မန္တလေးတိုင်းက PDF စိုးမိုးနယ်မြေတွေကို စစ်ကောင်စီတပ် ထိုးစစ်ဆင်နေ
ကာကွယ်ရေးပူးပေါင်းတပ်တွေကလည်း မတ္တရာမြို့နယ်က စစ်ကောင်စီထိန်းချုပ် နယ်မြေတွေမှာ စစ်မျက်နှာဖွင့်ထားတယ်လို့ PDF တစ်ဦးက ပြောပါတယ်။
-
RFA Burmese
2025-01-23 -
-
-
မန္တလေးတိုင်း မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးတဲ့နယ်မြေတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် အခုရက်ပိုင်းတွေအတွင်း နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ကစလို့ မတ္တရာမြို့အရှေ့ခြမ်းက ဖယောင်းတောင်၊ ထန်းပင်ကုန်း၊ မြိုကုန်းရွာတစ်ဝိုက်ကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာလို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (MDY–PDF) က ဇန်နဝါရီ ၂၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
“ရွာပေါင်း ဆယ်ရွာထက်မနည်းက ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်”
ကာကွယ်ရေး ပူးပေါင်းတပ်တွေကလည်း မတ္တရာမြို့နယ်က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာပါ စစ်မျက်နှာ ဖွင့်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“မတ္တရာအရှေ့ခြမ်း မြို့ရဲ့အရှေ့ဘက်ထဲမှာတော့ လွန်ခဲ့တဲ့ နှစ်ရက်လောက်က စကစ စစ်ကြောင်းထိုးလို့ တိုက်ပွဲအနည်းငယ်တော့ ရှိခဲ့တယ်ပေါ့နော်။ ဒီမတ္တရာမြို့နယ်ရဲ့ စစ်ရေးအခြေအနေကတော့ စကစ စိုးမိုးထားတဲ့နယ်မြေလည်း လက်ရှိမှာ နည်းနည်းများတဲ့အထဲမှာ ပါတယ်ပေါ့။ အဲဒီနေရာမှာဆိုရင် ကျွန်တော်တို့ တော်လှန်ရေးတပ်တွေနဲ့ စကစတပ်တွေကတော့ တိုက်ပွဲကတော့ အမြဲတမ်းလိုလို ဖြစ်နေဆဲပါ။ စစ်မျက်နှာ ဖွင့်ထားဆဲပေါ့နော်”
စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်တွေ မဆင်နွှဲခင် ဇန်နဝါရီ ၂ ရက်နေ့ကစလို့ သပိတ်ကျင်း၊ စဥ့်ကူး၊ မတ္တရာမြို့နယ်တွေက ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲခဲ့ပြီးနောက် မြေပြင်ထိုးစစ်တွေကို လုပ်ဆောင်လာတာလို့လည်း ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ရဲ့ ပြင်းထန်တဲ့ထိုးစစ်တွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်က အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ တွင်းငယ်ရွာကို ပြန်လည်လက်လွှတ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အခုလထဲမှာ ကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ သပိတ်ကျင်းမြို့နယ် ခုနစ်မိုင်ရွာနဲ့ ကျောက်ကြီးရွာဘက်ကိုပါ စစ်ကောင်စီတပ်က ဆက်လက်ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့လည်း ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
မန္တလေး PDF ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်နေ
အညာနဲ့မြေလတ်မှာ တိုက်ပွဲတွေ ပိုများလာ
တရုတ်ဖိအားရဲ့ သက်ရောက်မှု ကြုံနေရတဲ့ အညာနဲ့ မြေလတ်ဒေသ
မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို နေ့စဥ်နီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို တိုက်ပွဲတွေလည်း ပြန်ဖြစ်လာတာကြောင့် မြို့အရှေ့ဘက်ခြမ်းက ရွာပေါင်း ဆယ်ရွာထက်မနည်းက ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေကတော့ အကူအညီတွေ လိုအပ်နေဆဲပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတ္တရာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လက်နက်ကြီးကလည်း အရှေ့ခြမ်းပဲပြောပြော အနောက်ခြမ်းပဲပြောပြော အဲဒီတစ်ကြောမှာ လက်နက်ကြီးက နေ့တိုင်း ထုနေတာပဲ။ ထိလိုက်၊ သေလိုက်နဲ့ကို များလာပြီ။ နေလို့ကို မဖြစ်တော့ဘူး။ လွတ်လပ်တဲ့နေရာတွေပေါ့။ ရွာရပ်တွေမှာ အသိ အသိတွေနဲ့ ခွဲနေကြတာပေါ့။ ကျွန်တော်တို့ စစ်ရှောင်ရတာတောင် အဓိက ရိက္ခာနဲ့ အခု ဆောင်းတွင်းဆိုတဲ့အတိုင်း ဆောင်၊ အနွေးထည်၊ ဆေးဝါးပေါ့။ အဲဒီလိုမျိုးတွေကတော့ တတ်နိုင်တဲ့ဘက်ကတော့ အုပ်ချုပ်ရေးပိုင်းပဲပြောပြော အကုန်လုံးကတော့ လုပ်ကိုင်ပေးနေကြတာပါပဲ”
မတ္တရာမြို့အနောက်ခြမ်းက ရွာတွေဘက်ကိုလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာထဲမှာ စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူပေါင်းပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ကို လက်လွှတ်ခဲ့ရပြီး ရွာပေါင်း ၁၅ ရွာထက်မနည်းက ဒေသခံ နှစ်သောင်းကျော်လည်း ဒီနေ့အထိ တိမ်းရှောင်နေရဆဲပဲလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်းအတွင်း သူတို့ လက်လွှတ်ခဲ့ရတဲ့တဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာလို့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲတွေက မြေပြင်မှာတော့ နေ့တိုင်းနီးပါး ရှိနေတာပဲလေ။ (စကစ) သူ့ဘက်ကလည်း တစ်ရွာပြီးတစ်ရွာ စစ်ကြောင်းထိုးနေတဲ့ အနေအထားတွေကတော့ မတ္တရာဘက်မှာတော့ နေ့စဥ်နဲ့အမျှ ရှိတယ်။ သူတို့ဘက်က ဒရုန်းသုံးပြီးတော့ attack (တိုက်ခိုက်) တာတွေလည်း ခပ်စိပ်စိပ် တွေ့လာရတယ်။ အဓိက ကတော့ မတ္တရာက မန္တလေးရဲ့ဝင်ပေါက်ပဲ။ မတ္တရာကို အရှေ့ခြမ်းရော အနောက်ခြမ်းကိုပါ ကောင်းကောင်း ခံစစ်ပြင်ပြီးတော့ စပြီး ကျေးရွာတွေကို ထိုးလာတဲ့ အနေအထားမျိုးပေါ့လေ။ ကျွန်တော် PDF တွေ စိုးမိုးထားတဲ့နေရာတွေကို တစ်စတစ်စနဲ့ သူတို့ ပြန်ထားလာတဲ့ အနေအထားပါပဲ”
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေးတိုင်းထဲက မိုးကုတ်၊ သပိတ်ကျင်း၊ စဥ့်ကူး၊ မတ္တရာ၊ မြင်းခြံ၊ တောင်သာမြို့နယ်က နယ်မြေအများစုကို စစ်ကောင်စီတပ်က လက်လွှတ်ခဲ့ရတာပါ။ အဲဒီနောက် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ၁၀၂၇ စစ်ဆင်ရေးအရှိန် လျော့လာချိန် လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ပြန်လည် ထိုးစစ်ဆင်နေတာလို့လည်း ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ တန်ပြန်ထိုးစစ်ကြောင့် မြင်းခြံခရိုင်နဲ့ မတ္တရာမြို့နယ်အတွင်းက ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ ပြန်ပြီး လက်လွှတ်ခဲ့ရပါတယ်။