ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းနဲ့ မုံးကိုးဒေသ စစ်ရေးတင်းမာနေ
2021.09.21
ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်ခွဲဘက်မှာ ပြီးခဲ့တဲ့ အပတ်လောက်ကစပြီး စစ်ကောင်စီတပ်ဘက်က အင်အားတွေတိုးချဲ့နေသလို စက်တင်ဘာလ ၂၀ မနေ့ ညပိုင်းကလည်း ဖိုင်းကောင်းရွာအနီးမှာ လက်နက်ကြီး ပစ်ခတ်သံတွေ ထွက်ပေါ်လာတဲ့အတွက် ဒေသသခံ ၁၀၀ ကျော်လောက်ဟာ တရုတ်နယ်စပ် ခြံစည်းရိုးနားက စစ်ရှောင်စခန်းတွေကို သွားရောက်တိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်ဆိုင်းမြို့နယ်ခွဲအတွင်းမှာ စစ်ကောင်စီတပ်က တင့်ကားတွေနဲ့ စစ်ကားတွေ အများအပြားရပ်တန့်ထားပြီး ဖိုင်းကောင်းကျေးရွာဘက်တွေအထိ တပ်ဖြန့်ထားတာကြောင့် တိုက်ပွဲတွေပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပန်ဆိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။
“ဟိုတလောကလည်း စစ်ကြောင်းတွေတက်လာတော့ ပြန်ပြန်ဖြစ်ကြတာလေနော်။ နှစ်ဖက်စလုံး ထိပ်တိုက်တွေ့တော့ဖြစ်ကြတယ်။ အခုလည်း စစ်တပ်က လာရပ်ထားတဲ့ ကားတွေအများကြီးရှိသေးတယ်။ ဒီအတိုင်းတန်းစီပြီး လာရပ်ထားတယ်ဆိုတော့ နည်းနည်းစိုးရိမ်နေရတာပေါ့။ ဘယ်အချိန်များ ပြန်ထပ် ဖြစ်လာမလဲ ဆိုတာတွေ။ နှစ်ဖက်စလုံးတွေ့ကြပြီဆို ပစ်ခတ်ကြပြီရော။ နေရာမရွေးအချိန်မရွေး အသံတွေ က ထွက်ထွက်လာတော့ ကျွန်မတို့ ဒီဒေသခံတွေက အဲဒါတွေစိုးရိမ်ရတာပေါ့။ ဒီလက်နက် ဘယ်ကနေ ဘယ်လိုရောက်လာမလဲ မသိတဲ့လက်နက်တွေ အဲဒါတွေလည်း ကြောက်ရတယ်လေနော်။ နှစ်ဖက်စလုံး ကတော့ နည်းနည်းတင်းမာနေကြသလိုပဲ”
မုံးကိုးနဲ့ ပန်ဆိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အခုစက်တင်ဘာလ ဒုတိယပတ်ကစပြီး စစ်ကောင်စီတပ်ဘက်က မူဆယ်ကနေ ပန်ဆိုင်းမြို့နယ်ခွဲအထိ အင်အားတွေ ထပ်ဖြည့်နေတာလို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ အခြေအနေတွေကို မြင်တွေ့နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖိုင်းကောင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။
“ဒီနှစ်ပတ်အတွင်း စစ်တပ်အင်အား များတာပေါ့နော်။ တချို့က ပန်ဆိုင်းမြို့ မှာ တစ်ဝက်လောက် အဲမှာ ရှိတယ်။ အခုဒီဖိုင်းကောင်းပေါ့နော် ဒီဘက်ကျတော့ တစ်ဝက် အရင်ကထက် အရမ်းများတယ်ပေါ့နော် စစ်အင်အားက။ ဒီထက် ပြင်းထန်လာမယ်လို့ပဲထင်တယ်။ ဘာလို့လဲဆို စစ်အင်အားကော စစ်လက်နက် အင်အားကော ပိုပြီးတော့စုံလာတယ်။ အဲလိုမျိုးမြင်တယ်ပေါ့နော်။ တင့်ကားလိုမျိုးတွေလည်း ပါလာ တော့လေ ပိုပြီးမှစိုးရိမ်ရတယ် လို့ထင်တယ်ရှင့်”
ပန်ဆိုင်းမြို့နယ်ခွဲနဲ့ မုံးကိုးဒေသဟာ KIA တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်ပြီးတော့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) တပ်ဖွဲ့ လှုပ်ရှားရာ နယ်မြေလည်းဖြစ်ပါတယ်။
ကိုးကန့်တပ်ဖွဲ့ (MNDAA) ကတော့ စစ်ကောင်စီတပ်က အခုလို စစ်အင်အားတွေ ဖြည့်တင်းနေတာဟာ မုံးကိုးဒေသကို ထိုးစစ်ဆင်ဖို့အတွက်ဖြစ်ပြီး ဒါဟာကုလသမဂ္ဂရဲ့ အပစ်ရပ်ရေး တောင်းဆိုမှုကို လစ်လျူရှု နေတာလို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။
စစ်စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ လောက်ကိုင် တာရွှေထန်ကနေ စစ်ကား ၁၅ စီးနဲ့ သံလွင်မြစ်အနီးက ရှင်ဖျင်ကျဲဒေသကို စစ်အင်အားဖြည့်လာနေတယ်လို့လည်း ကိုးကန့်တပ်ဖွဲ့ (MNDAA) ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ မုံးကိုးမြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲလေးကြိမ်ထက် မနည်းဖြစ်ပွားခဲ့သလို နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေတယ်လို့လည်း ဆိုပါတယ်။

ဒေသခံတွေကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပန်ဆိုင်းနဲ့ မုံးကိုးမြို့နယ်ခွဲ အတွင်းမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) ရဲ့လှုပ်ရှားမှုတွေကို ပိုမိုတွေ့ရလာရသလို စစ်ကောင်စီတပ်တွေနဲ့ မကြာခဏတိုက်ပွဲ ဖြစ်နေတာကို တွေ့နေရတယ်လို့ ပြောကြပါတယ်။
ကိုးကန့်တပ်ဖွဲ့ဟာ သူတို့ဆုံးရှုံးသွားခဲ့တဲ့ လောက်ကိုင်နဲ့ ချင်းရွှေဟော်ဒေသတွေကို ပြန်လည်ရယူနိုင်ဖို့ စစ်ရေးအရ အရေးပါတဲ့ မုံးကိုး၊ ပန်ဆိုင်း (ကြူကုတ်) လိုနေရာ တွေကနေ လှုပ်ရှားလာတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“ကိုးကန့်ဒေသထဲ ပြန်ပြီးဝင်ရောက်နိုင်ဖို့က သူ့မှာ အခြေခံအချက်အလက် လိုတာကိုး။ နယ်မြေကော တပ်အင်အားကော၊ အဲဒီကျတော့ သံလွင်မြစ်ကူး ကမ်းကူးလိုက်ရင် ကိုးကန့်နယ်ထဲကို ရောက်နိုင်တဲ့ ဖောင်းဆိုင်ဒေသကို သူလွှမ်းမိုးတဲ့ ဒေသအဖြစ် စစ်ရေးသြဇာအရ စည်းရုံးရေးသြဇာအရ လွှမ်းမိုးထားနိုင်ဖို့ သူ့အတွက် အရေးကြီးတယ်။ စစ်တပ်ကလည်း အဲဒေသမှာ ခြေကုပ်ရမသွားအောင် ကြိုးစားမှာပဲ။ ဘာလို့လဲဆိုရင် အဲဒေသက ကျွန်တော်တို့ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) လက်ထပ်က ကိုယ် အင်အားရှိရင်ရှိသလို မူဆယ်ကို အချိန်မရွေး ခြိမ်းခြောက်နိုင်တဲ့ အနေအထားရှိတာကိုး။ မုံးကိုးနေရာမျိုး၊ ပန်ဆိုင်းလို နေရာမျိုးမှာတော့ သူက ကြံ့ကြံ့ခံနေမှာပေါ့။ ကျေးလက်ဒေသတွေကို ကိုးကန့်က စည်းရုံးဖို့ ဆိုတာကလည်း အဲဒေသတွေမှာ ကချင်နဲ့ ကိုးကန့်ရှိပေမယ့် ကိုးကန့်မဟုတ်ဘူးဗျ အဲဒေသတရုတ်က။ အဲတော့သူက KIA ကိုမှီခိုပြီးတော့ ရပ်တည်ရမယ့် အနေအထားဖြစ်တယ်။ KIA နယ်နဲ့က စပ်နေတာကိုး”
ပြီးခဲ့တဲ့ သြဂုတ်လ ဆန်းပိုင်းကနေ တကျော့ပြန်ဖြစ်ပွားလာနေတဲ့ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် ဖိုင်းကောင်းရွာမှာ ဒုက္ခသည် တစ်ထောင်ကျော်နဲ့ မုံးကိုးမြို့မှာ ငါးရာကျော်၊ စုစုပေါင်း ဒုက္ခသည် နှစ်ထောင်နီးပါး နေရပ်စွန့်ခွာနေရဆဲ ဖြစ်ပါတယ်။ အဲဒီအထဲက မုံးကိုးစစ်ရှောင်စခန်းမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့သူ နှစ်ဆယ်အထိ ရှိနေတယ်လို့ ဒေသခံကပြောပါတယ်။
"တင့်ကားလိုမျိုးတွေလည်း ပါလာတော့လေ ပိုပြီးမှစိုးရိမ်ရတယ် "
ထိုးစစ်ဆင်ဖို့ အင်အားထပ်ဖြည့်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ ပေမယ့် အကြောင်းမပြန်ပါဘူး။
မုံးကိုးမြို့ဟာ မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်ပြီး တရုတ်နိုင်ငံဘက်ခြမ်းက ခြုံစည်းရိုးတွေ ကာရံထားတာ ကြောင့် တိုက်ပွဲဖြစ်လာရင် တိမ်းရှောင်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် လက်ရှိစစ်ရေး တင်းမာနေတဲ့ မုံးကိုး၊ ပန်ဆိုင်းမြို့ နယ်ခွဲမှာ နောက်ထပ် တိုက်ပွဲကြီးတွေ ထပ်ဖြစ်ပြီး အရပ်သားတွေ ပိုအခက်တွေ့လာမှာကို စိုးရိမ်နေကြတာလို့ ဒေသခံတွေက ပြောကြပါတယ်။