လုပ်ပိုင်ခွင့်တိုးလာတဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအမိန့်
2019.11.15
ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နဲ့အတူ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) တို့ကို အသစ်ပြဌာန်း လိုက်တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဆိုင်ရာအမိန့်မှာ ဦးစီးအဖွဲ့တွေ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လွတ်လပ် စွာဆောင်ရွက်နိုင်ကြောင်း ပါရှိပါတယ်။
ဒါ့အပြင် အဲဒီအဖွဲ့ဟာ တည်ဆဲအာဏာပိုင် အဖွဲ့အစည်းတစ်ခုခုရဲ့ ဖွဲ့စည်းပုံမှာ ထည့်သွင်းဖွဲ့စည်းထားရင်တောင် အာဏာပိုင်အဖွဲ့အစည်းနဲ့မတူတဲ့ သီးခြားလုပ်ငန်းတွေ သတ်မှတ်တာလည်း ပါဝင်နေပါတယ်။
လုပ်ပိုင်ခွင့်တွေ ပိုပေးလိုက်တဲ့အတွက် လက်တွေ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ စစစရဲ့ ညွန်ကြားရေးမှူး ဦးအောင်မျိုးက RFA ကို ပြောပါတယ်။
“ငွေကြေးခဝါချမှုနဲ့ ပတ်သက်တဲ့လုပ်ငန်းကို ဆောင်ရွက်တဲ့အပိုင်းလေးတွေမှာ လိုအပ်တဲ့ တချို့လုပ်ပိုင် ခွင့်လေးတွေ ထပ်ပြီးဖြည့်ပေးထားတာရှိတာပေါ့၊ အဲတော့ လုပ်ငန်းတကယ့် လက်တွေ့ဆောင်ရွက်တဲ့ အခါကြရင်တော့ ကျွန်တော်တို့ နည်းနည်းလေးပိုပြီးတော့ ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်လာနိုင် မှာပေါ့နော်၊ အဲလိုပဲ ပြောလို့ရမှာပေါ့၊ ကျွန်တော်တို့ဒါက ဟိုဟာမျိုးမဟုတ်ဘူး၊ လိုအပ်မှ ဗဟိုအဖွဲ့က တာဝန်ပေးအပ်မှ ဒါတွေလုပ်ဖို့လိုအပ်တယ်ဆိုမှ ဆိုတော့ လိုအပ်တဲ့ကိစ္စမျိုး ပေါ်ပေါက်လာမှပဲ တာဝန်ပေးမှာလေ ဗဟိုအဖွဲ့က၊ အဲလိုမျိုးမှပဲ ဆောင်ရွက်နိုင်အောင် ဒါပြဌာန်းထားတာဖြစ်ပါတယ်”
ဒီဥပဒေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပိုတိုးလာမှာဖြစ်ပြီး အသုံးဝင်လိမ့်မယ်လို့ ဘဏ်လုပ်ငန်း ကျွမ်းကျင်ပညာရှင် ဦးရဲမင်းဦးက ပြောပါတယ်။
“ငွေကြေးခဝါချတဲ့ကိစ္စတွေကို ဟိုးအရင်ကတည်းက စစစ ကပဲကိုင်တာ ဒီကိစ္စတွေက၊ ဆိုတော့ ဒီဥပဒေက ကျွန်တော်တို့မြင်တာက စစစ ကိုပိုပြီးတော့ အားဖြည့်ပေးချင်တဲ့ သဘောလို့ပဲမြင်တယ်၊ လုပ်ပိုင်ခွင့် ပိုပေးတဲ့သဘော၊ အဖွဲ့အစည်းသီးခြားထပ်ဖွဲ့ရင်တောင် အဲဒီထပ်ဖွဲ့တဲ့ အဖွဲ့အစည်းသည် စစစ ထဲက တာဝန်ရှိသူတွေကနေ အဖွဲ့ကနေ ခွဲထွက်လာတဲ့အဖွဲ့မျိုးပဲဖြစ်ရမယ်၊ ဒါကျွန်တော်တို့ ယူဆတာပေါ့၊ နောက်တစ်ခုက ဘာလို့ ငွေကြေးခဝါချမှုကို အပြင်းအထန်လုပ်ဖို့ လိုလာလဲဆိုတော့ ကျွန်တော်တို့ အခုဒီ နိုင်ငံခြားဘဏ်တွေစပေးပြီကိုး၊ နိုင်ငံခြားလုပ်ငန်းတွေ မြန်မာနိုင်ငံကို ဝင်ခွင့်ပြုပြီလို့ ကြေညာတဲ့အချိန်မှာ မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုမရှိတဲ့ တိုင်းပြည်ဖြစ်မှ ဒီရင်းနှီးမြှုပ်နှံမှုတွေကို ကျွန်တော်တို့က အာမခံနိုင်မယ်၊ သဘောကတော့ ဘယ်လိုလဲဆိုတော့ဗျာ ဗဟိုဘဏ်လိုမျိုး၊ ဒီ Cacular လို အနေနဲ့ရှိတဲ့ အဖွဲ့အစည်းတွေက ခိုင်မာတယ်၊ စည်းမျဉ်းစည်းကမ်း အတိအကျလုပ်တယ်၊ ဒါမျိုးပြဖို့လိုအပ်သလို တစ်ဖက်ကလည်း ဒီငွေရေးကြေးရေးနဲ့ပတ်သက်ရင် ငွေကြေးခဝါချမှုအပိုင်းမှာ လုံးဝမဖြစ်အောင်လို့ ထိန်းသိမ်းနိုင်တဲ့ဥပဒေနဲ့ ထိန်းသိမ်းနိုင်တဲ့အဖွဲ့တွေ ရှိနေတယ်ဆိုတာလည်း ကျွန်တော်တို့က ပြဖို့လိုတယ်၊ ဒါမှဒီ ငွေရေးကြေးရေးနဲ့ဆိုင်တဲ့ ရင်းနှီးမြှုပ်နှံမယ့်ဘဏ်တွေ အာမခံတွေ နောက်တစ်ခါ တစ်ခြားကုမ္ပဏီတွေ လာတဲ့အချိန်မှာ သူတို့ကလည်း မြန်မာနိုင်ငံမှာ မဟုတ်တာ မဟုတ်ပါဘူးဆိုတဲ့ သဘောမျိုးပေါ့ဗျာ နိုင်ငံတကာကို သူတို့ပြောနိုင်တာပေါ့၊ ကျွန်တော်မြင်တာတော့ ဒီဥပဒေကတော့ လက်ရှိကျွန်တော်တို့အတွက် အသုံးဝင်လိမ့်မယ် ကောင်းလည်းကောင်းလိမ့်မယ်ပေ့ါ”
စုံစမ်းမယ့်သူတွေဟာ ရင်းနှီးမြှုပ်နှံမှုတစ်ခုခု လုပ်ငန်းတစ်ခုခုအတွက် လုပ်ပိုင်ခွင့်ရသွားတဲ့သူတွေရဲ့ ငွေကြေးတွေဟာ ငွေဖြူဖြစ်မဖြစ်၊ တရားမဝင်နည်းလမ်းနဲ့ ရထားတာဟုတ်မဟုတ်နဲ့ စတဲ့စုံစမ်းစစ်ဆေးတာတွေ လုပ်မှာဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်ရောင်းစားလိုက်တဲ့ပုံစံ အဂတိလိုက်စားမှုမျိုးတွေ ဖြစ်လာမလားဆိုတော့ ပြောရခက်တဲ့အပြင် အဖွဲ့ဝင်တွေ ဘယ်သူပါမယ်ဆိုတာလဲ မသိသေးတဲ့အတွက် ခန့်မှန်းလို့မရသေးဘူးလို့ ဦးရဲမင်းဦးက ဆိုပါတယ်။
ငွေကြေးဆိုင်ရာ စိစစ်ရေးအဖွဲ့နဲ့ စစစ တို့ဟာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က ပေးပို့လာတဲ့ အမှုတွေနဲ့ သတင်းအရင်းအမြစ်တွေကို စုံစမ်းတဲ့အခါ သက်သေခံပစ္စည်းတွေ ချိတ်ပိတ်နိုင်ခွင့်၊ ဘဏ်ငွေစာရင်းတွေကို ကြည့်ရှုစစ်ဆေးပြီး ထိန်းချုပ်ခွင့်၊ စီးပွားရေးမှတ်တမ်းတွေကို သိမ်းဆည်းရယူခွင့်၊ ကွန်ပျူတာစနစ်၊ ကွန်ယက်နဲ့ ဆာဗာတွေကို ဝင်ရောက်ကြည့်ရှုခွင့်၊ ဆက်သွယ်ရေးစနစ်နဲ့ အီလက်ထရောနစ် ထုတ်လွှင့်မှုတွေကို စောင့်ကြည့်ပြီး ကြားဖြတ်နားထောင်ခွင့်နဲ့ လှုပ်ရှားမှုတွေ စကားအပြန်အလှန် ပြောဆိုမှုတွေကို အသံ ဒါမှမဟုတ် ဗီဒီယိုနဲ့ မှတ်တမ်းယူခွင့် စတာတွေကို လုပ်ပိုင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။
ဒီလိုပြဌာန်းမှုဟာ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုကာကွယ်ပေးရေး ဥပဒေအရ လုပ်ခွင့်မပေးထားတာတွေကို ဒီဥပဒေမှာ လုပ်ခွင့်ပေးသလိုမျိုးဖြစ်နေတဲ့အတွက် ဥပဒေပညာရှင်တွေ ပြန်လည်ညှိနှိုင်းရမယ့်ကိစ္စ ဖြစ်တယ်လို့ ဘဏ်လုပ်ငန်း ကျွမ်းကျင်ပညာရှင် ဦးရဲမင်းဦးက ပြောပါတယ်။
“အဲဒီနှစ်ခုက ဟိုဘက်ထိပ် ဒီဘက်ထိပ်လိုမျိုးတော့ ဖြစ်နေတယ်၊ ရှေ့ဥပဒေတုန်းက မလုပ်နဲ့လို့ တားထား တာတွေကို ဒီဥပဒေမှာ လုပ်ခွင့်ပြုသည်လို့ ပြောထားတာတွေ့တယ်၊ တွေ့တော့ အဲဒါတော့ ဥပဒေပညာရှင်တွေ နဲ့ ဆိုင်ရာပုဂ္ဂိုလ်တွေ သူတို့ ပြန်ညှိကြမယ်ထင်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဥပဒေထုံးစံကတော့ နောက်ထုတ် တဲ့ဥပဒေကို အတည်ယူရမှာကို၊ အဲတော့ ဒီလိုငွေကြေးခဝါချမှုဥပဒေနဲ့ ပတ်သက်ပြီး သံသယရှိတဲ့သူဆို ရင်တော့ နောက်ဥပဒေနဲ့ကိုင်တွယ်ပြီး လုပ်ရင်ရတယ်ဆိုတဲ့ သဘောမျိုးတော့ သက်ရောက်တယ်၊ ဒါပေမဲ့ တစ်ခါတလေတော့လည်း စိတ်ပူရတာတော့ရှိတာပေါ့၊ ပြောချင်တာကဗျာ ငွေကြေးခဝါချမှုတစ်ခုခုကို သံသယဖြစ်လို့ဆိုပြီးတော့ နောက်ဥပဒေနဲ့ စုံစမ်းစစ်ဆေးတာကိုလုပ်တယ်၊ ဒါပေမဲ့ စုံစမ်းစစ်ဆေးတဲ့အချိန်မှာ ဟိုပုဂ္ဂိုလ်က ငွေကြေးခဝါချမှု ဘာမှလုပ်မထားဘူး၊ ဒါပေမဲ့ သူ့ကိုဒါမျိုးလုပ်တယ်ဆိုတာ သိသွားတဲ့အခါမှာ ရှေ့ဥပဒေနဲ့ တရားပြန်စွဲရင် ဘယ်လိုလုပ်မလဲဆိုတာမျိုးပေါ့၊ အဲလိုမျိုးတွေကတော့ ဥပဒေပညာရှင်တွေနဲ့ အနေနဲ့ စဉ်းစားရမှာပေါ့ သူတို့၊ ဘာဖြစ်လို့လဲဆိုတော့ ဒီစုံစမ်းစစ်ဆေးမယ့်အဖွဲ့ကိုလည်း အကာအကွယ်ပေး ဖို့လိုတာကိုး၊ တစ်ဖက်မှာလည်း လူပုဂ္ဂိုလ်တစ်ဦးချင်းမှာ လူကောင်းသူကောင်းတွေရဲ့ ကိုယ်ရေးအချက် အလက်ကိုလည်း ထိန်းသိမ်းပေးဖို့လည်းတာဝန်ရှိတယ်၊ ဆိုတော့ ဒီနှစ်ခုကြားမှာ သူတို့ညှိရမှာပေါ့”
၂၀၁၇ ခုနှစ်က ပြဌာန်းလိုက်တဲ့ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေမှာ နောက်ယောင်ခံစောင့်ကြည့်တာ စုံစမ်းထောက်လှမ်းတာ ဆက်သွယ်ရေး ပစ္စည်းတစ်ခုခုကြား ကြားဖြတ်ဖမ်းယူနားထောင်တာ အနှောင့်အယှက်ပေးတာ မပြုလုပ်ရလို့ ပြဌာန်းထားသလို ဆက်သွယ်ရေး အော်ပရေတာတွေထံကလည်း သတင်းအချက်အလက်တွေ တောင်းယူတာ ထုတ်ပေးတာ မပြုလုပ်ရလို့ ပြဌာန်းထားတာပါ။
စစစရဲ့ ညွန်ကြားရေးမှူး ဦးအောင်မျိုးကတော့ စုံစမ်းရေးအဖွဲ့ဗဟိုက ငွေကြေးနဲ့ဆိုင်တဲ့အမှု တစ်ခုအတွက် စုံစမ်းဖို့ တာဝန်ပေးတဲ့အခါမှသာ လုပ်ပိုင်ခွင့်ပေးထားတဲ့ အချက်တွေကို အသုံးပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။
စိစစ်ရေးအဖွဲ့နဲ့ စစစ တို့ဟာ ဗဟိုအဖွဲ့ရဲ့ ညွန်ကြားချက်နဲ့ ငွေကြေးခဝါချမှုနဲ့သက်ဆိုင်နဲ့ အမှုကိစ္စတွေကို စုံစမ်းထောက်လှမ်းတဲ့အခါ အသွင်ယူစုံစမ်းမှု အပါအဝင် အပြည့်အဝရရှိထားတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ သုံးလအတွင်း စုံစမ်းရမှာဖြစ်ပါတယ်။
စီးပွားရေးပညာရှင် ဦးလှမောင်ကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။
“လုပ်ပိုင်ခွင့်ကတော့ ပေးတာလည်းကောင်းသလို နောက်ပြီးတော့ အဖွဲ့တွေဖွဲ့တာလည်း ကောင်းပါတယ်၊ အခုက အဂတိတိုက်ဖျတ်ရေးအဖွဲ့နဲ့လည်း ယှဉ်တွဲပြီးတော့ ပေါ်ပေါက်လာရင်တော့ နည်းနည်းလေးတော့ ပိုပြီးတော့ ခဝါချတာတွေ လျော့သွားနိုင်တဲ့သဘောတော့ရှိတာပေါ့၊ အဲဒီမှာက ဥပမာဆိုကြပါစို့ အခွန်ကိစ္စအခက်အခဲကြောင့် ငွေမဲခဝါချတာမျိုးတွေလည်း ရှိတာပေါ့၊ အဲဒါဆိုလိုတာက ခဝါချခြင်း၏ အရင်းအမြစ် သူ့ရဲ့ဇစ်မြစ်ကို အရင်ဆုံးလိုက်ပြီးတော့ ဖော်ထုတ်ဖို့လည်းလိုတယ်ပေါ့၊ အဲဒီငွေပဲ ခဝါချမှုတိုက်ဖျတ်ရေးအဖွဲ့တွေကနေပြီးတော့ အဲဒီလို သူနဲ့ ကွင်းဆက်အချိတ်အဆက်တွေ အားလုံးကို သိအောင်ကြိုးစားပြီးတော့ လုပ်မယ်ဆိုရင်တော့ ဒီလိုဖွဲ့ပေးတာကောင်းပါတယ်”
ဒါပေမဲ့ လုပ်ပိုင်ခွင့်တွေက လွန်ကဲပြီးတော့ ကိုယ်ပိုင်လူ့အခွင့်အရေးကို အနှောင့်အယှက်ဖြစ်စေတယ် ဆိုရင်တော့ သေချာပြန်စဉ်းစားပြီး သုံးသပ်ဖို့လိုတယ် ဦးလှမောင်က ဆိုပါတယ်။
ဒါ့အပြင် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုပတ်သက်ပြီး ငွေကြေးနဲ့ပစ္စည်း ထောက်ပံ့ပေးနေတဲ့ဆိုတဲ့ အချက် အလက်တွေနဲ့ သတင်းအချက်အလက်တွေပေးတဲ့ မျက်မြင်သက်သေတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သူတို့ရဲ့ မိသားဝင်တွေကို ကာကွယ်ပေးဖို့အတွက် သက်သေခံချက်တွေကို ထုတ်ဖော်မပြောဖို့နဲ့ တရားရုံးမှာတောင် မှတ်တမ်းအဖြစ်မထားဖို့ ဥပဒေနဲ့ အကာအကွယ်ပေးထားပါတယ်။
ငွေကြေးခဝါချမှုနဲ့သက်ဆိုင်တဲ့ တာဝန်ဝတ္တရားတွေတွေကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တဲ့ သတင်းပို့အဖွဲ့ အစည်းတွေ ဒါမှမဟုတ် အဲဒီအဖွဲ့အစည်းရဲ့ ဒါရိုက်တာနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေ၊ အမှုဆောင်အရာရှိတွေနဲ့ ကြီးကြပ်စီမံခန့်သူတွေကို ရာထူးကရပ်ဆိုင်းတာအပြင် ဒဏ်ငွေ ကျပ်သိန်း ၅၀ ကနေ သိန်း ၁၀၀၀ အထိ ချမှတ်နိုင်တယ်လို့လည်းပါရှိပါတယ်။