ရခိုင်မြောက်ပိုင်းကတိုက်ပွဲတွေအတွင်း တပ်မတော်အရာရှိတွေကျဆုံး

မိုးမြင့်
2020.01.14

တပ်မတော်သားတွေ စီးနင်းလိုက်ပါလာတဲ့ ကားတစ်စီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မိုင်း ဒါမှမဟုတ် လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရလို့ အရာရှိတချို့နဲ့ တပ်မတော်သားတချို့ သေဆုံးတဲ့ ဗီဒီယိုဖိုင်နှစ်ခု ဒီရက်ပိုင်းမှာ ပျံ့နှံ့လာပါတယ်။

အဲဒီဗီဒီယိုဖိုင်မှာ ကြားရတဲ့အသံတွေအရ သေဆုံးသူဟာ တပ်မတော်အရာရှိတစ်ဦးဖြစ်တယ်လို့ ယူဆရပါတယ်။

ရခိုင့်တပ်တော်ပြောခွင့်ရ ခိုင်သုခကတော့ မင်းပြားမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ခုအတွင်းကျဆုံးတဲ့ ဗွီဒီယိုဖိုင်ဖြစ်တယ်လို့ ခန့်မှန်းပါတယ်။ ဗွီဒီယိုဖိုင်က တပ်မတော်သားတချို့ထံကနေ စတင်ပျံ့နှံ့တာ ဖြစ်နိုင်တယ်လို့ ခိုင်သုခက ပြောပါတယ်။

ဇန်နဝါရီ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ မင်းပြားဘက်မှာ တိုက်ပွဲပြင်းထန်တယ်လို့ AA က ပြောပါတယ်။ တိုက်ပွဲ ပြင်းထန်တဲ့ရက်ပိုင်းတွေမှာ တာဝန်ကျတဲ့အရာရှိတချို့ရဲ့ ဆွေမျိုးတော်စပ်သူတွေက အကျအဆုံးသတင်းတွေကို ဖေ့စ်ဘွတ် လူမှုကွန်ရက်တွေမှာ တင်လာကြတာတွေ့ရပါတယ်။

အဲဒီထဲမှာ DSA အပတ်စဉ် ၄၇ ကျောင်းဆင်း ဗိုလ်မှူး ဇာနည်ငြိမ်းချမ်းရဲ့ နာရေးကြော်ငြာပါဝင်ပါတယ်။ နာရေးကြော်ငြာမှာတော့ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ဇန်နဝါရီ ၉ ရက်နေ့မှာ ကျသွားတယ်လို့ ရေးသားထားပါတယ်။

ဗိုလ်မှူး ဝဏ္ဏထွန်းရဲ့ ဆွေမျိုးတော်စပ်သူက တစ်ဦးကလည်း ဗိုလ်မှူးကျဆုံးတဲ့သတင်းကို ဇန်နဝါရီလ ၉ ရက်နေ့မှာ တင်ခဲ့ပါတယ်။ တနေ့တည်းမှာပဲ ဗိုလ်ကြီးဝေဖြိုးကျော် ဆိုသူလည်း ၈ ရက်နေ့က တိုက်ပွဲမှာကျသွားတဲ့အကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက တင်ခဲ့ပါတယ်။

အဲဒီမတိုင်ခင်မှာတော့ ဒီဇင်ဘာ ၂၈ ရက်နေ့တိုက်ပွဲမှာလည်း ဗိုလ်မှူးအဆင့်ရှိတဲ့ ရသေ့တောင်အခြေစိုက် ခမရ ၅၃၆ က DSA အပတ်စဉ် ၅၃ ကျောင်းဆင်း ဗိုလ်မှူးမင်းသူ ကျဆုံးသွားတဲ့သတင်းကိုလည်း Khit Thit Media က ဖော်ပြခဲ့ပါတယ်။ အရာရှိတွေ တိုက်ပွဲကျတဲ့ သတင်းတွေကိုတော့ တပ်မတော်ဘက်က ထုတ်ပြန်ထားတာ မရှိပါဘူး။

တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင့်တပ်တော် AA နဲ့ မြန်မာ့တပ်မတော်တို့  ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းက မြို့နယ်တချို့အပါဝင် ဇန်နဝါရီလ တစ်ပတ်ကျော်အတွင်းမှာ တိုက်ပွဲမှာ ၃၈ ကြိမ်ဖြစ်ခဲ့တယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ တပ်မတော်ဘက်က အရာရှိကြီး၊ ငယ် စုစုပေါင်း ၇၅ ဦးရှိတယ်လို့ဖော်ပြပါတယ်။ AA ဘက်ကလည်း ကျဆုံးသူတွေရှိကြောင်း ထုတ်ပြန်ပေမယ့် အရေအတွက်ကို စုပေါင်းထုတ်ပြန်တာ မရှိပါဘူး။ AA ဘက်က ဖော်ပြတဲ့ ကိန်းဂဏန်းတွေကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။