စစ်အာဏာသိမ်း ရှစ်လအကြာ မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်း
2021.09.17
မြန်မာနိုင်ငံမှာ အခုအပတ်အတွင်း မြန်မာကျပ်ငွေတန်ဖိုးဟာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၂,၀၀၀ ကျော်အထိ ရောက်ရှိနေသလို ပြည်တွင်းရွှေဈေးဟာလည်း အကယ်ဒမီရွှေ တစ်ကျပ်သားကို မြန်မာကျပ်ငွေ ၁၉ သိန်းကျော်အထိ မြင့်တက်ခဲ့ပါတယ်။
စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁,၃၃၀ ရှိခဲ့သလို ရွှေတစ်ကျပ်သားကိုလည်း ၁၃ သိန်းကျပ်သာ ရှိခဲ့တာကြောင့် ဒါဟာ စစ်အာဏာသိမ်းပြီးနောက် သမိုင်းမှာ မကြုံစဖူး အမြင့်ဆုံး စံချိန်တင်ခဲ့တာလည်းဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာဈေး မြင့်တက်တာနဲ့အတူ အခြေခံစားသောက်ကုန်လည်း မြင့်တက်လာနေတာကြောင့် အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်နေရတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိမ်ရှင်မတစ်ဦးက RFA ကို ပြောပါတယ်။
“ပထမလတွေတုန်းက အဲဒီလောက် မခက်ခဲဘူးလေ။ အခုလတွေမှာ ပိုပြီးတော့ခက်ခဲတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ကုန်ဈေးနှုန်းတွေက တက်တော့လေ။ ကိုယ်ကဈေးသွားဝယ်ပေမယ့် အရင်လို မဝယ်နိုင် ကြတော့ဘူးပေါ့နော်။ ဈေးနှုန်းတက်တော့ သူတို့ကလည်း ဈေးမလျော့ရောင်းဘူးလေ။ နောက်တစ်ခါ ကော်ဖီမစ်ဆိုလည်း ပရီမီယာပေါ့ ဥပမာ အရင်တုန်းက ၁၀၀ ဝယ်လို့ရတယ်၊ အခု ၁၅၀၊ နို့ဆီဆိုလည်း ဝမ်းတီးအချောင်းလေးတွေ အရင်က ၅၀၊ အခုတစ်ချောင်းကို ၁၀၀ ဝယ်ရတယ်။ အဲဒီလိုမျိုးပေါ့ အကုန်တွေ တက်တာလေ”
စားသုံးဆီ ဈေးနှုန်းတွေဟာ အရင်က ၂၀၀၀ ကျပ်တန်ဟာ အခုလက်ရှိမှာ ၄၀၀၀ ကျပ်ဝန်းကျင်၊ ဆန်ဈေးနှုန်း တွေဟာလည်း စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ဈေးနှုန်း တစ်ဆအထိ မြင့်တက်သွားခဲ့တာကို တွေ့ရပါတယ်။
ဒီလိုကုန်ဈေးနှုန်း ကြီးမြင့်လာတာတွေက မြန်မာငွေတန်ဖိုးကျပြီး ဒေါ်လာဈေး မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။
“ကုန်ဈေးနှုန်းတက်တာက သယ်ယူပို့ဆောင်ခ ဈေးကြီးလာတဲ့အတွက်ကြောင့်ပဲ။ လူတွေက ဒီအချိန်မှာ ကိုဗစ်ဖြစ်သွားတာက တစ်ကြောင်း၊ နိုင်ငံရေးအခြေအနေကြောင့် တစ်ကြောင်း ဒီနှစ်ခုကြောင့် တော်တော်များများက အလုပ်အကိုင်တွေ ရပ်နေတယ်။ အလုပ်အကိုင်လက်မဲ့တွေများတယ်၊ ဝင်ငွေက မရှိဘူးပေါ့နော်။ နောက် အသုံးစရိတ်က တက်လာတယ်။ ကိုဗစ်ကာလမှာ ဆေးဝါးပစ္စည်းတွေက ပြည်ပကနေ တင်သွင်းရတော့ ဒေါ်လာနဲ့ ပေးချေရတယ်။ သို့သော်လည်း ဒေါ်လာဈေးတက်နေတဲ့ အခါကျတော့ ပေးချေရမယ့် ငွေတန်ဖိုး လိုအပ်ချက်တွေ ဖြစ်လာတယ်”
မြန်မာကျပ်ငွေတန်ဖိုးဟာ အခုအချိန်မှာ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းနေတယ်လို့လည်း ဒေါက်တာစိုးထွန်းက ပြောပါတယ်။
မြန်မာကျပ်ငွေ တန်ဖိုးကျပြီး ဒေါ်လာဈေး မြင့်တက်နေတာကို ဖြေရှင်းဖို့အတွက် စစ်ကောင်စီရဲ့ ဗဟိုဘဏ် အနေနဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကနေ စက်တင်ဘာ ၁၅ ရက်နေ့အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၄.၈ သန်းကို ထုတ်ရောင်းခဲ့တာ တွေ့ရပါတယ်။
ဒါပေမဲ့ နိုင်ငံခြားငွေ ဝယ်ယူစုဆောင်းသူတွေ များပြားနေတာကြောင့် တရားမဝင် မှောင်ခိုဈေးကွက်မှာ ဝယ်လိုအားများပြီး တစ်ဒေါ်လာကို မြန်မာငွေ ၂,၀၂၀ ကျပ်အထိ ဖြစ်လာခဲ့တာလို့ ငွေကြေးလဲလှယ်သူတွေက ပြောပါတယ်။

ဗဟိုဘဏ်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ ရောင်းဈေးနဲ့ ဝယ်ဈေးအကြား ကွာဟချက်ကို ဝ.၈ % ဘောင်အတွင်း ဆောင်ရွက်ဖို့အချက်ကို စက်တင်ဘာလ ၁၀ ရက်နေ့က ပယ်ဖျက်ခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်ကြောင့် ပြည်တွင်းရွှေဈေးနှုန်းဟာလည်း ကျဆင်းသွားနိုင်ခြေရှိတယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအုန်းမြိုင်က သုံးသပ်ပါတယ်။
“အခုလည်း သူတို့လုပ်နေတာတွေက မဆိုးပါဘူး။ ဒေါ်လာငွေကြေးတွေကို ဝ.၈% ကွာပြီး အရောင်းအဝယ် လုပ်ရမယ်ပြောတယ်။ အခု ဘာမှ မသတ်မှတ်ပေးတော့ဘူးပေါ့။ အခုလက်ရှိမှာတော့ ဒေါ်လာ အရောင်း အဝယ်သမားတွေကို ထိန်းသိမ်းတယ်လည်း ကြားတယ်လေ။ အဲဒီအပေါ်မှာမူတည်ပြီး အရောင်းအဝယ် တွေတော့ ရပ်သွားမယ်။ အရောင်းအဝယ်ရပ်သွားလို့ရှိရင် ဒေါ်လာငွေကြေးသမားလည်း နည်းနည်းပါးပါး တော့ ပြန်တော့လျော့သွားမယ် ထင်ပါတယ်။ ဒီပေါ်မှာ အချိုးညီစွာနဲ့ ရွှေဈေးကလည်း ထပ်အေးရင် အေးသွားနိုင်တာပေါ့”
အခု ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ရောင်းဈေးနဲ့ ဝယ်ဈေးအကြား ကွာဟချက်အပေါ် ထိန်းညှိလိုက်တဲ့ နည်းလမ်း ကို ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ကလည်း အသုံးပြုခဲ့ပြီး ဈေးကွက်တည်ငြိမ်အောင် ဆောင်ရွက်နိုင် ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် နိုင်ငံတစ်ဝန်း မတည်ငြိမ်မှု တွေနဲ့ ငွေကြေးဖောင်းပွမှုတွေနဲ့ ကြုံနေရချိန်မှာ အဲဒီနည်းလမ်းက အဖြေမဟုတ်သေးဘူးလို့ လေ့လာသူတွေ က သုံးသပ်ကြပါတယ်။
"စီးပွားရေး အလားလာကလည်း ကောင်းစရာ မမြင်သေးဘူး ဆိုတော့ကား ဒီအတိုင်းဆိုရင် ပြည်တွင်းကုန်ဈေးနှုန်းတွေ အကုန်တက်မယ်။"
ရန်ကုန်မြို့က စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းကလည်း မြန်မာငွေကြေးတန်ဖိုးကို မထိန်းချုပ်နိုင်ဘူးဆိုရင် ပြည်သူတွေအတွက် အကျပ်အတည်း ပိုတွေ့လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ဝယ်အားရောင်းအားအပေါ် မူတည်ပြီးတော့မှ ဒေါ်လာဈေးကတက်မယ် သေချာတယ် ဒါကတက်မှာ။ ရွှေဈေးလည်း တက်မယ် ဘာဖြစ်လို့လည်းဆိုတော့ ပိုက်ဆံက ခိုင်မာမှုမရှိဘူး။ ဘာမှအာမခံချက်မရှိဘဲနဲ့ ရိုက်ထုတ်ထားတဲ့ ပိုက်ဆံတွေရှိတယ်။ နောက် စီးပွားရေး အလားလာကလည်း ကောင်းစရာ မမြင်သေးဘူး ဆိုတော့ကား ဒီအတိုင်းဆိုရင် ပြည်တွင်းကုန်ဈေးနှုန်းတွေ အကုန်တက်မယ်။ အဲဒီလိုတက်လို့ရှိရင် လက်လုပ်လက်စားတွေ၊ ဝင်ငွေနည်းတဲ့သူတွေ သူတို့ရဲ့အခြေအနေက ပိုပြီးဆိုးသွားဖို့ ရှိတယ်။ လောလောဆယ်တောင်မှပဲ တော်တော်လေးပြဿနာတက်နေပြီပေါ့နော်။ ဒီအတိုင်းသာ သွားလို့ရှင်ရင် အခြေအနေက ပိုပိုပြီးဆိုးသွားလိမ့်မယ် အဲဒီဆိုးသွားတာကို မထိန်းနိုင်ဘူးဆိုရင်တော့ကာ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေကော စီးပွားရေး အခြေအနေကော ဒီထက်ပိုပြီးတော့ အကျပ်အတည်း တွေ့လာ လိမ့်မယ် ပိုဆိုးသွားမယ်လို့ပဲ ဆရာတော့မြင်ပါတယ်”
လက်ရှိမှာ နိုင်ငံခြားငွေလိုအပ်ချက်ကို ဖြည့်တင်းဖို့ ကြိုးစားနေတဲ့ ဗဟိုဘဏ်ဟာ ပို့ကုန်ရငွေတွေထဲက မသုံးတဲ့ နိုင်ငံခြားငွေကို လေးလအတွင်း ဘဏ်တွေကို ဈေးကွက်ပေါက်ဈေးနဲ့ မဖြစ်မနေပြန်ရောင်းချဖို့ကို စက်တင်ဘာလ ၃ အမိန့်ကြေငြာစာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ ကိုဗစ်ကြောင့် ရပ်ထားရတဲ့ ပြည်တွင်းပို့ကုန်တွေကို တင်ပို့နိုင်ဖို့ကိုလည်း ပြင်ဆင်နေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြ ကြပါတယ်။
ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီး ၂၀၂၀ အောက်တိုဘာနဲ့ ၂၀၂၁ စက်တင်ဘာလအတွင်းမှာ ၁၈ ရာခိုင်နှုန်းကျဆင်းသွားနိုင်တယ်လို့ ဇူလိုင်လ ၂၆ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။
လာမယ့် ၂၀၂၂ ခုနှစ် အစောပိုင်းမှာတော့ ၂၀၁၉ ခုနှစ်ကထက် လူဦးရေနှစ်ဆဟာ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေကို ရောက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခုလက်ရှိမှာတော့ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်အနေနဲ့ ကုန်ဈေးနှုန်းတွေကလည်း ဆက်လက်မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။