ဆင်းရဲသားလူထုရဲ့ စားဝတ်နေရေး ဒုက္ခအကြပ်အတည်း ဘယ်တော့ပြေလည်လာမလဲ


2016.09.07

 

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ လူဦးရေ သုံးပုံနှစ်ပုံလောက်ရှိတဲ့  ဆင်းရဲသားကျေးလက်နေ တောင်သူလယ်သမားတွေရဲ့ ဘဝကို မြှင့်တင်လိုက်ရုံနဲ့ ဆင်ရဲမွဲတေမှု လျှော့ချရေးကို ဆောင်ရွက်ပြီးသားဖြစ်တယ်လို့ နိုဘယ်လ်ဆုရ ကမ္ဘာကျော် စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ် (Joseph Stiglitz) က ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေးမူဝါဒချမှတ်ရေးနဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး ဆွေးနွေးပွဲမှာ အကြံပြုလမ်းညွှွန်သွားခဲ့ပါတယ်။ 

ဒီအကြံပြုချက်က ၇ နှစ်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်ကျေးလက်နေ တောင်သူတွေရော၊ ဒေသအသီးသီးက အောက်ခြေပြည်သူတွေပါ ဘယ်တော့များမှ အသက်ရှုချောင် ထွက်ပေါက်ရမလဲဆိုတာ ဒီကနေ့အထိ တပ်အပ် မသိနိုင်သေးပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ပါမောက္ခ ရှောင်တာနဲ ကတော့ စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေမှုတွေဟာ အောက်ခြေဆင်းရဲသားလူထုနဲ့ မသက်ဆိုင်သလိုဖြစ်နေဆဲဘဲလို့ ဝန်ခံပြောဆိုပါတယ်။

“စီးပွားရေးပြုပြင်ပြောင်းလဲမှုဟာ ကျေးလက်နေလူထုတစ်ဦးတစ်ယောက်ကိုမှ ထိတွေ့သက်ရောက်မှု မရှိသေးပါဘူး။ ဒါ့ကြောင့် ကျေးလက်လူထုအတွက် အဓိကအာရုံစူးစိုက်လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ သြစတြေးလျနိုင်ငံ မကွာရီတက္ကသိုလ် စီးပွားရေးဌာနပါမောက္ခ မစ္စတာ ရှောင်တာနဲက ပြောပါတယ်။

ဒီနှစ်မှာတော့ နိုင်ငံရဲ့စီးပွားရေးဟာ ထူးထူးခြားခြားကောင်းမွန်လာတာ မရှိသေးပါဘူး။ နိုင်ငံတောင်ပိုင်းက မြိတ်၊ ထားဝယ်ဒေသမှာဆိုရင်လည်း အရင်နှစ်တွေကလောက်တောင် လုပ်ငန်းကိုင်ငန်းတွေ အဆင်မပြေဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စီးပွားရေးလုပ်တာတော့ အဆင်ပြေမှုက သိပ်မရှိဘူး၊ လုပ်ငန်းတွေက အဆင်မပြေဘူးဆိုတော့၊ စီးပွားရေးက သိပ်အဆင်မပြေဘူး၊ ပြီးခဲ့တဲ့နှစ်ထက် သိပ်အဆင်မပြေကြဘူး”

အန်အယ်လ်ဒီ အစိုးရသစ်လက်ထက်မှာ အောက်ခြေလူထု ဆက်လက်ပြီး ခါးစည်းခံနေရတာတစ်ခုက ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ဖြစ်ပါတယ်။ နာတာရှည်ရောဂါဆိုးတစ်ခုလို အစိုးရအဆက်ဆက်မဖြေရှင်းနိုင်တဲ့ အဲဒီကုန်ဈေးနှုန်းမြင့်တက်မှုဟာ ဒီနှစ်မှာဆိုရင် ရေဘေးကြောင့်ပါ ပိုခံရတယ်လို့ မန္တလေးက အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

“ကျွန်မတို့ ဆန်ဈေးတွေလည်း တက်တယ်ဗျ၊ ခါတိုင်းဆို ကန်စွန်းရွက်တစီးကို တစ်ရာဖိုးဆိုရင် အစည်းလေး ၄စီးရတယ်ရှင့်၊ အခုတော့ တရာဖိုးကို ၃ စီးရှင့်။ ချဉ်ပေါင်ရွက်ကလည်း ခါတိုင်းဆိုလို့ရှိရင် တရာဖိုးကို ၄ စီးတို့ ၃ စီးတို့၊ အခုတော့ ၂ စီးတို့၊ နံနံပင် ၁ စီးကိုတော့ ကျွန်မတို့ ၁၀၀ ဝယ်သုံးရတယ်ရှင့်။ ကြက်ဥကလည်း ဈေးတက်တယ်ရှင့်။ တစ်လုံးကို ၁၅၀၊ ခါတိုင်း ၁၂၀ တန်လောက်က ၁၅၀ ဖြစ်သွားတာရှင့်။”

နာတာရှည်လို ကုန်ဈေးနှုန်းပြဿနာမျိုးက ကုသဖို့ခက်ခဲနေတဲ့ကြားကဘဲ ဒေသတချို့မှာဆိုရင် အတွေ့အကြုံနဲ့ အမြော်အမြင်နည်းပါးတဲ့ အာဏာပိုင်တချို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့်လည်း ဆင်းရဲကြပ်တည်းတဲ့ ပြည်သူတွေဟာ ဗူးလေးရာဖရုံဆင့် ခါးစည်းခံနေကြရတာတွေလည်းရှိပါတယ်။ မန္တလေးမှာဆိုရင် ဥပမာတစ်ခုအနေနဲ့ လမ်းဘေးဈေးသည်တွေကို လုပ်ကိုင်စားသောက်ဖို့ ခက်ခဲသွားအောင် ဘယ်လိုရှင်းလင်းနေသလဲဆိုတာ မန္တလေးအနောက်မြောက် မြို့နယ်ရဲ့ ၁၉၉၀ ခုနှစ်အမတ်ဟောင်း ဦးတင်အောင်က အခုလို ထောက်ပြပါတယ်။

“မြင်သာတဲ့ အပြောင်းအလဲ၊ တိုးတက်တဲ့အပြောင်းအလဲ၊ ကုန်ဈေးနှုန်းတွေကျတဲ့ အပြောင်းအလဲတော့ မတွေ့ရသေးပါဘူးခင်ဗျ၊ လောလောဆယ်တော့ လမ်းဘေးဈေးသည်တွေပေါ့ဗျာ၊ ဈေးသည်တွေ လမ်းကျူးလို့ မထွက်နဲ့လို့ ပြောတဲ့အတွက် မထွက်ရရင်လည်း သူတို့အလုပ်လက်မဲ့ဖြစ်ဖို့ဟာတွေ များနေတယ်လေ၊ အဲဒီတော့ တချို့ကလည်း အဲဒီဟာတွေကို နည်းနည်းလေးစိတ်ထဲ ဘယ်လိုဖြစ်တာပါလိမ့်ဆိုတဲ့ သဘောမျိုးတွေနဲ့ စိုးရိမ်စိတ်တွေ ဆင်းရဲသားဈေးသည်တွေ တော်တော်လေးဖြစ်နေတယ်။ ဈေးဆိုင်တွေဗျာ မုန့်တီသည်တို့ မုန့်ဟင်းခါးသည်တို့ စသည်ဖြင့် ဆင်းရဲသားရပ်ကွက်တွေမှာ လမ်းဘေးထွက်နေတဲ့ဟာတွေ မထွက်ရဘူးတို့ ဖြစ်တဲ့အခါမှာ သူတို့မထွက်ရရင် သူတို့အလုပ်မရှိတော့ဘူးပေါ့ဗျာ။ နောက်တစ်ခုက ဆင်းရဲသားရပ်ကွက်ဆိုတော့ ဈေးသက်သက်သာသာနဲ့ စားရတဲ့ဆိုင်လေးတွေပျောက်သွားရင် ဆင်းရဲသား ရပ်ကွက်လူထုဟာလည်း သူတို့အတွက် အခက်အခဲတွေ့မယ်လေ၊ အခြားနေရာပေးပြီးတော့ ရှင်းတာမျိုးဆိုရင်တော့ ကောင်းတယ်လေ၊ လုံးဝမထွက်ရဘူးထက်စာရင် ဘယ်လိုထွက်ရမယ်ဆိုတဲ့ ထွက်ပေါက်ကလေးတွေ ပေးရင်တော့ ပိုကောင်းတာပေါ့။ အဲလိုမရှိတော့ လူထုက ခံစားနေရတဲ့သဘောတွေ ရှိနေတယ်” 

ဧရာဝတီတိုင်းမှာလည်း အလားတူဖြစ်ရပ်မျိုး ကြုံနေရပါတယ်။ ဥပမာအနေနဲ့ ဖျာပုံခရိုင်အမာဒေသမှာ အောက်ခြေပြည်သူတွေ ဝင်ငွေအလုပ်အကိုင် အဆင်ပြေစပြုလာတဲ့ ဓနိဖူးလိုလုပ်ငန်းမျိုးတွေရပ်နားသွားအောင် ဖိအားပေးနေရတယ်လို့ အဲဒီဒေသမှာ ဆင်းရဲသားပြည်သူလူထုကို ကူညီဆောင်ရွက်ပေးနေတဲ့ ဦးဆန်းမောင်ဦးက ပြောပြပါတယ်။

“ဓနိဖူးလုပ်ငန်းဆိုတာ အရင်တုံးက စွန့်ပစ်ကုန်ပေါ့၊ အဲဒါလေးကို ကျွန်တော်တို့က အခုလတ်တလောမှာ ကျွန်တော်တို့မြို့ကလူတွေက အကုန်လုံးအလုပ်အကိုင်အခွင့်အလန်းတွေရကြတယ်။ ဒီဟာ ဈေးကွက်ဖြစ်လာ တော့လေ၊ ရကြတဲ့အပေါ်မှာ အခုလတ်တလောမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က နေပြီးတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်တယ်၊ ဂေဟစနစ်တွေပျက်စီးတယ်ဆိုပြီးတော့သူက လွှတ်တော်မှာ ဆွေးနွေးမယ်ဆိုပြီးတော့ အုပ်ချုပ်ရေးပိုင်းကနေတဆင့် ဒါမှမဟုတ် သစ်တောပိုင်းကနေတဆင့် သူတို့ ဖိအားပေးတာတွေ ရှိလာတယ် ခင်ဗျ။ ရှိလာတဲ့အပေါ်မှာ လတ်တလောမှာ ဒီလုပ်ငန်းတွေကို ဒေသခံပြည်သူတွေက မလုပ်ရဲကြဘူး။ ရပ်တံ့ထားရတယ်ပေါ့။ နေ့စဉ်ဘဝတွေက အခုကလေးတွေ ကျောင်းထားရတာကအစ လတ်တလောမှာ သူတို့အကြွေးတွေနဲ့၊ ဥပမာ နေ့ကလေးထိန်းကျောင်းဆိုလို့ရှိရင် ဆိုင်းဘုတ်တင်ပြီးတော့ အကြွေးတောင်းရတဲ့အဆင့်တွေ ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအလုပ်အကိုင်အခွင့်အလန်းတွေ ပိတ်ပင်တဲ့အတွက် မလုပ်ရတဲ့အတွက် အခက်အခဲတွေဖြစ်လာတယ်ပေါ့၊ သူတို့ စားဝတ်နေရေးတွေပါ အကုန်လုံး ထိခိုက်ကြတယ် ခင်ဗျ”

ဒီလိုလုပ်ငန်းမျိုးတွေ ရပ်နားသွားအောင် အာဏာသုံးဖိအားပေးလုပ်ဆောင်နေတဲ့အတွက် အောက်ခြေလူထုအဖို့ အလုပ်အကိုင်အခွင့်အလန်းနဲ့ နေ့စဉ်ဝင်ငွေဆုံးရှုံးရသလို ရှင်သန်အောင်မြင်စပြုနေတဲ့ လုပ်ငန်းရှင်တွေလည်း အထိနာကြရပါတယ်။ အငယ်စားနဲ့ အလတ်စား SME လုပ်ငန်းတွေရှင်သန်းအားကောင်းလာအောင် အားပေးရမယ့်အစား ရှင်းလင်းဖယ်ရှားတဲ့လုပ်ရပ်မျိုးဖြစ်နေတာဟာ အစိုးရရဲ့ရေရှည်စီးပွားရေးမူဝါဒတွေနဲ့ လည်း ဆန့်ကျင်နေပါတယ်။

စီးပွားရေးပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ) ကတော့ အမြော်အမြင်နည်းပါးပြီးနဲ့ အတွေ့အကြုံမရှိတာကြောင့် ဒီပြဿနာတွေ ကြုံနေရတာလို့ ရန်ကုန်တိုင်းအာဏာပိုင်တွေရဲ့ ကွမ်းယာဆိုင်တွေဖယ်ရှားရေးကြိုးပမ်းခဲ့တဲ့လုပ်ရပ် ဥပမာကို ထောက်ပြပြီး သုံးသပ်ပါတယ်။

“တစ်ခုကတော့ အတွေ့အကြုံမရှိတာပေါ့လေ၊ အတွေ့အကြုံမရှိတာ။ နောက် ကိုယ့်စိတ်ကူးထဲမှာ ပေါ်တာလေးတွေ ထလုပ်တာပေါ့၊ ဥပမာ ကွမ်းယာကိစ္စလိုမျိုးပေါ့။ ကွမ်းယာကိစ္စမျိုးကို ဖြေရှင်းတဲ့အခါကျရင် ကွမ်းယာကိစ္စကို ကိုင်တွယ်ချင်တဲ့စိတ်ဘဲရှိတယ်၊ အဲဒီမှာပါဝင်နေတဲ့သူတွေ ဘယ်လောက်ကြီးမားလဲ၊ အလုပ်အကိုင်လုပ်နေတဲ့သူတွေကလည်း များတယ်၊ စားသုံးတဲ့သူ ဘယ်လောက်များလဲ၊ ရောင်းတဲ့သူ ဘယ်လောက်များလဲဆိုတာ၊ အဲဒီဟာကို စီးပွားရေးလုပ်ငန်းကြီးတစ်ခုအနေနဲ့ ကြီးကြီးမားမားရှိနေတယ်ဆိုတဲ့ဟာမျိုးကို သတိထားမိဟန်မပေါ်ဘူးပေါ့နော်။ သူတို့မှာ စိတ်ကူးတွေကတော့ ရှိနေတယ်၊ အဲဒီစိတ်ကူးတွေက သိပ်ပြီးတော့ လက်တွေ့မဆန်ဘူး” 

NLD အစိုးရသစ်အနေနဲ့ ပြည်သူလူထုရဲ့မျှော့်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ နှစ်အတန်ကြာ အချိန်ယူဆောင်ရွက်သွားရဖွယ်ရှိတယ်လို့လည်း ဦးခင်မောင်ညိုက ပြောပါတယ်။

“တစ်ခုကတော့ ပြည်သူလူထုရဲ့မျှော်လင့်ချက်ပေါ့နော်၊ ပြည်သူလူထုရဲ့ မျှော်လင့်ချက်ဆိုတာကလည်း အပြစ်တော့ ပြောလို့မရဘူးပေါ့၊ ပြည်သူလူထုရဲ့မျှော်လင့်ချက်က သိပ်ကြီးမားတယ်၊ မြန်မြန်ဆန်ဆန် ဖြစ်စေချင်တာပေါ့၊ နောက် ခံစားနေရတာတွေကလည်း ကြာပြီပေါ့လေ။ တကယ့်တကယ်ကျတော့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်ကို ချက်ချင်းလက်ငင်းဖြည့်ဆည်းပေးဖို့ ရေတိုမှာတော့ သိပ်ပြီးတော့ မလွယ်ကူဘူးပေါ့နော်။”

မြန်မာနိုင်ငံ နိုင်ငံရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ ဥက္ကဌဖြစ်သူ ဒေါက်တာမင်းညိုကတော့ အောက်ခြေလူထုရဲ့ကြပ်တည်းမှုတွေကို မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဖြေရှင်းနိုင်စွမ်းမရှိဘူးဆိုရင် မလိုလားအပ်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမှာ စိုးရိမ်မိကြောင်း ပြောပါတယ်။

“ခက်တာက အောက်ခြေမှာကတော့ သိတဲ့အတိုင်းဘဲ တကယ့်အဓိကကျတဲ့ စားဝတ်နေရေးပြဿနာကို၊ ပြောရင်တော့ စီးပွားရေးလည်း မြို့ပေါ်မှာလည်း တော်တော်ကျနေတာကိုတွေ့နေရတယ်ပေါ့၊ နောက်တစ်ခုက အဓိကကျတဲ့ ၇၀ ရာခိုင်နှုန်းက တောင်သူလယ်သမားတွေ ဖြစ်နေတယ်လေ၊ ကျေးလတ်က ဖြစ်နေတယ်၊ အဲဒီတော့ ကျေးလတ်က ဖွံ့ဖြိုးတိုးတက်မှုလည်း အခုထိဘာမှ မလုပ်နိုင်သေးတာကို တွေ့နေရတယ်ပေါ့။ နောက်တခါ လယ်သမားတွေသာမက အလုပ်သမားတွေပါ ပေါင်းလိုက်ရင် ရာခိုင်နှုန်းက မနည်းဘူးလေ၊ အနိမ့်ဆုံးလစာကလည်း ပြောမယ်ဆိုရင် အရှေ့တောင်အာရှမှာ အနိမ့်ဆုံးအဆင့်ဘဲရှိနေသေးတာ တွေ့နေရတယ်ပေါ့။ ဘယ်လိုဖြစ်လာနိုင်သလဲဆိုတော့ ကျွန်တော်တို့က အစိုးရိမ်ဆုံးက ကျွန်တော်တို့ မျှော်လင့်ထားတဲ့အစိုးရတစ်ခုကို ပြည်သူတွေက တင်ပြီးနေပြီလေ၊ တင်ပြီးနေတာကို အဲဒီတင်ထားတဲ့အစိုးရ ပြည်သူတွေအတွက် မလုပ်နိုင်ဘူးဆိုရင် ပြည်သူတွေက အားကိုးရာမဲ့ရောက်ပြီးတော့ မထူးဇာတ်ခင်းသွားမှာဘဲ ကြောက်တယ်လေ၊ မြန်မာရာဇဝင်မှာလည်း ရှိခဲ့တာပေါ့၊ အပေါ်ကမလုပ်နိုင်ဘူးဆိုရင် မထူးဇာတ်ခင်းတာနဲ့ တပြိုင်နက် တစစီဖြစ်တဲ့ အစဉ်အလာက ရှိခဲ့ကြတာကိုး။”

ဒါကတော့ အစိုးရသစ်တက်လာပြီး ၆ လခန့်အကြာ အောက်ခြေလူထုအခြေအနေပါ။ ရှေ့အပတ်မှာတော့ နိုင်ငံအတွက် လိုအပ်နေတဲ့ ရေတိုရေရှည် စီးပွားရေးမူဝါဒနဲ့ပါတ်သက်လို့ ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်ခင်ဗျား။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။