စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မကွေးတိုင်း ငါးမြို့နယ်က ဒေသခံတွေ အခက်အခဲဖြစ်နေ
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့တွေကို အရင်ကထက် စစ်ကြောင်းထိုးတာပိုများနေသလို လမ်းကြောင်းတွေပါ ပိတ်ဆို့ထားလို့ စစ်ဘေးဒုက္ခသည်တွေကိုကူညီဖို့ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
-
RFA Burmese
2023-03-07 -
-
-
မကွေးတိုင်း ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့ကစ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး အင်တာနက်လိုင်းတွေပါ ဖြတ်ထားတဲ့အပြင် ဖုန်းလိုင်းကိုပါ အချိန်မရွေး ဖြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဒေသခံတွေ ဖမ်းဆီးခံရတာ ဆက်တိုက်ရှိနေသလို စစ်ကောင်စီတပ် စစ်ကြောင်း ထိုးနေလို့ ဆယ်တန်းကျောင်းသားတွေပါ စာမေးပွဲဖြေဆိုဖို့ အခက်အခဲဖြစ်နေပြီလို့ ဒေသခံ တွေက ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း ဆောမြို့နယ်၊ ကျောက်ထုမြို့အနီး သရက်ချဉ်ရွာက ဒေသခံ ၂၆ ဦးကို PDF တွေနဲ့ PDF တွေကိုထောက်ပို့နေတဲ့ ဆွေမျိုးတွေဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့ပြီး မတ်လ ၇ နေ့ အထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
"သူတို့က မစိုးမိုးနိုင်တော့လေ စစ်ကြာင်းအထိုးစိပ်လာတယ်။ မာရှယ်လောထုတ်ပြီး သုံးကြောင်းပြိုင်ပေါ့နော် စစ်ကြောင်းထိုးတဲ့ အခြေအနေကျတော့ ကျမတို့က နည်းနည်း ခက်ခဲတာပေါ့"
စစ်ကောင်စီတပ်က လိုက်ဖမ်းနေလို့ ထွက်ပြေးနေရတဲ့ ဆောမြို့ခံတစ်ဦးကတော့ ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်ခံခဲ့ရသလို လက်ရှိလည်း ကျီးလန့်စာစားနေနေရတယ်လို့ RFA ကို ပြောပါတယ်။
"ကျနော်တို့ဆီမှာတော့ တော်တော်ကြီးကို ကျီးလန့်စာစားပါပဲ။ စစ်အုပ်ချုပ်ရေး ကြေညာပြီးတဲ့နောက်မှာတော့ တစ်ညအိပ်သွားတဲ့ရွာမှာ ချက်ပြုတ်စားသောက် တာအပြင်ကိုမှ လိုချင်တဲ့ပစ္စည်းတွေကို ယူသွားတာပေါ့ဗျာ။ ကျနော်တို့လည်း ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေရတဲ့ အနေအထား ဘာမှမလုပ်နိုင်ပါဘူး။ သူတို့က ကျနော့်ကို မတွေ့တဲ့အခါကျတော့ ဒီရွာကို မီးရှို့ပစ်မယ်ဆိုတာမျိုး ခြိမ်းခြောက်တာ ပေါ့ဗျာ။ ကျနော်တို့ရွာ တစ်ရွာတည်းတော့ မဟုတ်ဘူး၊ ဒီနားမှာရှိတဲ့ ရွာတွေအားလုံး အဲလိုဖြစ်အောင် လုံခြုံရေးအရ ဘယ်လိုမှကို လုံခြုံမှုကို မရှိတော့ဘူး"
အရင်က ဆောမြို့နယ်ကနေ ပခုက္ကူနဲ့ ဆိပ်ဖြူမြို့ကို သွားလာလို့ရပေမယ့် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း လမ်းတွေကိုပါ ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ဆိုပါ တယ်။
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့တွေကို အရင်ကထက် စစ်ကြောင်းထိုးတာ ပိုများ နေသလို လမ်းကြောင်းတွေပါ ပိတ်ဆို့ထားလို့ စစ်ဘေးဒုက္ခသည်တွေကိုကူညီဖို့ အခက်အခဲရှိနေတယ်လို့ ကူညီနေသူတစ်ဦးက ပြောပါတယ်။
"သူတို့က မစိုးမိုးနိုင်တော့လေ စစ်ကြာင်းအထိုးစိပ်လာတယ်။ မာရှယ်လောထုတ်ပြီး သုံးကြောင်းပြိုင်ပေါ့နော် စစ်ကြောင်းထိုးတဲ့ အခြေအနေကျတော့ ကျမတို့က နည်းနည်း ခက်ခဲတာပေါ့။ စစ်ကြောင်းမထိုးတဲ့ အချိန်ကတော့ ကျမတို့ ဆောမြို့ပေါ်ကို သွားလာခွင့်ရတယ်လို့ ပြောရမှာပေါ့။ လောင်းရှည်မှာဆိုရင် ဆီဝယ်ရတာပေါ့နော်။ ဆီကို ဆယ်ပိဿာဝင်ပုံး တစ်ပုံးပဲ သယ်ခွင့်ရှိတယ်။ ကျန်တာမသယ်ရဘူး။ ဆယ်ပိဿာထက် ပိုပြီးမှ အပြင်ကို ထွက်ခွင့် မပေးဘူး သူတို့က"
ယောဒေသမှာ စစ်ဘေးဒုက္ခသည်တွေ အရေးပေါ်ခိုလှုံဖို့ ဒုက္ခသည်စခန်း လေးနေရာ၊ ဆောမြောက်ပိုင်းမှာ နှစ်နေရာနဲ့ တောင်ပိုင်းမှာနှစ်နေရာ စီစဉ်ထားပြီး အဲဒီနေရာတွေ အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို မြို့ပေါ်တွေကနေ ဝယ်ယူထောက်ပံ့နေရတယ်လို့ ဆိုပါတယ်။
လက်ရှိ ဆောမြို့နယ်ရဲ့ သုံးပုံနှစ်ပုံဖြစ်တဲ့ ရွာပေါင်း ၂၉ ရွာနဲ့ ကျောက်ထုမြို့မှာရှိတဲ့ ရွာပေါင်း ၃၈ ရွာအနက် ၃၇ ရွာကို ဒေသကာကွယ်ရေးအဖွဲ့တွေက စိုးမိုးထားတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ဒေသတွေကို စစ်ကောင်စီ တပ်က အင်အားသုံးရာခန့်ပါ စစ်ကြောင်းသုံးကြောင်းနဲ့ ဆက်တိုက်ထိုးနေတာကြောင့် စစ်ဘေးဒုက္ခသည် ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။
မြိုင်မြို့ပေါ်ကိုလည်း ရွာတွေဘက်ကကားတွေ အဝင်မခံတော့ဘဲ ခရီးသည်တင်လိုင်းကားနဲ့ မြို့ပေါ်က ကားတွေလောက်သာ အဝင်ခံတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် မြို့ပေါ်ကို ရောင်းဝယ်ဖောက်ကားဖို့ သွားလာနေသူ တစ်ဝက်လောက် မသွား နိုင်ကြတော့ဘူးလို့ ရွာတွေနဲ့ မြို့ပေါ် ကုန်စည်ကူးသန်းရောင်းဝယ်နေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကားတွေက မသွားကြတော့ဘူး။ အရင်တုန်းက ကုန်စိမ်းသမားတွေကတော့ ကားတွေနဲ့ သွားကြတယ်။ အခု နောက်ပိုင်း ကားတွေနဲ့သွားတော့ ပိုက်ဆံကုန်လို့တဲ့။ မြိုင်ကို ဈေး ရောင်းသွားတဲ့သူ အယောက် ၂၀ ရှိရင် အခု ၁၀ ယောက်လောက်က မသွားကြတော့ဘူး။ ပုံမှန်ဈေးရောင်းတဲ့သူကတော့ အကုန်လုံးမသွားကြတော့ဘူး။ နားနေကြပြီပေါ့"
စစ်ဆေးရေးဂိတ်တွေကလည်း မနက် ၆ နာရီကနေ ည ၆ နာရီအတွင်းမဟုတ်ရင် ပစ်ခတ်တာတွေ ရှိနေသလို ဂိတ်တစ်ခုချင်းစီမှာ ကားတစ်စီးကို ငွေကျပ်ငါးထောင်အထိ တောင်းနေလို့ ရွာတွေကနေ မြိုင်မြို့ပေါ် ကို မဖြစ်မနေ အရေးကြီးကိစ္စကလွဲရင် မသွားကြတော့ဘူးလို့ ဆိုပါတယ်။
ထီးလင်းမှာတော့ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အရင်ကထက် တိုက်ပွဲပိုပြင်းထန် တာမျိုး မရှိပေမယ့် မြို့ပေါ်မှာတော့ ပျူစောထီး အင်အားကောင်းလာတယ်လို့ ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂန့်ဂေါခရိုင် အမှတ်(၂) တပ်ရင်းမှူး ဗိုလ်ကျီးကန်းက ပြောပါတယ်။
"ထီးလင်းမှာ ပျူစောထီးပိုများလာတာတော့ ရှိတယ်ဗျ။ ထီးလင်းမြို့ပေါ်မှာ ပျူစောထီးအင်အား ခန့်မှန်းက ၇၀ လောက် ရှိနေတယ်ဗျ။ ဒါကတော့ စစ်အုပ်ချုပ်ရေး ကြေညာခါနီးမှာ ပေါ်လာတာပေါ့။ မကြေညာခင်က သူတို့ တဖြည်းဖြည်း စစ်သင်တန်းပေးနေတယ်လို့ ပြောတယ်ဗျ။ မာရှယ်လော ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာတော့ မရှိဘူးဗျ"
ထီးလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၀ ရက်နောက်ပိုင်း ဒေသခံတွေ မြို့ပေါ်ကို အဝင်အထွက် မလုပ်ကြဖို့ ကြေညာထားတာကြောင့် ဒေသခံတွေကလည်း မြို့ပေါ်ကိုမသွားကြတော့ဘူးလို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ် အင်အားတစ်ရာကျော် နှစ်ရာခန့် ကို ထိပ်တိုက်ရင်ဆိုင်ဖို့ မလွယ်ကူပေမယ့် ရွာပေါင်း ၉၄ ရွာရှိတဲ့ ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ် ထိန်းချုပ်ထားနိုင်တာ မြို့ပေါ်နဲ့ ရဲကင်းစခန်းရှိတဲ့ ရေမျက်နီရွာ တစ်ဝက် လောက်သာ ကျန်တော့တယ်လို့ ဗိုလ်ကျီးကန်းက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ မကွေးတိုင်းက ငါးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ဖေဖော်ဝါရီတစ်လ အတွင်း ဒေသခံလေးဦး အသတ်ခံခဲ့ရပြီး ၁၀ ဦး အဖမ်းခံခဲ့ရပါတယ်။