ကူမင်းဆွေးနွေးပွဲ တိကျတဲ့အဖြေရဖို့ ခက်ခဲကြောင်း လေ့လာသူတွေ ပြော

MNDAA နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်း (H.E. Mr. Li Qiang) တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ဆုံစဉ်။ Myanmar Military

ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နီးစပ်သူတွေကပါ RFA ကို အတည်ပြုပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တရုတ် - မြန်မာ နယ်စပ်တည်ငြိမ်ရေး၊ ပြည်တွင်းစစ်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဖြေရှင်းမယ်လို့ MNDAA က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အခုလို တွေ့ဆုံမှုဖြစ်လာတာပါ။

"ပြည်သူလူထုအပေါ်မှာ အကြမ်းဖက်မှုတွေ လုပ်နေပြီးတော့မှာ စစ်ရာဇဝတ်မှုတွေ နေ့တိုင်းကျူးလွန်နေတယ်"

ဒီတွေ့ဆုံမှုမှာ စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်ပြီး ဗိုလ်မှူးချုပ် တစ်ဦးနဲ့ ရုံးအဖွဲ့ဝင်တွေ ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

MNDAA ကတော့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မယ်လို့ ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဘယ်သူတွေ ပါဝင်မယ်ဆိုတာ ပြောမထားပါဘူး။

၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA က မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ချင်းရွှေဟော်၊ လောက်ကိုင်၊ မူဆယ် (၁၀၅) မိုင် အပါအဝင် တရုတ်နယ်စပ်က မြို့ပေါင်းရှစ်မြို့ကို သိမ်းထားပါတယ်။


ဆက်နွှယ်သော သတင်းများ

စစ်ကောင်စီနဲ့ ကိုးကန့်တပ် (MNDAA) တရုတ်မှာ ဆွေးနွေးပွဲစတင်

KIO နဲ့ တရုတ်အာဏာပိုင် တွေ့ဆုံပြီးတဲ့နောက် နယ်စပ်ဂိတ်တချို့ ပြန်ဖွင့်

လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေး တရုတ် အရေးယူမှုလိုအပ်


၂၀၂၄ အောက်တိုဘာလမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနဲ့ တွေ့ဆုံဖို့သွားတဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်အစိုးရက ပြန်ခွင့်မပေးဘဲ ယူနန်ပြည်နယ်က ဟိုတယ်မှာ အကျယ်ချုပ် ထိန်းသိမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် (Peng) ဟာ တရုတ်နိုင်ငံကို ဆေးကုသမှုခံယူဖို့ လာရောက်ခဲ့ပြီး၊ အခုချိန်မှာ ဆေးကုသမှု ခံယူနေဆဲဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ MNDAA ဘက်က စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဖုန်တာရွှင် ပြန်လွတ်လာတာ ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့တော့ MNDAA ဘက်က သတင်းထုတ်ပြန်တာ မရှိသလို MNDAA ပြန်ကြားရေးတာဝန်ရှိသူတွေကို RFA က မေးမြန်းရာမှာလည်း ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကနေ MNDAA တပ်တွေ ပြန်လည်ဆုတ်ခွာဖို့ တရုတ်နိုင်ငံဘက်က ဖိအားပေးခဲ့ပါတယ်။ MNDAA ရဲ့ ထုတ်ပြန်ချက်မှာလည်း လားရှိုးကိစ္စ အပါအဝင် သက်ဆိုင်ရာ ကိစ္စတွေကို ဆွေနွေးမယ်လို့ ပြောဆိုထားတာပါ။

လက်ရှိ ဆွေးနွေးပွဲတွေမှာ နယ်မြေသတ်မှတ်ရေးထက် အပစ်ရပ်ကိစ္စနဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်ရေးကို ဦးစားပေးဆွေးနွေးနိုင်တယ်လို့ ရှမ်းပြည်နိုင်ငံရေးလေ့လာသူ ဦးဖိုးဝက RFA ကို ပြောပါတယ်။

“တွေ့ဆုံမှုနဲ့ ပတ်သက်လို့ကတော့ နှစ်ဖက်စလုံးက နယ်မြေတွေ ပြန်ဆုတ်ပေးရမယ်ဆိုတဲ့ အတင်းအကျပ် ဖိအားပေးလာခဲ့ရင် ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် စကစကသော်လည်းကောင်း ဘယ်လိုမှဖြစ်နိုင်မှာ မဟုတ်ဘူး။ ရောက်နေတဲ့နေရာကနေရပ်ပြီး ခိုင်မာတဲ့ကတိကဝတ်တွေ လုပ်ထားမယ်လို့ပဲ ယူဆတယ်။ အနိမ့်ဆုံး သဘောတူညီချက်တွေကနေ ရလာမဲ့ဟာကကတော့ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေ ပိတ်ပင်ထားတာ ဖြေလျော့ပေးမယ်၊ ယုံကြည်မှု တည်ဆောက်ရေးနဲ့ပဏာမ ငြိမ်းချမ်းရေးတည်ဆောက်မှု သဘောလို့ပဲမြင်တယ်”

MNDAA ဟာ သြဂုတ်လ ၃ ရက်နေ့မှာ လားရှိုးမြို့ကို သိမ်းယူခဲ့ပြီး အရှေ့မြောက်တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးတင့်၊ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းစစ်ဦးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးထောင်ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို MNDAA က လားရှိုးမြို့အထိ ပြန်လွှတ်ပေးခဲ့ပေမဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်က ဗိုလ်ချုပ်အဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ ဆက်လက်ထိန်းသိမ်းထားပါတယ်။

ဒါ့ကြောင့် MNDAA နဲ့ စစ်ကောင်စီ ဆွေးနွေးမှုအတွင်း ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေ ပြန်လွှတ်ပေးရေးကိစ္စ ပါဝင်နိုင်တယ်လို့ စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ဘက်ကလည်း လူအများကြီးဆိုတော့ ဝန်ထုပ်ဝန်ပိုးဖြစ်တာပေါ့။ ပြီးတော့ နယ်မြေကလည်း ကျဉ်းတယ်လေ။ စီးပွားရေးကလည်း ကျဉ်းမြောင်းတော့ ဘာနဲ့သွားကျွေးမလဲပေါ့။ နောက်တစ်ခုက ဒီကိစ္စ နိုင်ငံတကာကလည်းသိတော့ သတ်ပစ်လို့လည်း မရဘူးလေ။ သတ်ပစ်ရင်လည်း စစ်ရာဇဝတ်မှု မြောက်တာပေါ့။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဒါမျိုးကို ပိုတောင်လက်မခံဘူး။ ကိုယ့်ရဲဘော်ကတော့ ဘယ်လိုအခြေအနေမျိုးနဲ့ပဲ ဖြစ်ဖြစ်ပေါ့နော်။ ဘာကြောင့် လက်နက်ချချ အဖမ်းပဲခံရခံရ ကိုယ့်ရဲဘော်ကို ပြန်လည်ပြီးတော့မှ ကယ်ဆယ်တဲ့ ဆွဲထုတ်တဲ့ကိစ္စက အစိုးရတစ်ရပ်၊ တပ်မတော်တစ်ရပ်အနေနဲ့ လုပ်သင့်တဲ့ကိစ္စပါ”

၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကာလ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်ရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ သုံးကြိမ်မြောက် တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလို လက်မှတ်ရေးထိုးခဲ့တာပါ။

ဒီဆွေးနွေးပွဲမှာ နှစ်ဖက်တပ်တွေ ရောက်တဲ့အရပ်မှာ အပစ်ရပ်ထားဖို့၊ တိုက်ခိုက်မှုတွေ မလုပ်ဖို့၊ အငြင်းပွားမှုတွေကို နှစ်ဖက်တွေ့ဆုံညှိနှိုင်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ သဘောတူညီခဲ့ကြပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့အနေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်မသိမ်းပိုက်ဖို့၊ စစ်ကောင်စီကလည်း မြောက်ပိုင်းအဖွဲ့ ထိန်းချုပ်နယ်မြေတွေကို လေကြောင်း၊ လက်နက်ကြီး ပစ်တာတွေ မလုပ်ဖို့၊ တရုတ်နယ်စပ်က တရုတ်နိုင်ငံသားတွေနဲ့ တရုတ်အကျိုးစီးပွားတွေ မထိခိုက်ဖို့၊ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်ရေး အပါအဝင် အပစ်ရပ်ရေးဆိုင်ရာကိစ္စတွေကို ဆက်လက်ဆွေးနွေးဖို့အတွက် သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်က မြောက်ပိုင်းအဖွဲ့ ထိန်းချုပ်နယ်မြေတွေကို မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြောက်ပိုင်းအဖွဲ့ဘက်က ထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မေလမှာပြုလုပ်တဲ့ ငါးကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲလည်း ရလဒ်မထွက်ဘဲ ပြီးဆုံးခဲ့ပါတယ်။

အဲနောက်ပိုင်း ဇွန်လကုန်မှာ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းပြန်စခဲ့ပြီး လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ခဲ့သလို မိုးကုတ်၊ နောင်ချို၊ သီပေါ အပါအဝင် မြို့ငါးမြို့ကို TNLA က သိမ်းပိုက်ခဲ့ပါတယ်။

စစ်ကောင်စီဟာ တိုင်းရင်းသားအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့နယ်ငါးခုလောက်မှာ တပ်စခန်းတွေ ပြန်လည်အခြေစိုက်ခွင့်ရရေးအတွက် မြောက်ပိုင်းအဖွဲ့တွေထံကို တောင်းဆိုးထားပြီး မြောက်ပိုင်းအဖွဲ့ တွေဘက်ကတော့ ဒီကိစ္စပေါ် တုံ့ပြန်တာမရှိသေးဘူးလို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိဆွေးနွေးပွဲမှာလည်း အဲဒီကိစ္စကို ထည့်သွင်းဆွေးနွေးနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလ့လာသူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီအနေနဲ့ မူဆယ် - မန္တလေး ကုန်သွယ်ရေးလမ်းပေါ် က မြို့တွေအပြင် ကွမ်းလုံအထိပါ တပ်တွေအခြေချခွင့်ရဖို့ တောင်းဆိုတာမျိုးရှိနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“စစ်တပ်အနေနဲ့ အရင်လို အုပ်စိုးမှုလုပ်နိုင်တဲ့ အနေအထားမျိုး ဆက်ရှိနေလိမ့်ဦးမယ်လို့ မြင်ပါတယ်။ သူဒေသနဲ့ ပြောရရင်တော့ ကွမ်လုံလောက်အထိကို သူက ထိန်းချုပ်ဖို့ရတယ်ဆို မဆိုးတော့ဘူးပေါ့ဗျာ။ လားရှိုးကျတော့ ပူးပေါင်းအုပ်ချုပ်ရေး ပြည်သူလူထုနဲ့ ပူးတွဲအုပ်ချုပ်ရေး စသဖြင့် တစ်နည်းနည်းနဲ့ ပြောဆိုလာမယ်လို့ ယူဆပါတယ်”

ကူးမင်း ဆွေးနွေးပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော MNDAA ဘက်ကပါ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ MNDAA ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မြို့တော်ခန်းမရှေ့တွင် ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ (3 Brotherhood Alliance Photo)

အလားတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကိုလည်း RFA က ဒီနေ့နေ့လယ်ပိုင်း အီးမေလ်ကနေတစ်ဆင့် မေးမြန်းထားဆဲဖြစ်ပါတယ်။

NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ စစ်ကောင်စီဟာ မြေပြင်မှာ စစ်ရာဇာဝတ်မှုတွေ ကျူးလွန်ဆဲ ဖြစ်တာကြောင့် တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီကို ထောက်ပံ့ကူညီတာတွေကို ရပ်သင့်တယ်လို့ ပြောပါတယ်။

“သူတို့ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့အဖွဲ့တွေနဲ့ သူတို့ ဆွေးနွေးနေတာ သူတို့ ရှုံးနေလို့။ ပြည်သူလူထုအပေါ်မှာ အကြမ်းဖက်မှုတွေ လုပ်နေပြီးတော့မှာ စစ်ရာဇဝတ်မှုတွေ နေ့တိုင်းကျူးလွန်နေတယ်။ လေကြောင်းကနေ နေ့တိုင်းပစ်ခတ်သတ်ဖြတ် တိုက်ခိုက်နေတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုရဖို့ ငြိမ်းချမ်းမှုရဖို့အတွက် ကူညီချင်တဲ့ဟာကို ကျွန်တော်တို့ နားလည်ပါတယ်။ အဲလိုမျိုးကူညီဖို့ အတွက်ဆိုရင်တော့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့အဖြေရဖို့ ကူညီပေးခြင်းသည်သာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို ရမှာဖြစ်ပါတယ်”

ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) နဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့တို့ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီဆွေးနွေမှုရလဒ်ကို နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုတာ မရှိပေမဲ့ တိုက်ပွဲကြောင့်ပိတ်ထားတဲ့ ကချင်က တရုတ်နယ်စပ်ဂိတ်တွေကိုတော့ နှစ်ဖက်စလုံးက ပြန်ဖွင့်ပေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org