ကွမ်းလုံကို အပြီးသတ်သိမ်းလိုက်ပြီလို့ ကိုးကန့်တပ်မတော် (MNDAA) ထုတ်ပြန်
2023.11.12

"၁၀ ၂၇ စစ်ဆင်ရေး"အတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ ကွမ်းလုံမြို့ကို သိမ်းနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက် ရာမှာ နိုဝင်ဘာလ ၆ ရက်နေ့ အထိ နေရာအတော်များများကို ထိန်းချုပ်နိုင်ပါတယ်။
သံလွင်မြစ်အနောက်ဘက်ခြမ်း၊ ကွမ်းလုံမြို့ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းနဲ့ ကွမ်းလုံ တံတားတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ခြောက်ရက်အကြာ အပြီးသတ် သိမ်းယူနိုင်တယ်လို့ ကိုးကန့် တပ်မတော် MNDAA က နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကွမ်းလုံမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ပြီလို့ ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက RFA ကိုပြောပါတယ်။
"ကွမ်းလုံမြို့ကို အလုံးစုံ သိမ်းပိုက်လိုက်ပြီလို့ ပြောလို့ရတယ်၊ စစ်ကောင်စီအဖွဲ့တွေကို ရှင်းလင်းတိုက်ထုတ် လိုက်ပြီပေါ့၊ အရှေ့ဘက်ခြမ်းရော၊ အနောက်ဘက်ခြမ်းရော နှစ်ဘက်လုံးရှင်းလင်းတိုက်ထုတ်လိုက်ပြီ"
၁၉၆၉ ခုနှစ် မတိုင်ခင်အချိန်အထိ ကွမ်းလုံဒေသဟာ ကိုးကန့်အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိခဲ့ပြီး အဲဒီနောက်ပိုင်းကတည်းက စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်သွားခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကွမ်းလုံဟာ စစ်ရေးမဟာဗျူဟာအရ အလွန်အရေးပါတဲ့အတွက် စစ်ကောင်စီက တပ်စခန်းကို အခိုင်အမာ တည်ဆောက်ထားတာပါ။ ဒါကြောင့် အခုလိုသိမ်းယူနိုင်တာဟာ မဟာဗျူဟာအရ အလွန်အရေးပါတယ်လို့လည်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောပါတယ်။
ကွမ်းလုံမြို့နဲ့ ကွမ်းလုံကြိုးတံတားဟာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ စစ်တပ်တို့ရဲ့ နာမည်ကျော် ကွမ်းလုံ ရက် ၄၀ တိုက်ပွဲကြောင့် ထင်ရှားသလို စစ်ကောင်စီက နှစ်ပေါင်းငါးဆယ်ကျော် ထိန်းချုပ်ထားတဲ့နေရာလည်း ဖြစ်ပါတယ်။
ကွမ်းလုံကိုသိမ်းနိုင်တာဟာ ကိုးကန့်ဒေသကို ချီတက်လာနိုင်တဲ့ စစ်ကောင်စီလမ်းကြောင်းတွေကို ပိတ်ဆို့လိုက်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
"ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုပေါ်က အရေးကြီးတဲ့တံတားတစ်ခုပါပဲ၊ သံလွင်မြစ်ကိုဖြတ်ဆောက်ထားတာဆိုတော့ ဒီတံတားကို ဖျက်လိုက်မယ်ဆိုရင် ဒေသတစ်ခုလုံး အလုံပိတ်ဖြစ်သွားနိုင်တာပေါ့၊ အရင်က ဗကပနဲ့ ရက်လေးဆယ်ကြာတိုက်ခဲ့ရတဲ့အတွက် ဒီနေရာတွေက နာမည်ကြီးနေတာ၊ မဟာဗျူဟာအရ သိပ်အရေးကြီးတဲ့ နေရာတော့ မဟုတ်ပါဘူး၊ ကိုးကန့်အဖွဲ့က သိမ်းလိုက်တယ်ဆိုတာလည်း သူ့ဒေသကို ချီတက်လာနိုင်တဲ့ စစ်ကောင်စီရဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့နိုင်တာတစ်ခုပဲလို ကျွန်တော်ကတော့ အကဲဖြတ်ပါတယ်"
ကွမ်းလုံမြို့ကို မြောက်ပိုင်းအဖွဲ့တွေ သိမ်းလိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းပေမဲ့ လက်ခံမဖြေဆိုပါဘူး။
စစ်တပ်ကနေ အငြိမ်းစားယူထားတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးကတော့ ကွမ်းလုံဟာ လက်ရှိမှာ အရေးပါတဲ့နေရာမဟုတ်ဘူးလို့ ပြောပါတယ်။
"ဆက်သွယ်ရေးလမ်းကြောင်းက လေကြောင်းထောက်ကူမှုလည်းရှိတာကြောင့် ကျွန်တော်ကတော့ မဖြစ်နိုင်ဘူးလို့ ယူဆတယ်၊ နိုင်ငံတော်က ပြောတာကို စောင့်ကြည့်ရမှာပေ့ါနော်၊ ဟိုးခေတ်ကတော့ ကွမ်းလုံတစ်မြို့ပဲ ရှိတာလေ၊ ကွမ်းလုံကျရင် မြောက်ပိုင်းမှာရှိတဲ့ သံလွင်မြစ်အရှေ့ခြမ်းမှာရှိတဲ့ ဗကပ ကအကုန်ရသွားတဲ့သဘောရှိတာပေါ့ဗျာ၊ အခုကျ အဲလိုမဟုတ်ဘူး၊ ကွမ်းလုံရဲ့ရှေ့မှာလည်း လောက်ကိုင်တို့၊ ပါစင်ကျော်တို့ ချင်းရွှေဟော်တို့ ရှိနေတဲ့ အခါကျတော့ ကွမ်းလုံက အဲလောက်အရေးပါစရာ အကြောင်းက မရှိဘူး၊ အရေးပါမှုက အရင်ကလောက် မများတော့ပါဘူး"
အောက်တိုဘာ ၂၇ ရက်နေ့က စတင်လိုက်တဲ့ "၁၀ ၂၇ စစ်ဆင်ရေး"အတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ကွမ်းလုံ၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးနဲ့ နမ့်ခမ်းစတဲ့ မြို့ငါးမြို့ကို သိမ်းနိုင်ခဲ့ပြီ သိန္နီနဲ့ ကြူကုတ် (ပန်ဆိုင်း)မြို့တွေမှာတော့ နေရာအားလုံးနီးပါးကိုတော့ ထိန်းချုပ်ထားနိုင်ပေမဲ့ အဲဒီမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်လို့ MNDAA ပြန်ကြားရေး တာဝန်ခံ လီကျားဝင်းက ပြောထားပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့မှာပဲ တအာင်းတပ်မတော် (TNLA) နဲ့ ပူးပေါင်းအဖွဲ့တွေက သီပေါမြို့နယ် ဘော်ကြို စစ်ကောင်စီစခန်းနဲ့ ကျင်သီတံတားရှိ စစ်ကောင်စီစခန်းတွေကို သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နဲ့ သိန္ဓီမြို့ကြားက စစ်ကောင်ရဲ့ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်ကို ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ကလည်း ထုတ်ပြန်ထားပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ "၁၀ ၂၇ စစ်ဆင်ရေး"စတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ့ နိုဝင်ဘာ ၁၂ ရက် အထိ စစ်ကောင်စီရဲ့စခန်း ၁၆၀ ကျော်သိမ်းနိုင်ပြီလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
မြောက်ပိုင်းအဖွဲ့တွေ သိမ်းဆည်းထားတဲ့မြို့တွေအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင်နဲ့ ကုန်ကြမ်း စတဲ့ မြိုနယ်ရှစ်မြို့နယ်ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၂ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။