မုံရွာမှာ ထောင်ပြောင်းအချုပ်ကား မိုင်းဆွဲခံရလို့ နိုင်ကျဉ်းသေဆုံးမှုရှိ

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.08.16
မုံရွာမှာ ထောင်ပြောင်းအချုပ်ကား မိုင်းဆွဲခံရလို့ နိုင်ကျဉ်းသေဆုံးမှုရှိ စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်ကို တွေ့ရစဉ်
Photo : Citizen Journalist

ဩဂုတ်လ ၁၅ ရက်နေ့ နေ့လည် ၁ နာရီလောက်က စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်ကနေ စစ်ကား ငါးစီးပေါ်မှာ နိုင်ငံရေးအကျဉ်းသားတွေကိုတင်ပြီး မန္တလေး အိုးဘိုထောင်နဲ့ မြင်းခြံထောင်တွေကို ပြောင်းရွှေ့ဖို့ တာလပတ်အုပ်ထွက်ခွာလာတဲ့ကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတာပါ။

မိုင်းဆွဲခံလိုက်ရလို့ ရှေ့ဆုံးကမောင်းလာတဲ့ အချုပ်ကားပေါ်က CDM ဆရာဝန် ကချင်တိုင်းရင်းသား ဒေါက်တာ ဇော်ထွယ်အောင် သေဆုံးခဲ့တယ်လို့ မုံရွာသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုအောင်နေမျိုးက RFA ကိုပြောပါတယ်။

“ဘယ်အဖွဲ့က လုပ်မှန်းတော့ မသိဘူးပေါ့ မိုင်းပေါက်ပြီးတော့ နိုင်ငံရေးသမားတွေ ထောင်ပြောင်းလာတဲ့ ကား ငါးစီးပေါ့ လုံခြုံရေးကားတွေကောပါတာပေါ့ ဒါပေမဲ့ အဲငါးစီးထဲက ရှေ့ဆုံးကားထိတာလို့ပြောတယ်၊ ဒေါက်တာကတော့ အဲမှာတင်ပဲ ဆုံးသွားတယ် သူနဲ့အတူတူ ခြေချင်းခတ်ထားတဲ့ တစ်ယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရသွားတယ်ပြောတယ်၊ သံခြေချင်းခတ်တာကလည်း တစ်ယောက်တစ်ခုခတ်တာ မဟုတ်ဘဲနဲ့ နှစ်ယောက်တစ်ခုဆိုတော့ အဲတော့ တစ်ယောက်ထိရင် တစ်ယောက် အဲလိုအတွဲလိုက်ကြီးတွေ ဖြစ်နေတာပေါ့။”

လွန်ခဲ့တဲ့ ၃ လလောက်ကလည်း မုံရွာအကျဉ်းထောင်ကနေ ထောင်ပြောင်းလာတဲ့ကား မိုင်းဆွဲခံရလို့ နိုင်ငံရေး အကျဉ်းသူ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။

ထိခိုက်သေဆုံးမှု အချက်အလက်တွေကို အတိအကျမသိရသေးပေမဲ့ ကားဒရိုင်ဘာ၊ ဒေါက်တာ ဇော်ထွယ်အောင်တို့ သေဆုံးပြီး တက်ကြွလှုပ်ရှားသူ ကိုအာဏာငြိမ်းချမ်း၊ ကိုဝေယံထက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀ နီးပါးရှိတာ သိရတယ်လို့ နိုင်ငံရေး အကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“ပထမတစ်ကြိမ်မှာဆိုရင် အဲဒီဒေါက်တာတို့က ခွေးဘီလူးနဲ့ စစ်ဆေးရုံကို တင်ခေါ်သွားပြီးတော့ လမ်းမှာတင် ကွယ်လွန်သွားတယ်လို့ ပြောတယ်။ သူနဲ့အတူတူ ငါးယောက်လောက်က တော်တော်လေးကို စိုးရိမ်ရတဲ့ အနေအထားလို့ ကျွန်တော်တို့ သိရတယ်ပေါ့နော်။ နောက်တစ်ဦးကကျတော့ ကျွန်တော်တို့ နောက်တစ်ခုကတော့ တော်တော်အကွာအဝေး ရောက်တဲ့အချိန်ကျတော့ နောက်ထပ်တစ်ကြိမ်မိုင်းဆွဲတာတော့ အယောက် ၂၀ လောက် ထိတယ် ပြောတယ်၊ ဒေါက်တာနဲ့ အတူတူထဲမှာ ကိုဝေယံလင်းပါတယ် သူက အသက်အန္တရာယ် တော်တော်လေး စိုးရိမ်ရတယ်လို့ ကြားတယ်။”

ထိခိုက်ဒဏ်ရသူတွေထဲမှာ တက်ကြွလှုပ်ရှားသူ ကိုအာကာငြိမ်းချမ်းနဲ့ ကိုဝေယံထက်တို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်လို့ သိရပါတယ်။ ကားငါးစီးဟာ စစ်ကိုင်း - မန္တလေး လမ်းပိုင်းမှာ နှစ်ကြိမ် မိုင်းဆွဲခံရတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

မုံရွာဒေသခံတစ်ဦးကတော့ ဒီအကြောင်းနဲ့ ပတ်သက်လို့ မသိရသေးပေမဲ့ ကြေးပြားတွေသယ်တဲ့ စစ်ကားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တယ်လို့ ကြားသိရကြောင်း ပြောပါတယ်။

“အကျဉ်းထောင် ရွှေ့တယ်ဆိုတာတော့ မသိဘူးပေါ့နော် အခုအချိန်အထိ ညီမတို့သိတာကတော့ ကြေးပြားကားတွေကို တိုက်ခိုက်တာမျိုး တစ်ပြိုင်နက်တည်းမှာပဲ မနေ့က စစ်ကိုင်းဘက်က လာတဲ့ကားတွေရှိသလို မုံရွာဘက်ကနေလာတဲ့ကားတွေရှိတယ်ဆိုတာ သိရတယ်ပေါ့၊ ကားတွေက ဝင်တဲ့ဟာကဝင် ထွက်တဲ့ဟာကထွက် ရှုတ်ယှက်ခတ်ပြီးတော့ ဘာကဘာလဲဆိုတာ သေချာမလိုက်နိုင်ဘူးပေါ့။ မုံရွာ - မန္တလေး တစ်တောက်လျှောက်လုံးကပေါ့ လမ်းဘေးမှာ ယာဉ်တန်းတွေ သွားလို့ရှိရင် အမြဲမိုင်းစွဲ နေကျပေါ့နော် အဖွဲ့တွေကလည်း အများကြီးရှိတာဆိုတော့ ဒါကဘယ်အဖွဲ့ရဲ့ မိုင်းဖြစ်တယ်ဆိုတာကလေ အဲဒါကျတော့ အတည်ပြုဖို့ ခက်တယ်။”

ဒါနဲ့ပတ်သက်ပြီး အခြေအနေအသေးစိတ်ကို RFA အနေနဲ့ စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့် ရှိသူဆီကို RFA ကဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

ဘယ်အဖွဲ့က မိုင်းခွဲခဲ့တယ်ဆိုတာကို RFA အနေနဲ့ မသိရှိရသေးသလို တော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

အချုပ်ကား မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ်မှာ သေဆုံးခဲ့ရတဲ့ ဒေါက်တာ ဇော်ထွယ်အောင်ဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်ပွဲတွေမှာ ထောက်ခံပါဝင်ခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်က မုံရွာမြို့မှာ ဖမ်းဆီးခံခဲ့ရတာပါ။

မုံရွာမြို့၊ ချမ်းမြေ့ဝတီရပ်ကွက်မှာနေထိုင်တဲ့ ဒေါက်တာ ဇော်ထွယ်အောင်ကို PDF နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မုံရွာအကျဉ်းထောင် အထူးတရားရုံးကနေ ၂၀၂၃ ခုနှစ်၊ မတ်လက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀(ည)နဲ့ ထောင် ၁၀ နှစ်ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်တဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ အဲဒီအချိန်က ဖော်ပြကြပါတယ်။

အလားတူ ကိုအာကာငြိမ်းချမ်းလည်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း မုံရွာမြို့မှာ ဖမ်းဆီးခံရတာပါ။ ကိုအာကာငြိမ်းချမ်းဟာ မုံရွာမြို့ပေါ်မှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ သူကိုယ်တိုင် ထွက်ဆိုထားတဲ့ ရုပ်သံဖိုင်တစ်ခုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုအာကာငြိမ်းချမ်းကို ဘယ်လိုပုဒ်မတွေနဲ့ အရေးယူခဲ့တယ်ဆိုတာ မထုတ်ပြန်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လက ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်ကနေ ခေါ်ထုတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးထဲမှာ သေဆုံးသူ ရှစ်ဦးအထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အခုနှစ် ဇူလိုင် ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။