မကွေးတိုင်းက စစ်အုပ်ချုပ်ရေးထုတ်ထားတဲ့ မြို့နယ်တွေမှာ အထွေထွေကျပ်တည်းလာ
မကွေးတိုင်းက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့နယ်တွေမှာ လူမှုရေး၊ စီးပွားရေး၊ သွားရေးလာရေးနဲ့ ကျန်းမာရေးကအစ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2023-08-01 -
-
-
မကွေးတိုင်းက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ဆော၊ ဂန့်ဂေါ၊ ပေါက်၊ ထီးလင်းနဲ့ မြိုင်မြို့နယ်တွေမှာ လူမှုရေး၊ စီးပွားရေး၊ သွားရေးလာရေးနဲ့ ကျန်းမာရေးကအစ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂန့်ဂေါမြို့နယ်မှာ မြို့နဲ့ ငါးမိုင်ပတ်လည်ကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ရွာတွေကို မထိန်းနိုင်တော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ မြို့ဝင် မြို့ထွက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ဆေးဝါးနဲ့ ကျောင်းသုံးပစ္စည်းတွေ ကိုပါ ထောက်ခံစာပါမှ သယ်ယူခွင့်ပြုတယ်လို့ ပြောကြပါတယ်။
"ပေါက်- ပခုက္ကူလမ်းကို ကုန်ပစ္စည်းဝယ်မယ်ဆိုရင် သုံးရက်လောက်၊ လေးရက်လောက် လုံခြုံရေးယူထားတယ်။ လမ်းမှာ ကင်းပုန်းတွေချတယ်။ ရှေးပြေးကင်းတွေ ချတယ် အဲဒါမျိုး သွားနေရတာဗျ"
အဲ့ဒီအပြင် ရွာတွေဘက်ကို စစ်ကောင်စီက မကြာခဏစစ်ကြောင်းထိုးနေတာကြောင့် ကျေးလက်နေ ပြည်သူတွေ မြို့ပေါ်ပြောင်းတာပိုများလာနေပါတယ်။ မြို့ပေါ်မှာလည်း ကုန်ဈေးနှုန်းတက်တာတွေနဲ့ ရင်ဆိုင်ရတယ်လို့ ဂန့်ဂေါမြို့ခံတစ်ယောက်က ပြောပါတယ်။
"ဈေးမတရားတက်တယ်။ အဲအတွက် ကြားထဲမှာ ဝင်ငွေကမရှိ အခြေခံစားသောက်ကုန် တွေတက် တစ်လမှာ ဝင်ငွေ သုံးသိန်းလောက်ရတဲ့သူဆို ဆန်တစ်အိတ်ဝယ်တာနဲ့တင် သွားပြီလေ။ ကျန်တဲ့ ဗာဟီရစရိတ်တွေရော နေ့စဉ် စားဖို့သောက်ဖို့ စရိတ်တွေရောဆို ဘယ်လိုမှ ရှာလို့ အဆင်မပြေတော့ဘူးလေနော်"
စစ်အာဏာမသိမ်းခင်က ဆန်တစ်တင်းအိတ်ကို တစ်သောင်းကိုးထောင်ပဲရှိခဲ့ပြီး လက်ရှိမှာ ဆန်တစ်တင်းခွဲ တစ်အိတ်က တစ်သိန်းတစ်သောင်း (၁၁၀,၀၀၀ ကျပ်) ဖြစ်နေပြီလို့ သူက ပြောပါ တယ်။
ပေါက်မြို့နယ်မှာလည်း ကျေးလက်တွေကနေ မြို့ပေါ်ကို ကူးသန်းရောင်းဝယ်ရေး ခက်ခဲ သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီမှာ တစ်လကို အနည်းဆုံး နှစ်ကြိမ်လောက် တိုက်ပွဲ ဖြစ်နေလို့ တခြားမြို့တွေကို ပြောင်းသွားကြတာလည်း ရှိနေပါတယ်။
အခုဆိုရင် ပေါက်မြို့ကနေ ပခုက္ကူမြို့ကို ကုန်ပစ္စည်း သွားဝယ်မယ်ဆိုရင် စစ်ကောင်စီ ခွင့်ပြုတဲ့ အချိန်ရောက်မှ ကားတွေစုထွက်ရပြီး ဒီလိုထွက်ရဖို့ကိုလည်း တစ်လမှ တစ်ကြိမ်၊ တစ်ခါတလေဆို နှစ်လလောက်ကြာမှ ထွက်ရတာတွေ ရှိတယ်လို့ ပေါက်မြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။
"အခု ပေါက်- ပခုက္ကူ လမ်းကို ကုန်ပစ္စည်းဝယ်မယ်ဆိုရင် သုံးရက်လောက်၊ လေးရက် လောက် လုံခြုံရေးယူထား တယ်။ လမ်းမှာ ကင်းပုန်းတွေချတယ်။ ရှေးပြေးကင်းတွေ ချတယ် အဲဒါမျိုး သွားနေရတာဗျ။ အခု ပြည်သူတွေက ပေါက်-ပခုက္ကူလမ်းက သွားရ တာ လာရတာ တော်တော်ကြီး ခက်တယ်ဗျ။ ကျွန်တော်တို့ နယ်ဘက်ကတော့ သွားလို့ မရဘူးဗျ။ ပေါက်မြို့ပေါ်ကို သွားလို့ မရသလို ပခုက္ကူမြို့ပေါ်ကိုလည်း သွားလို့ရတာ မဟုတ်ဘူးဗျ"
စစ်ကောင်စီဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခံရတာကြောင့် ဒီလမ်းပိုင်းကို အသုံးမပြုရဲသလောက် ဖြစ်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကလည်း သူတို့ရိက္ခာသယ်ယူမယ်ဆိုရင် အရပ်သားတွေနဲ့ ရောပြီးမှ သွားလာနေရ တယ်လို့ ပြောပါတယ်။ ဒီလမ်းကို စိုးမိုးထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းတွေမိရင် ဖမ်းဆီးသိမ်းဆည်းတာ တွေ ရှိပါတယ်။
ဆောမြို့နယ်မှာတော့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ မရှိတော့ဘူးလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
"ကျွန်တော်တို့ ဒေသမှာတော့ ရုံးတက်တယ်ဆိုတာ မရှိတော့ဘူး။ ရုံးတွေက မီးရှို့ပြီးပြီ။ မြို့ပေါ်မှာ မရှိတော့တာ ဗျ။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ကတော့ ဒီမှာ မြို့ပေါ်မှာ ရံဖန်ရံခါ တိုက်ပွဲတွေ ဖြစ်ကြတယ်။ အဲအခါ ခဏရှောင်နေပြီး အိမ်ထဲဝင်နေပြီးတော့မှ ကျွန်တော်တို့ ဒေသက PDF လည်း တော်တော်စိုးမိုးနေတယ်ဆိုတော့ ခဏဖြစ်ပြီးရင် သွားသွားလာလာ ဟန်မပျက် သွားလာလှုပ်ရှားလို့ပဲ နေကြပါတယ်"
ဆောမြို့အနေနဲ့ ကုန်စည်တွေကို ချောက်မြို့နဲ့ ဆိပ်ဖြူ မြို့ကနေ သယ်ယူရပါတယ်။ ဒီလိုသယ်တဲ့ အခါမှာ ကုန်သည်တွေအနေနဲ့ အဲဒီမှာ တာဝန်ကျနေတဲ့ ဗိုလ်မှူးရဲ့ လက်မှတ် လိုအပ်ပါတယ်။ ပစ္စည်းတွေသယ်တဲ့အခါမှာ လည်း PDF နဲ့ ပတ်သက်တယ်လို့ ယူဆတဲ့ တောစီးဖိနပ်၊ တူညီဝတ်စုံမျိုး၊ စက်သုံးဆီ၊ ကော်ဖီမစ်၊ ခေါက်ဆွဲ ခြောက်ထုပ်တွေကို ကန့်သတ်ထားတယ်လို့ ပြောပါတယ်။
တစ်ခါ - ရေစကြိုမြို့မှာလည်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက ဒေသခံတွေကို ဖိအားပေးစစ်ဆေးသလို ငွေတောင်းတာတွေလည်း ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရေစကြိုမြို့ပေါ်မှာ မော်တော်ဆိုင်ကယ်မှာ နှစ်ယောက်စီးခွင့်ပိတ်ထားသလို ညနေ ၆ နာရီကနေ မနက် ၇ နာရီအထိ ညမထွက်ရအမိန့် ထုတ်ထားပါတယ်။ လူငယ်တွေ မြို့ပေါ်ကိုသွားရင်လည်း PDF လို့ စွပ်စွဲပြီး စစ်ဆေးဖမ်းဆီးတာမျိုးတွေ ရှိနေပါတယ်။
ဒီအခြေအနေတွေကြောင့် ကျေးလက်က ပြည်သူတွေဟာ ကျန်းမာရေးမကောင်းရင်လည်း မြို့ပေါ်က ဆေးရုံကိုသွားဖို့ ခက်နေပါတယ်။ သူတို့က ကြက်ဆူကျင်းတိုက်နယ်ဆေးရုံကို အားထားနေရပါတယ်။
အဲဒီဆေးရုံက ဆရာဝန်ကို စစ်ကောင်စီက ဖိအားပေးတာကြောင့် သူလည်း မလာတော့လို့ အခက်အခဲတွေ ဖြစ်ရတယ်လို့ ရေစကြို ဒေသခံတစ်ယောက်က ပြောပါတယ်။
"ကျန်းမာရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ရေစကြို မြို့နယ်တင်မကဘူး မြိုင်နယ်ကပါ အားကိုးနေရတဲ့ ဆေးခန်းလေးမှာ ဆရာဝန်ကလည်း ဘယ်လိုကြောင့်တုန်းဆိုတော့ ကျတော့ ဒီဂိတ်တွေက မင်းတို့ PDF တွေ ကုလာတာလား၊ ဘာတွေ ကုလာတာလား မင်းဘယ်လိုကုတာတုန်း အဲလိုတွေ ဘယ်လို လုပ်မယ်၊ ညာလိုလုပ်မယ် ဖိအားတွေ များလွန်းလို့ဆိုပြီး သူလည်း ဒီမှာ မလာရဲတော့ဘဲနဲ့ အခုတော့ ပြောင်းရွှေ့စာရင်းတင်လို့ အခု တိုက်နယ်ဆေးရုံမှာ ဆရာဝန်တောင် အခုမရှိတော့ဘူး"
လက်ရှိမှာ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ စာရင်းအရ စစ်အာဏာသိမ်းပြီးတဲ့နောက် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ အရပ်သား မကွေးတိုင်းမှာ နှစ်သိန်းကျော် (၂၀၃,၄၀၀) ရှိတယ်လို့ သိရပါတယ်။