တစ်လင်တစ်မယားစနစ် ဥပဒေ ပြင်ဆင်ဖို့ သူရဦးအောင်ကို တင်ပြ
2018.11.29
RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
~~~~~~~~~~
(ကျော်ထွန်းနိုင်)
■ တစ်လင်လစ်မယားမနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို သင့်တော်တဲ့အချိန်မှာ ပြန်လည်ပြင်ဆင်ဖို့ မြိုင်ကြီးငူ ဆရာတော်ဘုရားကြီး ဘန္ဒန္တသုဇနရဲ့ ဈာပန အခမ်းအနားကို တက်ရောက်လာတဲ့ ဆရာတော် သံဃာတော်တွေကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက အခုလို လျှောက်ထားခဲ့တာဖြစ် ပါတယ်။
"တစ်လင်တစ်မယား ဥပဒေနဲ့ ပတ်သက်ရင် ဘုရားတပည့်တော် လျှောက်ထားခဲ့သလိုပဲ ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသားတွေကပဲ အရေးယူခံနေရတဲ့အခါကျတော့ သင့်တော်တဲ့အချိန်ကာလ ရောက်တဲ့အခါမှာ ဒီဥပဒေကိုပိုပြီးမှ အဆင်ပြေချောမွေ့အောင် ဘုရားတပည့်တော် ရိုသေလေးမြတ်စွာ လျှောက်ထားလိုပါတယ် ဘုရား"
ဒါ့အပြင် ဗုဒ္ဓဘာသာဝင်တွေ သားသမီး တစ်ယောက်၊ နှစ်ယောက်ယူနေချိန်မှာ အစွန်းရောက် ဘာသာကြီးတစ်ခုက ဇနီးမယား ၃၊ ၄ ယောက်ယူပြီး သားသမီးတွေ ၁၄ ယောက၊် အယောက် ၂၀ လောက် ဖွေးဖွားနေကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက လျှောက်ထားခဲ့ပါတယ်။
ဒါ့အပြင် လာမယ့် နှစ်ပေါင်း ၃၀၊ ၄၀၊ ၅၀ ကြာမြင့်တဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေဟာ လူနည်းစုဖြစ်သွားနိုင်ကြောင်းလည်း ဝန်ကြီး သူရဦးအောင်ကိုက ဆရာတော်တွေကို လျှောက်ထားချက်မှာ ပါဝင်ပါတယ်။
တစ်လင်တစ်မယားစနစ် ဥပဒေဟာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ပြဌာန်းပေးဖို့တောင်းဆိုခဲ့တဲ့ မျိုးစောင့်ဥပဒေ ၄ ခုထဲက တစ်ခုဖြစ်ပါတယ်။
အဲဒီမျိုးစောင့် ဥပဒေ ၄ ခုလုံးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်အများစု လွှတ်တော်တွင်းမှာရှိနေချိန် ၂၀၁၅ ခုနှစ် မေလနဲ့ သြဂုတ်လတွေမှာ အသီးသီး အတည်ပြုပြဌာန်းခဲ့ပါတယ်။
အဲဒီထဲက တစ်လင်တစ်မယားစနစ် ဥပဒေကို နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှာ သမ္မတက လက်မှတ်ရေးထိုးပြီး ဥပဒေ အတည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
မျိုးစောင့်ဥပဒေတွေကို ပြဌာန်းတာဟာ ဗုဒ္ဓဘာသာဝင်တွေ လုံခြုံမှုရှိစေဖို့အတွက် ရည်ရွယ်ပြဌာန်းခဲ့တာလို့ ဥပဒေပြဌာန်းရေးကြိုးစားချိန်မှာ ဦးဆောင်လှုပ်ရှားတဲ့ မဘသခေါင်းဆောင်တွေနဲ့ ဒီဥပဒေကို ထောက်ခံသူတွေက ပြောဆိုခဲ့ပါတယ်။
မိန်းမအများအပြားယူပြီး ဘာသာတူ လူဦးရေများလာဖို့ ကြိုးစားမှုတွေကို ဟန့်တားနိုင်ဖို့အတွက် တစ်လင်တစ်မယား စနစ် ဥပဒေကို ပြဌာန်းခဲ့တာဖြစ်ပြီး ပြင်ဆင်မှုကြိုးစားမယ်ဆိုရင် ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း လွှတ်တော်တွင်းမှာ ဥပဒေကိုပြဌာန်းဖို့ဆွေးနွေးရာမှာ ထောက်ခံခဲ့တဲ့ အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောပါတယ်။
"အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဥပဒေဟာ ခပ်ကျဉ်းကျဉ်းလေးအမြင်နဲ့ ကြည့်လို့မရဘူး၊ အဲဒီဥပဒေကြောင့် တရားစွဲခံရတဲ့သူ ဘယ်လောက်ရှိတယ်ဆိုတဲ့အပေါ်မှာ အခြေခံပြီးတော့ ဒီဥပဒေကို အတည်ပြုခဲ့တာ မဟုတ်ဘူး၊ ဒီဟာက ဘာလဲဆိုရင် တစ်လင်တစ်မယားစနစ်ကို အဓိကဖျက်ဆီးတဲ့ အဓိကချိုးဖောက်တဲ့သူတွေက မယားအများအပြားယူတဲ့ အားပေးတဲ့သူတွေက ဘာသာတူတဲ့ လူဦးရေ များပြားဖို့အတွက်လုပ်တဲ့ ရည်မှန်းချက်နဲ့ ကျနော်တို့ သမိုင်းတလျှောက်လုံးမှာ မြန်မာအမျိုးသမီးတွေဟာ အငယ်အနှောင်းတွေဖြစ်ခဲ့ရတယ်၊ ဒီဥပဒေကို ပြင်ဆင်ဖို့အတွက် လက်မခံနိုင်တဲ့သူတွေများရင် ဒါကိုကန့်ကွက်တဲ့ ပြည်သူ့အသံတွေ၊ ပြည်သူ့ဆန္ဒတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာမှာကတော့ သေချာတယ်"
ဒါပေမဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှား သူတွေကတော့ မျိုးစောင့်ဥပဒေတွေကို မပြဌာန်းသင့်ကြောင်း လွှတ်တော်တွင်းမှာရော လွှတ်တော်ပြင်ပတွေကနေပါ ကန့်ကွက်ပြောဆိုတာတွေရှိခဲ့ပါတယ်။
မျိုးစောင့်ဥပဒေကို လွှတ်တော်တွင်းမှာ ကန့်ကွက်ဆွေးနွေးခဲ့တဲ့ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ပါတီတွေက လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။
အဲဒီအချိန်က ဥပဒေမပြဌာန်းဖို့ ကိုယ်တိုင်ကန့်ကွက် ဆွေးနွေးခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် လက်ရှိလည်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင်က မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေရှိနေတာကြောင့် တစ်လင်တစ်မယား စနစ်ဥပဒေကို ပြင်ဆင်မလား ဖျက်သိမ်းမလားဆိုတာကို ပြန်လည်စဉ်းစားရမယ့်ကိစ္စဖြစ်ကြောင်း ထောက်ပြပြောပါတယ်။
"ဒီဥပဒေက ခေတ်ကာလနဲ့လည်း မလျှော်ညီဘူး၊ နောက်တစ်ခါကျတော့ ပြည်သူလူထုအတွင်းမှာလည်း အခက်အခဲတွေရှိတယ်၊ ပြောချင်တာက ဥပဒေရဲ့ ထိရောက်မှုဟာ အင်မတန်နည်းတယ်ဆိုရင်တော့ ဒီဥပဒေတွေက ပြဌာန်းဖို့ရာမသင့်တဲ့ ဥပဒေတွေပဲလေ၊ ဘာကြောင့်လည်းဆိုရင် မြန်မာ့ထုံးတမ်းဓလေ့ ဥပဒေက ကျမတို့ တိုင်းပြည်မှာ ရှိပြီးသားလေ၊ အဲဒီ မြန်မာ့ထုံးတမ်းဥပဒေနဲ့ သွားမယ်ဆိုရင်လည်း သွားလို့ရတယ်၊ အဲဒီတော့ ဒီတစ်လင်တစ်မယားဥပဒေကလည်း ပြဌာန်းပြီးတဲ့နောက်မှာလည်း ပြည်သူလူထုတွေက ဒီဥပဒေရဲ့အပေါ်မှာ လိုက်နာကျင့်သုံးပြီးတော့ ဒီဥပဒေနဲ့ ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေကလည်း အင်မတန်မှနည်းတယ်ဆိုတာ ကျမတို့ တွေ့ရတယ်"
ဒါပေမဲ့ လက်ရှိအချိန်ထိတော့ မျိုးစောင့်ဥပဒေ ၄ ခုထဲက ဘယ်ဥပဒေကိုမှ ပြင်ဆင်မယ်ဆိုပြီး လွှတ်တော်ကို တင်ပြထားတာမရှိသေးကြောင်းလည်း ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဦးဆောင်တဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲကလက်ထက်မှာ မျိုးစောင့် ဥပဒေတွေပြဌာန်းခဲ့တာဟာ နိုင်ငံရေးရည်ရွယ်ချက်တွေ၊ ဘာသာရေးအရ စိတ်ဝမ်းကွဲမှုတွေဖြစ်ပေါ်အောင်နဲ့ လူမျိုးရေး ပဋိပက္ခတွေဖြစ်အောင် ဖန်တီးဖို့အတွက် ရည်ရွယ်လုပ်ဆောင်တယ်ဆိုတဲ့ အမြင်တွေလည်း ရှိပါတယ်။
ဗုဒ္ဓဘာသာဝင်တွေကို ကာကွယ်ဖို့အတွက် ပြဌာန်းပေးတာလို့ပြောဆိုပေမယ့် မျိုးစောင့်ဥပဒေတွေဟာ ရှုပ်ထွေး မှုတွေဖြစ်အောင် ဖန်တီးထားတဲ့ ဥပဒေဖြစ်ကြောင်း Triangle အမျိုးသမီးအဖွဲ့ ဒါရိုက်တာ ဒေါ်ခင်လေးက ပြောပါတယ်။
"ရည်ရွယ်တာကတစ်ခု ဖြစ်နေတဲ့ ပြဿနာကကြတော့ ကိုယ့်အရှုပ်ကိုယ်ပြန်ပတ်ပြီးတော့ ဦးဆောင်လုပ်ခဲ့တဲ့ သူတွေရဲ့ ဘာသာဝင်တွေပဲ ထိခိုက်ခံစားရတဲ့ ပုံစံမျိုးဖြစ်နေတာကိုပဲ တွေ့ရတယ်၊ ဒါကဘာကိုပြလည်းဆိုရင် ဒီဥပဒေကို ပြဌာန်းဖို့ စတင်အကြံပြုအဆိုပြုခဲ့တဲ့သူတွေရဲ့ စေတနာဟာ မှားယွင်းနေတယ် စေတနာမမှန် တဲ့အတွက် ဒါဟာ မကောင်းတဲ့တုံ့ပြန်မှုတွေရတယ်လို့ပဲ ကျမတို့ မြင်ပါတယ်"
ဒါ့ကြောင့် ၂၀၁၅ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ လူဦးရေတိုးပွားမှုနှုန်း ထိန်းချုပ်ခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတွေအားလုံးဟာ ခေတ်ကာလနဲ့ ကိုက်ညီမှုမရှိတာကြောင့် ပြန်လည်ပြင်ဆင် ပယ်ဖျက်ဖို့လိုကြောင်းလည်း ဒေါ်ခင်လေးက ပြောပါတယ်။
တစ်လင်တမယားစနစ် ဥပဒေနဲ့ အရေးယူခံရသူဟာ အမြင့်ဆုံးအနေနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ ချခံရနိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်တဲ့ အခြေအနေရှိပါတယ်ခင်ဗျာ။