ကြေးနီစီမံကိန်း ပဋိပက္ခအတွက် မန္တလေးမြို့မှာ ဆန္ဒပြတဲ့ အကြောင်း တင်ပြချက်


2014.12.27

ပြီးခဲ့တဲ့ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း မိုးကြိုးပြင်အလယ်ရွာက ဒေါ်ခင်ဝင်း သေဆုံးခဲ့တာနဲ့ ကျေးရွာသားတွေ ဒဏ်ရာရခဲ့တာကို အစိုးရက တရားမျှတမှုရှိအောင် ဖြေရှင်းပေးဖို့ မန္တလေးမြို့မှာ ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းခွင်မှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်စဉ် လျော်ကြေးမယူထားတဲ့ ကျေးရွာသားတွေက တားမြစ်ရာမှာ ရဲတပ်ဖွဲ့ကပစ်ခတ်ခဲ့တဲ့ အတွက် ဒေါ်ခင်ဝင်းသေဆုံးခဲရပြီး ဒေသခံအတော်များများ ဒဏ်ရာရရှိခဲ့ပါတယ်၊ အဲ့ဒီလိုဖြစ်ပျက်ခဲ့တဲ့ကိစ္စကို အစိုးရအနေနဲ့ဖြေရှင်းပေးဖို့ ဒီနေ့မန္တလေးမြို့မှာ သံဃာတော်တွေအပါအဝင် မြို့ခံ ၁ဝဝဝ နီးပါးလောက် က တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ မန္တလေးမြို့ ၇၃ လမ်းအတိုင်း လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ကမ္ဘာမကြေ သီချင်းကိုလည်းသီဆို ကာ ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီကိုအလိုမရှိ၊ တောင်သူလယ်သမားရန်သူ ဒို့ရန်သူ၊ အလုပ်သမားရန်သူ ဒို့ရန်သူ စတဲ့ကြွေးကြော်သံတွေနဲ့အတူ တရုတ်ကောင်စစ်ဝင်ရုံးနားအထိ ရောက်ရှိခဲ့ကြပါတယ်။

တရုတ်ကောင်စစ်ဝင်ရုံးရှေ့မှာ မူလကဆန္ဒပြဖို့စီစဉ်ထားခဲ့ပေမယ့် ရုံးအဝင်လမ်မှာအင်အား ၁ဝဝ ကျော်လောက် ရှိတဲ့ လုံခြုံရေးတွေကသံဆူးကြိုးတွေချပြီး စောင့်ဆိုင်းနေတာကြောင့် ရုံးရှေ့အထိ သွားခွင့်မရပါဘူး။ သူတို့အနေနဲ့ အခုလိုဆန္ဒပြတာဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ဆန္ဒပြနေတာမဟုတ်ပဲ ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ကို ဆန္ဒပြတာဖြစ်တယ်လို့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF က ကိုသိန်းအောင်မြင့်က ပြော ပါတယ်။

ကိုသိန်းအောင်မြင့်။               ။တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေဖြစ်တယ်၊ ကျနော်တို့မြန်မာနိုင်ငံရဲ့ ဒေသဆိုင်ရာပြဿနာတွေပေါ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ အိမ်နီးချင်းကောင်း ပီသစွာဖြေရှင်းပေးဖို့လိုအပ်တယ်၊ ဦးပိုင်နဲ့ ဝမ်ပေါင်ရဲ့ အဓမ္မလောဘကြောင့် မလိုလားအပ်တဲ့တရုတ်မြန်မာ ချစ်ကြည်ရင်းနှီးမှုကို ကျနော်တို့ အပျက်ပြားမခံနိုင်ဘူး၊ နောက်ဆက်တွဲပြဿနာတွေအားလုံး ဦးပိုင်နဲ့ ဝမ်ပေါင် ကုမ္ပဏီဟာ တာဝန်အားလုံးဝင်ယူဖြေရှင်းရမယ်၊ ဒီကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပေးထားတဲ့ အာဏာပိုင်အဖွဲ့အစည်း အားလုံးမှာ တာဝန်ရှိတယ်။

အခုလိုဆန္ဒပြတောင်းဆိုတာဟာ လူမျိုးရေးမုန်းတီးမှုကို အခြေခံတောင်းဆိုတာမဟုတ်ပဲ နိုင်ငံတကာနဲ့ တရုတ်နိုင်ငံက သိစေချင်တာကြောင့်တောင်းဆိုတာဖြစ်တယ်လို့ ကြေးနီစီမံကိန်းဧရိယာမှာရှိတဲ့ မိုးကြိုးပြင်အလယ်ရွာ ဆရာတော်တစ်ပါးက မိန့်ပါတယ်။

ဆရာတော်။              ။ဦးဇင်းတို့ ဒီနေရာကိုရောက်လာတာဟာ လူမျိုးရေးမုန်းတီးရေးကြောင့် ရောက်လာတာ မဟုတ်ပါဘူး၊ ဒီလိုအကြမ်းဖက်ခံရတယ်၊ သတ်ဖြတ်ခံရတယ်၊ ကိုယ့်ပြည်ထဲမှာလာပြီးတော့ အနိုင်ကျင့်စော်ကား ခံနေရတယ်ဆိုတာကို တရုတပြည်မှာရှိတဲ့ လူစိတ်ရှိတဲ့ တရုတ်တွေမှန်သမျှ ကိုယ်ချင်းစာတရားတွေထွန်းကားဖို့ အတွက် ဖြစ်ပါတယ်၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီကြီးအနေနဲ့ မြန်မာပြည်ကိုလာပြီးတော့ အန်မတန်စော်ကားနေ ပါတယ်ဆိုတာကို မြန်မာကသိဖို့ ကမ္ဘာကသိဖို့ ပြောကြားရင်းဖြစ်ပါတယ်၊ ဒီနေ့မြန်မာပြည်တွင်းမှာရှိတဲ့ ဘုန်းကြီးရော ကျောင်းသာတွေရော ရဟန်းရှင်လူ ပြည်သူတွေအားလုံး ကိုယ့်ပြည်သူလူထုဘက်က ရင်နာတယ် ခံစားနေတယ်ဆိုလို့ရှိရင်တော့ ပြည်သူ့ဘက်ကရပ်တည်ပါလို့ ဦးဇင်းကပြောကြားလိုပါတယ်။

ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ သံဃာတော်တွေက လက်ပံတောင်းတောင်အရေးနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို တရုတ်ကောင်စစ်ဝန်ရုံးကို ပေးအပ်ခဲ့ပါတယ်၊ ဆန္ဒပြပွဲမှာပါဝင်သူတွေဟာ မြန်မာနိုင်ငံတော်သီချင်းကို သီဆိုပြီး ကောင်စစ်ဝန်ရုံးနားကနေ မန္တလေးမြို့ရဲ့လူစည်ကားတဲ့ ၆၆ လမ်း၊ လမ်း ၃ဝ နဲ့ ဘူတာကြီး စတဲ့နေရာတွေမှာ ဆက်လက်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို ရွှေဝါရောင်သံဃာ့ကွန်ရက်၊ အထက်မြန်မာပြည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက်၊ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၊ ကဗျာဆရာများသမဂ္ဂ(မန္တလေး)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် စတဲ့နိုင်ငံရေးနဲ့ လူမှုရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်း ၂၄ ဖွဲ့နဲ့အတူ မန္တလေးမြို့ခံတွေ စုပေါင်းဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်ခင်ဗျား။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။