သမိုင်းတစ်လျှောက် လွတ်မြောက်ရေးကြိုးပမ်းမှုတိုင်းမှာ မြန်မာ မွတ်စလင်တွေ ပါဝင်

မြန်မာပြည်ဖွား လူနည်းစု မွတ်စလင်တွေဟာ သမိုင်းတစ်လျှောက် လွတ်လပ်ရေးတိုက်ပွဲ ကနေ အခု စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲအထိ ကျရာအခန်းကဏ္ဍကနေ အသက်စွန့်၊ ဘဝစွန့် ပါဝင်နေကြပါတယ်။
ဒီလိုပါဝင်လှုပ်ရှားမှုတွေကြောင့် စစ်အာဏာသိမ်း တစ်နှစ်ကျော်ကာလအတွင်း မြန်မာ မွတ်စလင် ၅၉ ဦး အသက်ဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကောင်စီက ဧပြီလ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အခုသေဆုံးခဲ့သူတွေဟာ စစ်အာဏာသိမ်းမှုကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ခဲ့သူတွေဖြစ်ပြီး ရှေ့ဆက်လည်း ပါဝင်လှုပ်ရှားသွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကောင်စီ တာဝန်ခံ ဦးကျော်စွာက RFA ကို ပြောပါတယ်။
“မြို့ပေါ်မှာ ပါသွားတဲ့ဟာတွေ၊ ဖမ်းသွားပြီးတော့ အလောင်းပြန်လာယူခိုင်းတဲ့ ဟာမျိုးတွေ အကုန်ပါပါတယ်။ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး အသက်ပေးလိုက်ရတဲ့ သူ ကျနော်တို့ မှတ်တမ်းတင်လို့ရသလောက် ၅၉ ဦးပါ။ ဒီမိုကရေစီ တော်လှန်ရေးသမိုင်း အခု နွေဦးတော်လှန်ရေးမှာ ကျနော်တို့ မြန်မာ မွတ်စလင်တွေက ဘယ်တုန်းကမှ နောက်မှာ မနေခဲ့ဘူး။ အခုလက်ရှိလည်း လက်နက်ကိုင်တော်လှန်နေတဲ့သူတွေကလည်း တော်လှန်နေတယ်။ အခြားနည်းနဲ့ တော်လှန်နေတဲ့သူတွေကလည်း တော်လှန်နေတယ် ပေါ့နော်။ သူတို့ ပြုတ်ကျတဲ့အထိ ကျနော်တို့ တော်လှန်သွားမယ်လို့ ကျနော်တို့ ခံယူထားတယ်”
မြန်မာပြည်ဖွား လူနည်းစု မွတ်စလင်တွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကစလို့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု သမိုင်းတစ်လျှောက်မှာ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့တဲ့ သာဓကတွေ ရှိတယ်လို့လည်း စစ်ကိုင်းတိုင်းထဲက ဗလီရှေ့ဆောင်ဆရာ ဦးစိုးနေဦးက RFA ကို ပြောပါတယ်။
"မြန်မာပြည်ရဲ့ အလှည့်အပြောင်းတိုင်းမှာတော့ ကျနော်တို့ မြန်မာ မွတ်စလင်တွေက ပါခဲ့တယ်ပေါ့နော်။ ဆရာကြီး ဦးရာဇတ်တို့၊ အခုခေတ်မှာဆိုရင် ဆရာကြီး ဦးကိုနီတို့၊ ကိုမြအေး တို့လိုပေါ့နော် ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့တယ်။ အခု ၂၀၂၁ ဆိုရင် အများလည်းသိတဲ့ ကိုဝေမိုးနိုင် ပေါ့နော်။ သူလည်း မွတ်စလင်တစ်ယောက် ဖြစ်တယ်။ သူတို့ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့တယ်ပေါ့နော် တော်လှန်ရေး အဆက်ဆက်မှာ။ အခု ၂၀၂၁ မှာလည်း သမိုင်းပေး တာဝန်ဖြစ်လို့ ပါဝင်တယ်၊ ကလေးတွေဆီကို စနစ်ဆိုးကြီးတွေ လက်ဆင့်ကမ်း ရောက်မသွားစေချင်ဘူး။ အဲဒီအတွက် ကျနော်တို့ အာဏာရှင်ဆန့်ကျင်မှုမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်"

သူဟာ ၂၀၂၁ အာဏာသိမ်း လူထုဆန္ဒပြပွဲတွေ အားကောင်းတဲ့အချိန်တုန်းက စစ်တိုင်းတိုင်း ထဲက မြို့နယ်တစ်ခုမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ သပိတ်စစ်ကြောင်းကို ဦးဆောင်ခဲ့သူ ဖြစ်သလို အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ထောက်ပံ့ရေးလုပ်ငန်းတွေကို ယနေ့ထိ တစိုက်မတ်မတ် လုပ်ဆောင်နေသူ ဖြစ်ပါတယ်။
အာဏာသိမ်းကာလ အစပိုင်းမှာ ပြည်သူလူထုက လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပေမယ့် ရဲနဲ့ စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် လူငယ်တချို့က လက်နက်ကိုင်တော်လှန်ရေး ကို ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ အစ္စလာမ်ဘာသာဝင် လူငယ်တွေလည်း ပါဝင်ပါတယ်။
"အားလုံးလွတ်မြောက်ရေးအတွက် ကျနော်တို့မှာလည်း တာဝန်ရှိတဲ့အခါမှာ ကျနော်တို့ ဒီတိုက်ပွဲမှာ ပါဝင်ကြရတယ်"
စစ်အာဏာရှင်အဆက်ဆက် အုပ်စိုးတဲ့ မြန်မာနိုင်ငံမှာ လူနည်းစု မွတ်စလင်တွေဟာ အဆင့်နှိမ့်ပြီး အမြဲ ခွဲခြားဆက်ဆံခံရတာမို့ ဒီတိုင်းပြည်လွတ်မြောက်ရေးဟာ မြန်မာ မွတ်စလင်တွေရဲ့ လွတ်မြောက်ရေးလည်းဖြစ်တယ်လို့ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေတဲ့ မွတ်စလင်လူငယ် ကိုမျိုးကိုက RFA ကို ပြောပါတယ်။
"ကျနော်တို့ ဒီမွတ်စလင် လူနည်းစုတွေက ဘယ်တုန်းကမှ လွတ်လပ်မှုကို မရခဲ့ဘူး။ အမြဲတမ်း ခွဲခြားဆက်ဆံမှုကို ကျနော်တို့ ခံခဲ့ရတယ်။ တစ်ဆင့်နှိမ့် နိုင်ငံသားလို အမြဲ ဆက်ဆံခံရတယ်ပေါ့နော်။ မြန်မာနိုင်ငံသားလို ဆက်ဆံမခံရဘဲနဲ့ ကျနော်တို့က နိုင်ငံခြားသားတွေလိုလို၊ နိုင်ငံခြားက ရောက်လာတဲ့ လူမျိုးတွေလိုလို စစ်တပ်က ပုံဖော်ခဲ့တယ်။ အဲဒီတော့ ဒီနိုင်ငံ လွတ်မြောက်ရေးဟာ ကျနော်တို့ရဲ့ လွတ်မြောက်ရေးပဲ ဖြစ်တယ်။ အားလုံးလွတ်မြောက်ရေးအတွက် ကျနော်တို့မှာလည်း တာဝန်ရှိတဲ့အခါမှာ ကျနော်တို့ ဒီတိုက်ပွဲမှာ ပါဝင်ကြရတယ်"
အခု သူရောက်နေတဲ့ နေရာမှာတော့ ခွဲခြားဆက်ဆံမှုတွေ မရှိတော့ဘဲ ဦးဆောင်မှုပိုင်းတွေ မှာပါ မွတ်စလင် လူငယ်တွေကို နေရာပေးပြီး အတူတကွ တိုက်ပွဲဝင်မယ်ဆိုတဲ့ ကောင်းမွန် တဲ့ သဘောထားမျိုးကို တွေ့ရတယ်လို့လည်း ကိုမျိုးကိုက ဆိုပါတယ်။
စစ်အာဏာရှင်ကို ဖြုတ်ချပြီး ပြန်တည်ဆောက်မယ့် နိုင်ငံတော်သစ်ဟာ ခွဲခြားဆက်ဆံမှု မရှိဘဲ ငြိမ်းချမ်းမျှတတဲ့ နိုင်ငံသစ်ဖြစ်ဖို့ မျှော်လင့်တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ တက္ကသိုလ်တစ်ခုမှာ ပဋိပက္ခနဲ့ ငြိမ်းချမ်းရေး ဘာသာရပ်ကို လေ့လာနေသူ ကိုအောင်ကိုကို က ပြောပါတယ်။
“ဒီတော်လှန်ရေးမှာလည်း ကျနော်တို့ အတူတကွ ဘာသာပေါင်းစုံက လုပ်ကြကိုင်ကြတဲ့ အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နားလည်မှုတွေ၊ ယုံကြည်မှုတွေ ပိုရှိလာမယ်။ တစ်ယောက် ဒုက္ခလည်း တစ်ယောက် ပိုနားလည်လာကြမယ်ဆိုလို့ရှိရင် နောင်မှာ ပြန်တည်ဆောက်မယ့် နိုင်ငံတော်အသစ်မှာ ပိုပြီးတော့ ပဋိပက္ခတွေ ဖြစ်နိုင်ခြေနည်းမယ်။ ပိုပြီးတော့ စည်းလုံးညီညွတ်တဲ့ တိုင်းပြည်တစ်ခုကို ဆောက်နိုင်တဲ့ အခွင့်အလမ်း ပိုရှိမယ်။ စစ်အာဏာရှင်ကို ဖြုတ်ချပြီး ကျနော်တို့နိုင်ငံမှာ တည်ဆောက် မယ့် တိုင်းပြည်အသစ်က လည်း ပိုပြီးတော့ ငြိမ်းချမ်းတဲ့၊ ပိုပြီးတော့ တရားမျှတမှုရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်တယ်”
တန်းတူရေး၊ တရားမျှတရေးနဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံတော်သစ် တည်ဆောက်နိုင်ဖို့အတွက် အရပ်သားအစိုးရထံကနေ လက်နက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို ရရာနည်းလမ်း မျိုးစုံနဲ့ ကျရာကဏ္ဍကနေ ဆက်လက် ဆန့်ကျင်နေဦးမယ်လို့လည်း RFA က ဆက်သွယ် မေးမြန်းခဲ့တဲ့ မြန်မာ မွတ်စလင် လူငယ်တွေက ပြောဆိုကြပါတယ်။