ICJ တရားစွဲမှု လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အမြင်
2019.11.21
လူမျိုးတုံးသတ်ဖြတ်မှုများ ကာကွယ်ရေးနဲ့ အပြစ်ပေးအရေးယူခြင်းဆိုင်ရာ နိုင်ငံတကာ သဘောတူညီမှုကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့တဲ့အတွက် OIC အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ တရားစွဲဆိုခဲ့တာပါ။
မြန်မာနိုင်ငံကို ICJ အပြင် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC နဲ့ အာဂျင်တီးနားနိုင်ငံတရားရုံးတွေမှာလည်း တရားစွဲဆိုထားပေမယ့် မြန်မာအစိုးရကတော့ ICJ တခုတည်းကိုပဲ နိုင်ငံတကာ ဥပဒေလမ်းကြောင်းအရ ဖြေရှင်းမယ်ဆိုပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကာ တရားရင်ဆိုင်ဖို့ ဆုံးဖြတ် ထားပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာလကစလို့ ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေးဆိုတဲ့ တပ်မတော်ရဲ့ လှုပ်ရှား ဆောင်ရွက်ချက်တွေအရ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ ခြိမ်းခြောက်မှု၊ မောင်းထုတ်ခဲ့မှု စတဲ့ အချက်တွေကို အခြေခံပြီး တရားစွဲဆိုတာပါ။
ဒီအရေးကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေအပေါ် မြန်မာအစိုးရနဲ့ တပ်မတော်က တုံ့ပြန်ဖြေရှင်းပုံ အားနည်းခဲ့လို့ဆိုပြီး ဝေဖန်မှုတွေ ရှိပါတယ်။
ဒီလိုအခြေအနေတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာ အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမှာလည်း ထိခိုက်မှုတွေ ရှိလာမယ်လို့လည်း စိုးရိမ်ကြပါတယ်။
ဒီကိစ္စကို အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေအကြား အကျေအလည်ဆွေးနွေးပြီး နိုင်ငံတကာဥပဒေတွေကို နားလည်တဲ့ ပြည်တွင်းပြည်ပပညာရှင်တွေရဲ့ အကူအညီ ရယူဖြေရှင်းဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက အကြံပြုကြပါတယ်။
ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ တပ်မတော်အကြီးအကဲခေါင်းဆောင်တွေကို နိုင်ငံတကာက ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေနဲ့ ဖိအားပေးလာချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဘာသာပေါင်းစုံခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာတွေ ရှိလာပါတယ်။
နယ်မြေရှင်းလင်းရေးခေါင်းစဉ်အောက်မှာ တပ်မတော်ရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေအပြင် မြန်မာပြည်မှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေ ခွဲခြားဆက်ဆံမှုတွေ ရှိတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေကို ချေဖျက်ဖို့ တပ်မတော်အကြီးအကဲက ကြိုးစားတာလို့ အကဲဖြတ်သူတွေ ရှိပါတယ်။
NLD, USDP နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေဘက်ကတော့ မြန်မာပြည်မှာ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ ချစ်ခင်ညီညွတ်ဖို့ လိုအပ်ချက်အရသာ လုပ်တာဖြစ်ကြောင်း၊ နိုင်ငံတကာဖိအားတွေနဲ့ သက်ဆိုင်တယ်လို့ မယူဆကြောင်း သုံးသပ်ကြပါတယ်။
NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က တရားစွဲဆိုထားတဲ့ စွဲချက်တွေနဲ့ သက်ဆိုင်သူတွေကသာ ဒီအမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းသင့်တယ်လို့ ဆိုပါတယ်။
ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုချက်ကို တုံ့ပြန်ဖို့အတွက် နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေ ငှားရမ်းထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးအနေဲ့ ဦးဆောင်သွားရောက်မယ်လို့ မနေ့ညက အစိုးရက ကြေညာခဲ့ပါတယ်။
လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တရားစွဲဆိုတဲ့ ဂမ်ဘီယာနိုင်ငံက လျှောက်လဲရမှာဖြစ်ပြီး၊ ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ မြန်မာဘက်က လျှောက်လဲချက်ပေးရမှာဖြစ်ပါတယ်။