မဲဆောက်မှာ မြန်မာတွေဖမ်းဆီးခံရတာများပြီး အကာအကွယ်မဲ့နေ

တာ့ခ်ခရိုင်အာဏာပိုင်အဖွဲ့အစည်း၊ ထိုင်းနယ်ခြားစောင့်တပ်တွေပါတဲ့အဖွဲ့စုံက မေလ ၂၂ ရက်ကနေ မေလ ၂၆ ရက်အထိ ရှာဖွေဖမ်းဆီးတာတွေလုပ်မယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။

၂ဝ၂၃ ခုနှစ် မေလအတွင်းက ထိုင်း-မြန်မာနယ်စပ်တွင် စောင့်ကြပ်စစ်ဆေးနေကြသည့် ထိုင်းရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်။ Citizen Journalist

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မယ်သောင်ရပ်ကွက်မှာ တရားဝင်နေထိုင်ခွင့်အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားအလုပ်သမား ၁၅ ယောက် မေလ ၂၃ ရက်နေ့မှာ အဖမ်းခံလိုက်ရပါတယ်။

အမျိုးသမီး ၁၄ ယောက်နဲ့ အမျိုးသား တစ်ယောက်ဖြစ်ပြီး အသက် ၂၀ ကနေ ၄၀ ကြားအရွယ်တွေဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

သူတို့ဟာ စက်ချုပ်ရုံလေးတစ်ရုံမှာ အလုပ်လုပ်နေကြတဲ့သူတွေဖြစ်ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးရော စစ်သားတွေပါ ပါတဲ့အဖွဲ့စုံက ရုတ်တရက် ဝင်ဖမ်းတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ မျက်မြင်အမျိုးသမီးတစ်ယောက်က ပြောပါတယ် ။

“ညီမမျက်စိရှေ့တင် မိသွားတာကတော့ ခြောက်ယောက်ရှိတယ်။ ကြံခင်းထဲမှာ သုံးယောက်မိတယ်။ ညီမတို့အနောက်ဘက်က ငှက်ပျောတောမှာ သုံးယောက်မိတယ်။ ဒီမှာအကုန်လုံးပါသွားတာကတော့ ၁၅ ယောက်ပါသွားတယ်။ အထောက်အထားမဲ့နဲ့မိတာ။ လက်နက်ပစ္စည်းကြောင့် မိတာမဟုတ်ဘူး၊ တောမော (ထိုင်းလဝက) ရော၊ စစ်သားရော ဝင်စစ်တဲ့အခါမှာ ကလေးတွေက အလုပ်လုပ်နေတာဆိုတော့၊ အိမ်လုပ်ငန်းအထည်ချုပ်လေးလုပ်နေတဲ့အခါမှာ အလုပ်သမားက ၁၈ ယောက်ရယ်၊ အလုပ်ရှင် လင်မယားနှစ်ယောက်ရယ်ဆိုတော့ အယောက်၂၀ လောက်ရှိတယ်”

ငါးယောက်ကတော့ နေထိုင်ခွင့်ရှိတဲ့အတွက် အဖမ်းမခံရတာလို့ဆိုပါတယ်။ သူတို့ကို အမှတ် (၁) ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားနားက ထိုင်းလူဝင်မှုကြီးကြပ်ရေးအချုပ်မှာ ပို့ထားတယ်လို့ သိရပါတယ်။

မဲဆောက်မြို့နယ် မယ်ပရပ်ကွက်မှာ မေလ ၁၄ ရက်က အိမ်တစ်အိမ်မီးလောင်လို့ အာဏာပိုင်တွေ ရောက်သွားရာကနေ လက်နက်ထုတ်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ကို တွေ့သွားပါတယ်။ အဲဒီပစ္စည်းတွေနဲ့ ပတ်သက်တဲ့သူ ခြောက်ယောက်ထက်မနည်း ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းရထားပြီး အဲဒီလူတွေကိုရှာနေတာပါ။

ဘန်ကောက်ရဲတပ်ဖွဲ့၊ တာ့ခ်ခရိုင် အာဏာပိုင်အဖွဲ့အစည်း၊ ထိုင်းနယ်ခြားစောင့်တပ် တွေပါတဲ့အဖွဲ့စုံ က အခု မေလ ၂၂ ကနေ မေလ ၂၆ ရက် အထိရှာဖွေ ဖမ်းဆီးတာတွေလုပ်မယ်လို့ မဲဆောက်အာဏာ ပိုင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။

အခုလို မြန်မာတွေကို စစ်ဆေးဖမ်းဆီးနေတာကြောင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှာ နိုင်ငံရေးဒုက္ခသည်အဖြစ် လျှောက်ထားပြီး ခိုလှုံခွင့်ရဖို့ မဲဆောက်မြို့ဝန်းကျင်မှာ စောင့်နေတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေလည်း စိုးရိမ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် UNHCR ရုံးကို အကူအညီတောင်းဖို့ တယ်လီဖုန်းနဲ့ဆက်ပေမယ့် ဆက်သွယ်လို့မရဘူးလို့ ဒုက္ခသည်လျှောက်လွှာတင်ထားတဲ့ ကိုကျော်ကြီးက ပြောပါတယ်။

“အပြင်မထွက်ဘဲနဲ့ကိုတောင် အိမ်ထဲမှာနေနေတာနဲ့ပဲ တော်တော်ကြီးကို ကြောက်နေရတယ်။ UNHCR ကို ကျွန်တော်တို့ဆက်သွယ်ပြီး ဖုန်းခေါ်တယ်။ ဒီနေ့ ကျွန်တော်ကိုယ်တိုင် ဖုန်းခေါ်တာလေး ခေါက်။ ဖုန်းခေါ်ခဲ့တယ်။ ဒါပေမဲ့ ဖုန်းလုံးဝမကိုင်ဘဲနဲ့ auto reply Respond ပဲ ပြန်ပေးခဲ့တယ်ပေါ့နော်”

၂ဝ၂၃ ခုနှစ် မေလအတွင်းက ထိုင်း-မြန်မာနယ်စပ်တွင် စောင့်ကြပ်စစ်ဆေးနေကြသည့် ထိုင်းရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်။ (Photo: Citizen Journalist)

ဒါကြောင့် သူတို့အနေနဲ့ အကူအညီမဲ့သလိုဖြစ်နေတယ်လို့ ကိုကျော်ကြီးက ဆိုပါတယ်။

“အကယ်၍ အဖမ်းခံရရင်ပါသွားမှာပဲပေါ့လေ။ လက်ရှိမှာ ကျွန်တော်တို့က အကာအကွယ်မဲ့နေတယ်။လူ့အခွင့်အရေးတွေလည်း တော်တော်ဆုံးရှုံးတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ UNHCR ကလည်း ကျွန်တော်တို့ကို ဘာမှမကာကွယ်ပေးနိုင်သလို ကျွန်တော်တို့က ဆက်သွယ်ရင်တောင်မှပဲ သူတို့ဘက်က ပြန်လည်ဖြေကြားတာမျိုး မလုပ်ပေးနိုင်တဲ့ အခြေအနေဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အတွက်က ဘယ်ဥပဒေမှလည်း ကျွန်တော်တို့ကို မကာကွယ်နိုင်ဘူး။ လူသားချင်းစာနာထောက်ထားမှုဆိုတာလည်း ကျွန်တော်တို့အတွက် မရှိဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့နော်”

မေလ ၂၂ နဲ့ ၂၃ ရက်မှာ မဲဆောက်မြို့ထဲရော မြို့ပြင်မှာပါ တရားဝင်နေထိုင်ခွင့်မရှိလို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားအယောက် ၆ဝ လောက် ရှိတယ်လို့ မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲတွေကို ကူညီနေတဲ့သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org