မဲခေါင်ဒေသနိုင်ငံတွေအတွက် တရုတ်နိုင်ငံက ကူညီမယ်
2014.12.20
မဲခေါင်ဒေသနိုင်ငံတွေအတွက် တရုတ်နိုင်ငံက ကူညီမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး RFA အဖွဲ့သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။
တရုတ်အစိုးရက မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေလဲဖြစ် အိမ်နီးချင်းတွေလဲဖြစ်တဲ့ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ကို ချေးငွေနဲ့ အကူအညီဖြစ် အမေရိကန်ဒေါ်လာ ကုဋေတစ်ထောင်ကျော်ပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒေါ်လာ သန်းတစ်ထောင်က အခြေခံအဆောက်အအုံတွေအတွက် ဖြစ်ပြီး၊ သန်း ၄၉၀ က ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် ဖြစ်သလိုကျန်တဲ့ကုဋေတစ်ထောင်ကတော့ တရုတ်ရဲ့ကုန်ထုတ်လုပ်မှုစွမ်းရည်ဆိုင်ရာ အထူးချေးငွေဖြစ်တယ်လို့ပြောပါတယ်။
အဲ့ဒီအပြင်မဲခေါင်မြစ်ဝှမ်းတစ်လျှောက် သောင်တူးဖို့နဲ့ ဒေသခံတွေရဲ့သဘာဝ ဘေးအန္တရာယ်ကာကွယ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၆.၄ သန်းကူညီမယ်လို့ တရုတ်ဝန်ကြီးချုပ် လီဂေါင်ချန်းက မဟာမဲခေါင်ထိပ်သီးညီလာခံမှာ ဂတိပေးပြောဆို လိုက်ပါတယ်။
ဒေသတွင်းမှာ တရုတ်ကချေးငွေနဲ့ အကူအညီတွေပေးလာတာနဲ့ ပတ်သက်လို့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းနဲ့ ရိန်းဖောအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဇင်မာအောင် က အခုလိုသုံးသပ်ပါတယ်။
"တရုတ်အပေါ်မှာလေ ကျမတို့နိုင်ငံအပါအဝင် အခြားခြားသော ဥပမာ အာဖရိက တို့ဘာတို့မှာ တရုတ်ရဲ့စီးပွားရေးလုပ်ပုံကိုင်ပုံတွေနဲ့ ပတ်သက်လို့ ဝေဖန် သံတွေထွက်လာတယ်၊ မကျေနပ်မှုတွေတက်လာတဲ့ အပေါ်မှာတရုတ်အစိုးရကလဲ သတိပြုမိပုံရတယ်၊ ဒီအတွက်ကြောင့်မို့လို့ အထူးသဖြင့် အိမ်နီး ချင်းနိုင်ငံတွေနဲ့ ပတ်သက်လို့ ဆက်ဆံရေးကောင်းမွန်အောင်ဆိုပြီးတော့ ပြီးခဲ့တဲ့နှစ်လောက်ထဲက ကြားရတယ်ပေါ့နော်၊ ဆိုတော့ သူတို့ရဲ့မူဝါဒအပြောင်း အလဲ တစ်ခုရဲ့ အစိတ်အပိုင်းပဲလို့ ကျမတို့မြင်ပါတယ်၊ ဒီအကူအညီတွေ၊ ချေးငွေတွေပေါ့နော်"
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ် ကလဲအခုလိုဆိုပါတယ်။
"သူကဒီ သူရဲ့အမျိုးသားအကျိုးစီးပွားဖက်မှာ တော်တော်လေးကို ရပ်တည်တယ်လေ၊ တခြားနိုင်ငံရေးကို နောက်မှထည့်တွက်တာကို၊ သူကတောင်တရုတ်ပင်လယ်မှာလဲ သြဇာအာဏာဖြန့်ထားတာ အိုဘားမားကမြန်မာပြည်ကို ၂ ခေါက်လာထားတယ်၊ သူနဲ့အတူ အမေရိကန်ကစီးပွားရေး လုပ်ငန်းရှင်တွေလဲပါတယ်ဆိုတော့ သူရဲ့သြဇာအာဏာ ဖြန့်ကျက်ချင်လို့ပဲ ဒီမဲခေါင်မြစ်ဝှမ်းတစ်လျှောက်ကို အကူအညီပေးတာလို့ ကျနော်တော့ထင်တယ်"
တရုတ်ဟာ တောင်တရုတ်ပင်လယ်က ကျွန်းတွေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယား၊ ဂျပန်၊ ဖိလစ်ပိုင်နိုင်ငံတွေနဲ့လဲ အကြီးအကျယ် အငြင်းပွား နေတဲ့ကာလဖြစ်တဲ့အတွက် အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ပတ်သက်လို့ဖြစ်နေတဲ့ တရုတ်ရဲ့ပုံရိပ်ဟာ အနုတ်လက္ခဏာပြနေပါတယ်။
အခုကမ်းလှမ်းချက်အရ မြန်မာနိုင်ငံအနေနဲ့လဲ တရုတ်ဆီကနေထပ်ပြီး ချေးငွေ ယူလာနိုင်မှာဖြစ်သလို လွန်ခဲ့တဲ့ ၂ ရက်က AIF လို့ခေါ်တဲ့ အာဆီယံအခြေခံ အဆောက်အအုံရန်ပုံငွေအဖွဲ့မှာ မြန်မာနိုင်ငံကို အမြဲတမ်းအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုလိုက်တဲ့အတွက် နိုင်ငံတကာချေးငွေနဲ့ မြန်မာ့အနာဂတ်ကလဲ စိတ်ဝင်စားစရာဖြစ်လာပါတယ်။ ဒီအပေါ်မှာ မဇင်မာအောင်ရဲ့အမြင်ကို မေး ကြည့်ပါတယ်။
"အဲ့ဒါကတော့ လက်ရှိကိုင်တွယ်နေတဲ့ စီမံခန့်ခွဲမှုပေါ့၊ ဒီချေးငွေကို ဘယ်လိုကိုင်တွယ်လဲ၊ ဘယ်နေရာတွေမှာ သုံးသလဲ၊ နောက်တစ်ခုက ပြည်သူလူထုကို ပွင့်လင်းမြင်သာတဲ့ အပိုင်းကိုရောက်လာတယ်ပေါ့နော်၊ အခုဒါက ကျမတို့သတင်းတွေ ကိုလိုက်နေတဲ့သူတွေ နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေလောက်ပဲ ဒါတွေကို သိရတာ၊ သာမာန်ပြည်သူလူထုကို အစိုးရဟာတကယ်တော့ ဘယ်တုန်းက ဘယ်သူ့ဆီက ဘယ်နိုင်ငံက ဘယ်လောက်ချေးခဲ့တယ်၊ အတိုးဘယ်လောက် ဆိုတဲ့ဟာကို ကျမတို့ ပွင့်ပွင့်လင်းလင်း ချပြဖို့လိုနေပြီ၊ နောက်ပြီးတော့ ယူမယ်ဆိုရင်လဲယူတယ်၊ ဘာဖြစ်လို့ယူတယ်၊ ဘယ်နေ ရာတွေမှာ သုံးမလဲဆိုတဲ့ဟာတွေအပေါ်မှာလဲ ချပြဖို့လိုသလို တစ်ဖက်က ကျမတို့လူ့အဖွဲ့အစည်းတွေအနေနဲ့ရော နိုင်ငံရေးပါတီတွေအနေနဲ့ရော ဘယ်လို တာဝန်ယူမှု၊ တာဝန်ခံမှုတွေရှိဖို့လိုတာ၊ ဒီရင်းနှီးမြုပ်နှံမှုတွေ၊ ဒီပိုက်ဆံတွေ ဘယ်သွားလဲ၊ ဘယ်လိုနေရာမျိုးတွေမှာ ရင်းနှီးမြုပ်နှံလဲ၊ အခြေခံ အဆောက် အအုံတွေဆိုရင်လဲ ဘယ်သူ့သဘောတွေနဲ့ လုပ်နေကြလဲ၊ အဲ့ဒါမျိုးတွေကို နောက်ထပ်လိုက်ဖို့လိုအပ်လာသလို ပွင့်လင်းမြင်သာမှုနဲ့ စီမံခန့်ခွဲမှုပေါ့၊ သူများနိုင်ငံက မြန်မာပြည်ကို ငွေချေးချင်လာတယ်၊ ကူညီချင်လာတယ်ဆိုတာက ကျမတို့အတွက် အခွင့်အလမ်းပဲ၊ သူတို့လဲသူတို့အကျိုးကိစ္စရှိသလို ကျမတို့အတွက်လဲ ကောင်းတဲ့ကိစ္စပဲ၊ မကောင်းတဲ့ကိစ္စက ဘာလဲဆိုတော့ ကျမတို့ ဒီအခွင့်အလမ်းတွေကို အကျိုးရှိရှိ စေတနာပါပါနဲ့ သုံးနိုင်ဖို့လိုတယ်၊ မသုံးနိုင်ရင်တော့ ကျမတို့က နောက်မျိုးဆက်တွေကို အကြွေးတွေနဲ့ထားခဲ့သလို၊ တာဝန်မကြေတဲ့ မျိုးဆက်တွေပဲဖြစ်လိမ့်မယ်လို့၊ ဒီလက်ရှိအစိုးရ အပါအဝင်ပေါ့"
မြန်မာနိုင်ငံကို နိုင်ငံတကာကချေးငွေပေးလာရခြင်းအကြောင်းနဲ့ ဒီငွေတွေကိုယူတဲ့အခါမှာရော၊ သုံးတဲ့အခါမှာ ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်တာကိုလဲ ကိုမင်းသွေးသစ်က အခုလိုပြောပါတယ်။
"ဒီချေးငွေချေးတဲ့ဟာက ဘာကြောင့်ချေးရလဲဆိုတော့ ဒီချေးတဲ့နိုင်ငံက ကျနော်တို့နိုင်ငံကို မြင်လို့ချေးတာလေ၊ လွှတ်တော်ထဲကို အဓိကပြောမယ်ဆို အတိုက်အခံအင်အားစုတွေရောက်လာလို့ ချေးတာပဲလို့ ကျနော်တော့မြင်တယ်၊ အတိုက်အခံအင်အားစုတွေက လွှတ်တော်ထဲမှာ တစ်ကယ်ဘာ လုပ်ပိုင်ခွင့်ရှိလဲဆိုတာ ကို လေ့လာပြီးမှ ချေးငွေပေးသင့်တာပေါ့၊ နိုင်ငံတွေက ဒီဖက်ကယူတဲ့ အစိုးရပိုင်းမှာကျတော့ ဒီလိုအစိုးရမျိုးကတော့ သူတို့ပြန်ဆပ် ရတာမဟုတ်ဘူး၊ နောက်လာမယ့်အစိုးရပဲဆပ်ရမှာပဲ၊ မြန်မာပြည်သူတွေ ဆပ်ရမှာဆိုတော့၊ ဒီဟာကတော့ ယူမှာပဲ၊ အစိုးရအဂတိလိုက်စား မှု၊ခြစားမှု က အခုထိတိုက်ဖျက်လို့မရတဲ့ အခြေအနေဖြစ်နေတဲ့အတွက် ဒီငွေတွေက အကျိုးပြုလုပ်ငန်းတွေကို တကယ်ရောက်မှာလား ဆိုတာသံသယရှိတယ်၊ ဒီလိုမျိုးတွေက နိုင်ငံတွေကချေးတယ်ဆိုတဲ့ပေါ်မှာ၊ ပြောရေးဆိုခွင့်ရှိတယ်ဆိုတဲ့အပေါ်မှာ ဘယ်နိုင်ငံကဘယ်လောက်ချေးတယ်ဆိုတာက သိခွင့်မရှိတဲ့ အခြေအနေဖြစ်နေတယ်၊ မီဒီယာနဲ့ အလှမ်းဝေးတဲ့ လူကအများစုကို၊ ကျေးလက်က၊ကျေးရွာတွေက ၆ သောင်းကျော်ရှိနေတယ်၊ သတင်း စာတွေတောင်နောက်ကျမှ ယူရတာဆိုတော့ ဒီနိုင်ငံတွေရဲ့ချေးငွေတွေက သိဖို့ကခက်ခဲတယ်၊ ပြည်သူက ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့အပြင်မှာ သိလဲမသိဘူး၊ အစိုးရအရာရှိတွေကရော၊ သူတို့နဲ့ အကြောင်းသင့်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကရော သူတို့အကျိုးစီးပွားအတွက် နိုင်ငံတကာချေးငွေတွေကို အသုံးချခွင့်ကောင်းကောင်းရနေတယ်၊ ပြည်သူတွေက ဘာမှမသိတော့ ပြည်သူအကျိုးစီးပွားအတွက် ဖြစ်လာမယ်လို့ကျနော်တော့မမြင်ဘူး "
ဒီနေ့ကမ္ဘာအခင်းအကျင်းအရဆိုရင် အမေရိကန်ပြည်ထောင်စုက အာရှပစိဖိတ်ဒေသကို မဟာဗျူဟာဒေသတစ်ခုအဖြစ် ချဉ်းကပ်ဆောင်ရွက်နေချိန်မှာ မဟာအင်အားကြီး ဖြစ် လာတဲ့တရုတ်ကလဲ ကိုယ့်အာရှဒေသကိုပြန်စည်းရုံး ရမယ့်အခြေအနေအဖြစ်ရှုမြင်ခဲ့ တယ်လို့ မဇင်မာအောင်ကပြောပါတယ်၊ ဒီအခြေအနေကြောင့်အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံအတွက်တော့ လွတ်လပ်ရေးကို အရယူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မူဝါဒ အတိုင်း ကိုယ့်တိုင်းပြည်အကျိုးစီးပွားအတွက် အသုံးတည့်မယ့်နိုင်ငံမှန်သမျှနဲ့ မဟာမိတ်ဖွဲ့တဲ့ လမ်းစဉ်မျိုးကျင့်သုံးသင့်တယ်လို့ သုံးသပ်ကျပါတယ်။