အာဏာသိမ်းတစ်နှစ်ကျော်အတွင်း ကလေးသူငယ် ၁၀၀ ကျော် သေဆုံး
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အခု မတ်လကုန်အထိ အချိန်တစ်နှစ်ကျော်အတွင်း RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရတဲ့ ပြည်သူ ၁၇၀၀ ကျော်အထဲမှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၁၀၀ ကျော် ပါဝင်ပါတယ်။
- 2022-03-31
-
-
-
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အခု မတ်လကုန်အထိ အချိန်တစ်နှစ်ကျော် အတွင်း RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရတဲ့ ပြည်သူ ၁၇၀၀ ကျော်အထဲမှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၁၀၀ ကျော် ပါဝင်ပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ ပြင်းထန်နေတဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ညောင်တောအုပ်စု ကူတုပ်ရွာက အိမ်တစ်လုံးပေါ် ကို မတ်လ ၂၆ ရက်နေ့ ညပိုင်းက လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် အသက် ၅၀ ဝန်းကျင်ရှိတဲ့ ဦးဖိုးကျော်နဲ့ အသက် ခြောက်နှစ်အရွယ် မောင်ဖိုးသင်္ကြန်တို့ သားအဖနှစ်ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။ အဲဒီလက်နက်ကြီးဟာ သူတို့ အိပ်နေတဲ့နေရာကို တည့်တည့်ကျလာတာလို့ မိသားစုနဲ့ နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။
“လက်နက်ကြီးနဲ့ ပစ်တယ်။ နှစ်လုံးကတော့ မကွဲဘူး။ တစ်လုံးကတော့ သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် သူ့အိမ်ကို တည့်တည့်ကျတယ်။ သူတို့ သားအဖနှစ်ယောက်က အိမ်ရှေ့ထွက်အိပ်နေတဲ့အချိန် ပွဲချင်းပြီး၊ သူ့သားလေးရော။ ကျန်တဲ့ မိန်းမနဲ့ ကလေး ပေါက်စကတော့ နောက်ကျော တင်ပါးခေါ်မလား အဲဒီကို မှန်သွားတာပေါ့”
ဦးဖိုးကျော်ရဲ့ ဇနီး ကိုယ်ဝန်သည်နဲ့ နောက်ထပ် အသက် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး ကတော့ ဒဏ်ရာတွေ ပြင်းထန်တာကြောင့် ဆေးရုံမှာ ကုသနေရတယ်လို့ ပြောပါတယ်။
အဲဒီနေ့က ရေစကြိုမြို့အနားမှာရှိတဲ့ အမှတ် (၂၅၈) ခြေလျင်တပ်ရင်းဘက်ကနေ ရွာတွေထဲကို လက်နက်ကြီးနဲ့ ၁၂ ချက်ခန့် ပစ်ခတ်ခဲ့ရာမှာ ကျရောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းပြီး တစ်လကျော်အကြာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီ တပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ရှင်ပြုအလှူ လုပ်ခါနီး အသက် ၁၂ နှစ်အရွယ် မောင်ထူးမြတ်ဝင်း သေဆုံးခဲ့ပါတယ်။
ကလေးသူငယ်တွေအပေါ် ပစ်မှတ်ထားတဲ့ လုပ်ရပ်တွေဟာ စက်ဆုပ်ရွံရှာစရာ ကောင်းတယ်လို့ မောင်ထူးမြတ်ဝင်း သေဆုံးမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ရွှေဘိုမြို့ခံ တစ်ဦးက RFA ကို ပြန်ပြောပြပါတယ်။
“ကလေးသူငယ်တွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်တာတွေ အဲလိုလုပ်ရပ် တွေက အင်မတန်မှ ရွံရှာစက်ဆုပ်ဖွယ်လုပ်ရပ်တွေလို့ ဒီလိုပဲ မှတ်ချက်ပြုရမယ်။ ရွှေဘိုမြို့မှာဆိုရင် အသက် ၁၃ နှစ်အရွယ် မောင်ထူးမြတ်ဝင်းဆိုတဲ့ ကလေးဆိုရင် ၃ လပိုင်း ၂၇ ရက် ၂၀၂၁ နေ့မှာ အဲဒီကလေးက စစ်ကောင်စီပစ်လိုက်တဲ့ ကျည်ကြောင့်ပဲ အသက် သေဆုံးခဲ့ရတယ်။ သူဆိုရင် အလှူပေးတော့မယ်ဗျာ။ အလှူမှာဝေမယ့် ယပ်တောင်လေးတွေကို သူ့ရဲ့ နာရေးမှာ ဝေလိုက်ရတယ်ဆိုတာ အင်မတန်မှ ရင်နာစရာ ကောင်းတဲ့ လုပ်ရပ်မျိုးပေါ့။ သွေးမတော် သားမစပ်တဲ့ ပြည်သူတွေတောင်မှ အရမ်း ခံစားရတယ်။ သူ့မိဘဆိုရင်လည်း အရူးတစ်ပိုင်းကို ဖြစ်သွားတာ”
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က ဆားလင်းကြီးမြို့နယ်၊ ဒုံးတောရွာမှာ စစ်ကောင်စီ တပ်သားတွေရဲ့ မီးရှို့ အသတ်ခံရသူ ၁၁ ဦးထဲမှာလည်း ၁၄ နှစ်ကနေ ၁၇ နှစ်အကြား ဆယ်ကျော်သက် လူငယ် လေးဦး ပါဝင်ခဲ့ပါတယ်။
အပြစ်မဲ့လူငယ်တွေ ထပ်ပြီးတော့ ပေးဆပ်ရမှာကို မလိုလားတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုံးတောရွာဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီက ပြည်သူလူထုကို ဒုက္ခပေးဖို့ တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့အတွက် ကလေးသူငယ် အခွင့် အရေး ဆိုတာလည်း သူတို့အနေနဲ့ သိမှာမဟုတ်ဘူး။ ကလေး သူငယ်တွေကိုလည်း ရွေးမှာ မဟုတ်ဘူး။ သက်ကြီး ရွယ်အိုတွေကိုလည်း ရွေးမှာ မဟုတ်ဘူး သတ်ဖြတ်နေမှာပဲ။ မဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေ အထူးသဖြင့် ကလေး သူငယ်တွေ ထပ်ပြီးတော့ ပေးဆပ်ရမှာကို ကျနော်တို့ မလိုလားတော့ဘူး။ ဆုံးလည်း မဆုံးရှုံးစေချင်ပါဘူး”
ကလေးတွေဟာ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြရာမှာ ပါဝင်ရာကနေ ပစ်ခတ်ခံရလို့ သေဆုံးရတာရှိသလို NUG နဲ့ PDF အဖွဲ့နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး ခံရပြီးနောက် သေဆုံးတာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် သေဆုံးရတာတွေ လည်း ရှိခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ် ဝန်ကြီးဌာန က မတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးကနေ အခုနှစ် မတ်လ ၁ ရက်နေ့ အထိ သေဆုံးတဲ့ ကလေးသူငယ် ၁၁၀ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ရဲ့ မတ်လ ၂၁ ရက်နေ့ လူ့အခွင့်အရေး ကောင်စီမှာ တင်သွင်းတဲ့ အစီရင်ခံစာထဲမှာလည်း တစ်နှစ်ကျော်အတွင်း ကလေးသူငယ် ၁၀၀ ထက်မနည်း သေဆုံးပြီး ၁၀၀ ကျော် ပျောက်နေတယ်လို့ ပါရှိပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ဘယ်ကလေးသူငယ်ကိုမှ ပစ်မှတ်ထား တိုက်ခိုက်စရာ အကြောင်းမရှိဘူးလို့ တုံ့ပြန်ပါတယ်။
“မြန်မာနိုင်ငံမှာ မည်သည့် ကလေးသူငယ်မှ ပစ်မှတ်ထားပြီး တိုက်ခိုက်စရာ အကြောင်း မရှိဘူး။ အဲဒီစွပ်စွဲနေတဲ့သူတွေ အခြေချနေတဲ့နိုင်ငံကပဲ စစ်ပွဲဖြစ်လာတိုင်း ကလေး သူငယ်ရော၊ သက်ကြီးရွယ်အိုရော မရှောင်ဘဲ တိုက်ခိုက်နေတာဖြစ်တယ်။ မယုံဘူးဆိုရင် ဗီယက်နမ်စစ်ပွဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကြည့်လိုက်ပေါ့ဗျာ။ အခုချိန်မှာတော့ စွပ်စွဲကြတာပေါ့ဗျာ။ ဟိုလိုမျိုး သတ်ဖြတ်တယ်၊ ဒီလိုမျိုး သတ်ဖြတ်တယ်ဆိုတာ။ အခုလက်ရှိ နိုင်ငံတော်အစိုးရအနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ရှိအောင် ဆောင်ရွက်လျက်ရှိတယ်”
NUG အစိုးရ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင် ကတော့ စစ်ကောင်စီက ငြင်းနေပေမယ့် သက်သေတွေရှိတာကြောင့် နိုင်ငံတကာ တရား စီရင်မှု အရ အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
“ဘာပဲပြောပြော ဒီလိုအခြေအနေမှာတော့ စစ်တပ်ကတော့ ငြင်းမှာပဲ။ တရားဝင်ကို ငြင်းမှာပဲ။ သို့သော် ငြင်းလို့ မရတော့ဘူး။ အခုအချိန်က အိုင်တီခေတ်လည်း ဖြစ်တယ်။ နည်းပညာခေတ်လည်း ဖြစ်တယ်။ တစ်ခုခုဆိုရင် သိလွယ်တယ်။ သတင်းပြန့်လွယ်တဲ့ ခေတ် ဖြစ်နေတဲ့အခါကျတော့ သူတို့လိမ်တာသည် သူတို့ကိစ္စပဲ ဖြစ်သွားတယ်။ ကျမတို့ဆီမှာ သက်သေတွေလည်း ရှိတယ်။ ပြည်တွင်းတရားစီရင်မှုက မရှိတဲ့ အခါကျတော့ နိုင်ငံတကာ တရားစီရင်မှုကို အားကိုးရတယ်။ ဆိုတော့ နိုင်ငံတကာ တရားစီရင်မှုအရပဲဖြစ်ဖြစ် အရေးယူနိုင်ဖို့ ကျမတို့ ကြိုးစားနေကြတယ်”
မြန်မာနိုင်ငံဟာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေစာချုပ်မှာ လက်မှတ်ရေးထိုး တာကြောင့် ပဋိပက္ခနဲ့ စစ်ပွဲတွေမှာပါ ကလေးသူငယ်အခွင့်အရေးကို လိုက်နာရမှာ ဖြစ်ပေမယ့် စစ်ကောင်စီဘက်က လိုက်နာမှု မရှိဘူးလို့လည်း သူက ပြောပါတယ်။
သေဆုံးသွားတဲ့ကလေးတွေရှိခဲ့သလို အသက်ရှင်နေတဲ့ ကလေးတွေလည်း အသံ ကျယ်ကျယ် ကြားရင်ကို ကြောက်လန့်နေကြတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ကလေးတွေဆိုရင် သူတို့ဒီလိုပညာတွေ ဆုံးရှုံးတော့မလားဆိုပြီး စစ်ကောင်စီကို လက်နက်နဲ့ ပြန်တွန်းလှန် ခုခံတဲ့ ကျောင်းသားအရွယ်လေးတွေလည်း ရှိတယ်။ ကျနော်တို့မြို့နယ်တောင်မှ တိုက်ပွဲတစ်ခုမှာ ရက်ရက်စက်စက် ခြေထောက်တွေ ကျိုးကြေအောင် ရိုက်နှက်ပြီးတော့ အသတ်ခံရတဲ့ ကလေး သုံးဦး ရှိခဲ့ပါတယ်။ မိဘတွေရဲ့ မျက်ရည်စက်လက်နဲ့ သူတို့ သားသမီးတွေကို ပြန်ပြီးတော့ အမှတ်ရပြီး ငိုကြွေးတဲ့ စကားသံတွေကိုလည်း နားထောင်ခဲ့ရပါတယ်။ ကားသံ ကြီးကြီးမားမား ကြားရင်ကို ကလေးတွေက အော်ဟစ်ပြီးတော့ ငိုတဲ့ အနေအထားတွေ၊ ကြောက်လန့် တကြားနဲ့ အသံကျယ်ကျယ် ကြားလိုက်တာနဲ့ ကလေးတွေမယ် ဆောက်တည်ရာမရ ထွက်ပြေးရတဲ့ အနေအထားတွေ ရှိပါတယ်”
ကုလအထူးကိုယ်စားလှယ် Tom Andrews ကလည်း စစ်တပ်အနေနဲ့ စစ်ဘေး ပဋိပက္ခတွေ ကနေ ထွက်ပြေးလာတဲ့ ကလေးငယ်တွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိလာ နေကြောင်း မတ်လ ၂၁ ရက်နေ့ ထည့်သွင်း ပြောသွားပါတယ်။
"က, ခ မသိတဲ့ အရွယ်လေးတွေကအစ ဖမ်းဆီးချုပ်နှောင်တဲ့ အခြေအနေတွေ ရှိနေတာပေါ့နော်"
ကလေးသူငယ်တွေအပေါ် ပစ်မှတ်ထားတာဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်တယ်လို့ ကနီမြို့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ကလေးတွေက NLD လည်းမသိဘူး။ ကြံ့ခိုင်ရေးလည်း မသိဘူး။ တစည လည်း မသိဘူး ဘာမှမသိဘူး။ သူ့အဖေက နိုင်ငံရေးလုပ်လို့၊ သူ့ ဦးလေးက နိုင်ငံရေးလုပ်လို့၊ သူ့မောင် က PDF လုပ်လို့ဆိုပြီး တွေ့သမျှအကုန် သတ်ဖြတ်တာပေါ့နော်။ က, ခ မသိတဲ့ အရွယ်လေးတွေကအစ ဖမ်းဆီးချုပ်နှောင်တဲ့ အခြေအနေတွေ ရှိနေတာပေါ့နော်။ ဒါတွေက တအားစိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေ ဖြစ်ပါတယ်”
ကုလသမဂ္ဂမှာ ပြဋ္ဌာန်းထားတဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းကို ၁၉၉၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေကို ဥပဒေနဲ့အညီ ဘက်ပေါင်းစုံက ကာကွယ် စောင့်ရှောက်နိုင်ဖို့ ၂၀၁၉ ခုနှစ်မှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို သမ္မတ လက်မှတ်ထိုးပြီး အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။
ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအရ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေး သူငယ်တွေကို ထိခိုက်သေဆုံးအောင် မလုပ်ရဘူးလို့ ပါဝင်ပေမယ့် စစ်တပ်အနေနဲ့ ဒီဥပဒေတွေကို မလိုက်နာဘူးလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောကြပါတယ်။