စီမံခန့်ခွဲမှုအားနည်းလို့ နိုင်ငံ့ငွေကြေးဆုံးရှုံးခဲ့ကြောင်း MATA ထောက်ပြ


2019.09.19
mata-622.jpg MATA အဖွဲ့က "မှားယွင်းသော သယံဇာတစီမံခန့်ခွဲမှုက အကျင့်ပျက်ခြစားမှုနှင့် သယံဇာတကျိန်စာကို ဖြစ်ပေါ်စေခဲ့သလား" အစီရင်ခံစာကို ၂၀၁၉ စက်တင်ဘာ ၁၉ ရက်နေ့က ရှင်းလင်းစဉ်
Photo: MATA

စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ၂ဝ၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာ သယံဇာတထုတ်လုပ်မှုကဏ္ဍ တခုတည်းကနေ ဧရာဝတီ မြစ်ကူးတံတားကြီး အစင်းတစ်ရာ ဆောက်နိုင်လောက်တဲ့ ငွေပမာဏ ဆုံးရှုံးခဲ့ကြောင်း MATA အဖွဲ့က ထောက်ပြလိုက်ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ ဒီလို စီမံခန့်ခွဲမှု အမှားအယွင်းတွေ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးဆိုတာ လွန်စွာခက်ခဲတဲ့ကိစ္စ မဟုတ်ကြောင်း၊ ၂၀၀၈ အခြေခံ ဥပဒေကို မပြင်ဆင်နိုင်သေးတဲ့ အခြေအနေမှာလည်း စီးပွားရေးပြုပြင်ပြောင်းလဲမှုကို စွမ်းဆောင်နိုင်မှာဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များကွန်ရက်တခုက ဒီကနေ့ ထုတ်ဝေတဲ့ အစီရင်ခံစာတစောင်မှာ ဝေဖန် ထောက်ပြထားပါတယ်။

“ဖွဲ့စည်းပုံအခြေခံ ဥပဒေအရဆိုရင် ပြည်ထဲရေးတို့၊ ကာကွယ်ရေးတို့ နယ်စပ်ရေးရာကိစ္စတွေမှာ လုပ်လို့မရဘူးပေါ့၊ အဲဒါက လက်ရှိအရပ်သား အစိုးရအောက်မှာရှိမနေဘူး၊ ဒါတွေကို ပြောင်းဖို့ဆိုရင် ငြိမ်းချမ်းရေးကိစ္စလိုဟာမျိုးဆိုရင် သိပ်ခက်တာပေ့ါ၊ အရပ်သားအစိုးရအနေနဲ့ လုပ်ချင်တာကို လုပ်လို့မရတဲ့အပိုင်းတွေ အများကြီးရှိတာပေ့ါ၊ သို့သော် နိုင်ငံတော် စီးပွားရေးကဏ္ဍတွေမှာဆိုရင်တော့ အရပ်သားအစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာရှိတယ်၊ အဲဒါကြောင့်မို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြောင်းနိုင်သေးရင်တောင်မှ အရပ်သားအစိုးရရဲ့ လုပ်ပိုင်ခွင့်အောက်မှာရှိတော့ လုပ်မယ်ဆိုရင် လုပ်လို့ရတယ်လို့ ကျွန်တော်တို့က မြင်တာပေါ့”

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက် မဟာမိတ်အဖွဲ့ MATA က ဦးရဲလင်းမြင့် ပြောသွားတာပါ။

သက်ဆိုင်ရာဝန်ကြီးဌာနများက ဥပဒေ၊ အမိန့်စာ၊ ညွှန်ကြားစာများ ထုတ်ပြန်ပြီး အကောင်အထည်ဖော်ရုံနဲ့ ကြီးမားတဲ့ ပြောင်းလဲမှုကြီးကိုတွေ့ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက် မဟာမိတ်အဖွဲ့ MATA က ဆိုပါတယ်။

ဒီအဖွဲ့က မြန်မာဘာသာနဲ့ ထုတ်ပြန်တဲ့ ၇၄ မျက်နှာပါ အစီရင်ခံစာကို "မှားယွင်းသော သယံဇာတစီမံခန့်ခွဲမှုက အကျင့်ပျက်ခြစားမှုနှင့် သယံဇာတကျိန်စာကို ဖြစ်ပေါ်စေခဲ့သလား" လို့ အမည်ပေးထားပါတယ်။

သတ္ထုတွင်း၊ သစ်တော၊ ကျောက်စိမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အစရှိတဲ့ ဝင်ငွေကောင်းတဲ့ လုပ်ငန်းတွေရဲ့ ဝင်ငွေအသီးသီးကို ကုမ္ပဏီတွေရဲ့ ထုတ်ပြန်တဲ့စာရင်း၊ အစိုးရက ထုတ်ပြန်တဲ့စာရင်း ကွဲပြားခြားနားနေတာကိုလည်း အစီရင်ခံစာက မေးခွန်းထုတ်ထားပါတယ်။

“စာရင်းဖော်ပြချက်က နေရာတိုင်းမှာကွာတယ်၊ အနှစ်ချုပ်ပြောမယ်ဆိုရင် ၃ နေရာပြောလို့ရမယ်၊ ပထမနေရာက ကိစ္စတစ်ခုထဲမှာ ကုမ္ပဏီရဲ့ ဖော်ပြတဲ့စာရင်းနဲ့ အစိုးရကဖော်ပြတဲ့စာရင်းကွာတယ်၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေမှာ စာရင်းဖော်ပြမှုနှစ်ခုကွာတာတွေ့ရတယ်၊ နောက်တစ်ခုကွာခြားချက်က အစိုးရအချင်းချင်းကြားမှာ ကွာတာဖြစ် ပါတယ်၊ ဌာနတစ်ခုက တခြားဌာနတစ်ခုကို ပေးသွင်းတဲ့နေရာမှာသော်လည်းကောင်း စာရင်းပေးသွင်းတဲ့ဟာမှာ ကွာခြားတာတွေ့ရတယ်၊ အဲဒါက သေသေချာချာဖြေရှင်းဖို့လိုတယ်၊ မဖြေရှင်းနိုင်ရင် လက်ခံနိုင်စရာမရှိတဲ့ကိစ္စဖြစ် ပါတယ်၊ နောက်တစ်ခု ကွာခြားချက်က EITI ထုတ်ဖို့ပေးတဲ့ စာရင်းတွေနဲ့ ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်တဲ့ စာရင်းတွေကွာတာသွားတွေ့တယ်”

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက် မဟာမိတ်အဖွဲ့ MATA က ဦးရဲလင်းမြင့် ပြောသွားတာပါ။
ကျောက်စိမ်းရောင်းချမှုစာရင်းမှာ ကုမ္ပဏီစာရင်းနဲ့ အစိုးရစာရင်းနှစ်ခုကြား ကျောက်စိမ်းကီလို ၂ သိန်းနီးပါး ကွာခြားတယ်လို့ ဆိုပါတယ်။ ဒါဟာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် နဲ့ ညီမျှပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာလည်း ကွာခြားချက်က ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါး တန်ကြေးရှိပါတယ်။

သယံဇာတထုတ်လုပ်မှုကဏ္ဍမှာ ငွေစာရင်းကွာဟချက်က ဒေါ်လာ ၄ ဘီလျံဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ကွာဟချက်ပါ။ အဲဒီ ၄ ဘီလျံဝန်းကျင် ဆိုတဲ့ ငွေကြေးဟာ ဧရာဝတီမြစ်ကူးတံတားကြီး အစင်း ၁ဝဝ ဆောက်နိုင်တယ်လို့ တွက်ပြထားပါတယ်။ ကချင်ပြည်နယ်ကို ၃၅ နှစ်ကြာ ထောက်ပံ့နိုင်တဲ့ပမာဏ သို့မဟုတ် ရခိုင်ပြည်နယ်ကို ၃၈ နှစ်ကြာ ထောက်ပံ့ပေးနိုင်တဲ့ ပမာဏဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ တွက်ပြထားပါတယ်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၁ဝ ခု ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ စုစုပေါင်း အရှုံးပြပမာဏဟာ ကျပ် ၈၃၃ ဘီလျံအထက်မှာ ရှိတယ်လို့ ခန့်မှန်းပါတယ်။ ဒီခန့်မှန်းချက်ဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် နိုင်ငံတော် အရအသုံး မှန်းခြေ ငွေစာရင်းဥပဒေကို ကိုးကားထားတာလို့ ဆိုပါတယ်။

အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံ့ဘဏ္ဍာရဲ့ အလွန်ဆိုးဝါးသော ယိုပေါက်ကြီးလို ဖြစ်နေတယ်၊ လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲရေး လိုနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်နေချိန်မှာပဲ အစိုးရက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအဖွဲ့၊ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ လီမိတက် စတဲ့ အငြင်းပွားဖွယ်စီမံကိန်းတွေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းသစ်တွေ ထပ်မံ တည်ထောင်တာကိုလည်း ထောက်ပြထားပါတယ်။

MATA အဖွဲ့က အစီရင်ခံစာနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေ ခေါ် မစ္စတာ ဆတ်ချ်ပန်းက ဒီစီမံကိန်းဟာ နိုင်ငံအတွက် အကျိုးထူးများစွာ ရနိုင်မယ်လို့ ဆိုပါတယ်။ အကျိုးရလဒ်တွေထဲမှာ အဓိကအရေး အကြီးဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံးကတော့ မြို့သစ်စီမံကိန်းက ဖန်တီးနိုင်မယ့် အလုပ်အကိုင်အခွင့် အလမ်းသစ် ၂ သန်းဘဲဖြစ်ပါတယ်။

ဒီအလုပ်အကိုင်အခွင့်အရေးအသစ်တွေပေါ်လာပြီဆိုရင် ဘယ်လိုအကျိုးထူးတွေရမလဲ ဘယ်လိုရလဒ်တွေ ထွက်လာမလဲဆိုတာ အများပြည်သူများ နားလည်ပြီးဖြစ်တယ်လို့ယူဆကြောင်း ၂၀၁၈ ဧပြီ ၉ ရက်နေ့ ရက်စွဲနဲ့ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်ရဲ့ အွန်လိုင်းစာမျက်နှာမှာ ဦးသိမ်းဝေက ရေးသားထားပါတယ်။

(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြသည်)
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။