်ဆင်နွှဲဖို့ သင်္ကြန်အကြိုကနေပြီး နှစ်ဆန်း ၁ ရက်နေ့အထိ ပြည်ဖျက်မီဒီယာ ၇ ခုကနေ ဒီလိုမျိုးလှုံ့ဆော်တဲ့ သတင်းတွေကို ရေးသားဖြန့်ဝေခဲ့ကြောင်း ကျနော်တို့ တွေ့ရပါတယ်"

စစ်အာဏာပိုင်တွေဘက်က သတင်းမီဒီယာတွေအပေါ်မှာ ခြိမ်းခြောက်ပြောဆိုလာသလို လက်နက်ကိုင်အကြမ်းဖက်တဲ့ အဖွဲ့တွေကပါ သတင်းမီဒီယာတွေက သတင်းထောက်တွေနဲ့ မိသားစုဝင်တွေကို ပေါ်ပေါ်တင်တင် ပစ်မှတ်ထား ခြိမ်းခြောက်လာတာလာဟာ ခေတ်အဆက်အဆက် အစဉ်အလာ မရှိခဲ့တဲ့ သတင်းမီဒီယာလွတ်လပ်မှု အနိမ့်ကျဆုံး အခြေအနေရောက်လာတာမျိုး ဖြစ်တယ်လို့ သတင်းစာဆရာ ဦးမြင့်ကျော်က သုံးသပ်ပါတယ်။

"အမြင်ချင်းတူတယ် ဆိုတာတော့ ပြောလို့ရမှာပေါ့နော်။ ဘာလို့လဲဆိုတော့ မီဒီယာက ဟိုဘက်ကို ထောက်ခံတယ်လို့ ယူဆတယ်။ သူတို့ကို ဆန့်ကျင်ရေးသားတယ်လို့ ယူဆတယ်။ တပ်ဘက်နေ စောစောကပြောတဲ့ သွေးသောက်လိုမျိုးနဲ့ ဒီမီဒီယာတွေပေါ်မှာ ထားတဲ့ အမြင်ချင်းတူတယ်ပေါ့။ တိုက်ရိုက်ဆက်သွယ်မှု ရှိတယ် မရှိဘူးဆိုတာတော့ မသိနိုင်ဘူးပေါ့။ ကျနော်တို့မှာလည်း အထောက်အထားလည်း မရှိတော့ ကိုယ့်ဘက်ကို ဆန့်ကျင်ပြီး ရေးသားတယ်လို့ အမြင်ရှိရင် အဲဒီမီဒီယာကို အဲ့လိုမျိုး စွပ်စွဲကြတယ်။ ဒါသဘာဝလိုဖြစ်နေတယ်။ ဒါပေမဲ့ သတ်ဖို့ ဖြတ်ဖို့ နှိပ်စက်ဖို့တို့ အခုတော့ မိသားစုဝင်တွေအထိ အန္တရာယ်ပေးဖို့ ဆိုတာတော့ ဒါတော့ မြန်မာနိုင်ငံမှာတော့ အရင်တုန်းက အစဉ်အလာမရှိခဲ့တဲ့ အနေအထားပေါ့လေ"

မဇ္ဇျိမသတင်းဌာနရဲ့ အမှုဆောင်အယ်ဒီတာ ဦးစိန်ဝင်းကတော့ စစ်ကောင်စီအနေနဲ့ရော စစ်ကောင်စီကို ထောက်ခံလိုလားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေကရော စစ်ကောင်စီအပေါ် မကောင်းသတင်းရေးသားတဲ့ သတင်းမီဒီယာတွေနဲ့ သတင်းစာဆရာတွေကို ပစ်မှတ်ထားဖိနှိပ်တာမျိုး အစဉ်အဆက်ရှိနေပြီး ခေတ်ကာလ မကောင်းသရွေ့ ဒီအခြေအနေမှာ သံသရာလည်နေမယ်လို့ ပြောဆိုပါတယ်။

"စစ်တပ်ကို ဝေဖန်တဲ့လူ အမှန်တရားကို ရှာဖွေတဲ့လူ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကတော့ ဒီလိုရှိတယ်ဆိုတာကို ပြောပေးမယ့် သတင်းသမားလွတ်လပ်ခွင့် သတင်းစာ လွတ်လပ်ခွင့်ကို တန်ဖိုးထားတဲ့သူတွေဆိုရင် သူက မလိုချင်ဘူး။ ထောင်ချမယ် ဖမ်းဆီးမယ် တချို့ဆိုရင် တွေ့မှာပါ အသက်ပေးခဲ့ရတဲ့သူတွေ ရှိတယ်။ အဓိက အကြောင်းအရင်းကတော့ စစ်အာဏာသိမ်းတဲ့ဟာ ဒီဟာကြီး ရှိနေသမျှ ကာလပတ်လုံး ဒီမိုကရေစီ ဆိတ်သုဉ်းရင်ပေါ့လေ။ ဒီမိုကရေစီမရသွားရင် ဒီလိုမျိုးပဲ မိစ္ဆာတွေ ကြီးစိုးပြီးတော့ ထင်တိုင်းကြဲနေမှာပဲနော်"

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ မြေနီကုန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ သတင်းယူနေသော မီဒီယာသမားများ။ (Photo: RFA)

သတင်းမီဒီယာလွတ်လပ်ခွင့် စောင့်ကြည့်လေ့လာသူတစ်ဦးကတော့ မြန်မာနိုင်ငံက သတင်းမီဒီယာသမားတွေအတွက် ဥပဒေကြောင်းအရာ အကာအကွယ် မရတဲ့အပြင် တစ်စတစ်စ ဆုံးရှုံးလို့သာ လာနေတယ်လို့ သုံးသပ်ပါတယ်။

"အခုအချိန်မှာတော့ အနှစ်ချုပ်အားဖြင့် ပြောရမယ်ဆိုလို့ရှိရင်တော့ သတင်းမီဒီယာရဲ့ လွတ်လပ်ခွင့်တွေဟာ နိုင်ငံတကာစံချိန်စံညွှန်းတွေအရကော ဥပဒေကြောင်းအရကော အကာအကွယ်မပေးနိုင်ဘူး။ တစ်စတစ်စ ခြိမ်းခြောက်ခံရတဲ့ဟာတွေ ရှိတယ်။ ဖမ်းဆီးခံရတဲ့ဟာရှိတယ် နောက်ဆုံး အသက်ဆုံးရှုံးသွားတဲ့အထိ ရှိနေတုန်းပဲ။ ဆုတ်ယုတ်တဲ့ဘက်ကို ပိုပိုပြီးတော့ ရောက်လာတယ်။ သတင်းသမားတွေဟာ ရာဇဝတ်သားတွေလို အမြင်ခံရတယ်။ အမြဲတမ်း ခြိမ်းခြောက်ခံရတဲ့ဟာတွေနဲ့ အမြဲတမ်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ဟာတွေက အဆိုးဘက်ကိုပဲ ပိုရောက်လာတာကို ကျနော်တို့အနေနဲ့ တွေ့ရတယ်လို့ ပြောချင်ပါတယ်ခင်ဗျ"

လက်ရှိအချိန်အထိ ဖမ်းဆီးခံရတဲ့ သတင်းစာဆရာ ၅ဝ ကျော်ရှိနေပြီး အဲဒီလူတွေဟာ သတင်းမီဒီယာဥပဒေနဲ့ ဖမ်းဆီးထားတာမျိုးမဟုတ်ပဲ ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုသတင်းတွေကို ရေးသားဖော်ပြလေ့ရှိတဲ့ Myanmar Now၊ ဒီဗွီဘီ၊ ခေတ်သစ်၊ 7 Days၊ မဇ္ဇျိမ၊ မြစ်ကြီးနားဂျာနယ်၊ The 74 Media၊ တာချီလိတ် သတင်းအေဂျင်စီ၊ Delta News အေဂျင်စီ၊ ဇေယျာတိုင်း(မ်) သတင်းအေဂျင်စီနဲ့ ကမာရွတ်မီဒီယာတို့ကို ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ လုပ်ငန်းလိုင်စင်တွေ ပိတ်သိမ်းခံခဲ့ရပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့အညွှန်းကိန်းအရ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အထဲက အဆင့် ၁၄ဝ ကို ရောက်ရှိသွားခဲ့ပြီး သတင်းမီဒီယာတွေအတွက် စိုးရိမ်ရတဲ့ အန္တရာယ် အနီရောင်အဆင့်မှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org