လက်ပံတောင်းတောင်တစ်ဝိုက် ပြာပုံကြားက ဒေသခံတွေရဲ့ဆန္ဒ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ စစ်တပ်ရဲ့ ဦးပိုင်လီမိတက်နဲ့ တရုတ်ရဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ရဲ့ အကျိုးတူစီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။။

၂၀၂၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် ယင်းမာပင်မြို့နယ် ထန်းဇင်ရွာကို တွေ့ရစဥ်။ Photo: Revolution Gallery

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ စစ်တပ်ရဲ့ ဦးပိုင်လီမိတက်နဲ့ တရုတ်ရဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ရဲ့ အကျိုးတူစီးပွားရေးလုပ်ငန်း ဖြစ်ပါတယ်။။ ဒီစီမံကိန်းကြောင့် မိုးကြိုးပြင်၊ တုံ၊ ဝက်မှေး၊ ဇီးတော၊ ဆည်တဲ၊ ကျော် စတဲ့ရွာတွေက လယ်ယာမြေ ဧက ပေါင်း (၇၀၀၀) ကျော် သိမ်းဆည်းခံခဲ့ရပါတယ်။ အဲဒီအချိန်ကတည်းက သူတို့ရဲ့ မြေယာလျော်ကြေးနဲ့ ရပိုင်ခွင့်တွေအတွက် သံဃာတွေနဲ့ တောင်သူတွေ အသက်ဆုံးရှုံးတဲ့အထိ တစိုက်မတ်မတ် တောင်းဆိုခဲ့ကြပေမယ့် NLD အစိုးရလက်ထက်မှာတောင် ဒေသခံတွေရဲ့ ဆန္ဒအတိုင်းမရခဲ့တဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။

အခုတော့ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ သူတို့လည်း တခြားပြည်သူတွေလို စစ်ကောင်စီကို ရရာလက်နက်နဲ့ ဆန့်ကျင်ခုခံနေကြပါပြီ။

မိုးကြိုးပြင်ရွာသားတွေဆိုရင် ဝမ်ပေါင်ကုမ္မဏီကိစ္စနဲ့ ထိပ်တိုက်တွေ့မှု ပြင်းထန်ခဲ့တဲ့ ကာလက သေနတ်နဲ့ပစ်ခတ်နှိမ်နင်းခံရလို့ သေဆုံးရတဲ့ လယ်သူမကြီး ဒေါ်ခင်ဝင်းရဲ့ ရွာလည်းဖြစ်ပါတယ်။ အဲဒီကတည်းက စစ်တပ်ရဲ့ အကြမ်းဖက်မှုကို မျက်ဝါးထင်ထင် သိခဲ့တဲ့ မိုးကြိုးပြင်ရွာမှာ အခုတော့ လူငယ်တွေဟာ လက်နက်ကိုင် ခုခံတော်လှန်နေပါပြီ။ သူတို့ရဲ့လှုပ်ရှားမှုစတင်ခဲ့ကြပုံကို အခုလို ပြောပြပါတယ်။

“ကျွန်တော်တို့က အသက်အရွယ်အားဖြင့် ကျောင်းသားအရွယ်ပေါ့။ အသက်အားဖြင့် ၂၂ နှစ်ပဲ ရှိပါသေးတယ်။ လက်သန်းနဲ့ မဲပေးခဲ့တာကို မဲလိမ်ပါတယ်ဆိုပြီးတော့ အာဏာရူး ဟာ အာဏာရှင်စနစ်ကို နောက်တစ်ကြိမ်ပြန်ပြီး ကျင့်သုံးလာတယ်။ လက်သုံးချောင်း ထောင်ပြီး ဆန္ဒပြခဲ့တယ်။ အကြမ်းဖက် ဖြိုခွင်းတယ်။ လူတွေကို မတရားအကြမ်းဖက် သတ်ဖြတ်တယ်။ တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အချိန်မှာ ကျွန်တော်တို့ ဟာ ဒီနည်းလမ်းနဲ့ မရတော့ဘူးဆိုပြီးတော့ လက်နက်ကို လက်နက်နဲ့ ပြန်တော်လှန် မယ်ဆိုပြီးတော့ ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ရ တယ်။ one star task force ဆိုတဲ့ အဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့တယ်။ လူဦးရေ ခုနစ် ယောက်နဲ့ တောထဲမှာနေခဲ့တယ်။ တစ်ယောက်ကို နှစ်ထောင်စီစပ်ပီးတော့ တစ်သောင်းလေးထောင်နဲ့ လက်နက်တစ်လက်ကို ထုတ်မယ်ဆိုပြီး ကြိုးစားပြီး ထုတ်ခဲ့ကြတယ်။ အဲဒီတစ်လက်နဲ့မဲချပြီး တိုက်ပွဲလိုက်ခဲ့ရတယ်”

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေက ကျေးရွာတွေကိုမီးရှို့ခဲ့ရာမှာ လက်ပံတောင်း တောင် စီမံကိန်းဧရိယာက ရွာတွေလည်း ပါခဲ့ပါတယ်။ သူတို့ရွာကို မီးရှို့တဲ့တပ်တွေဟာ ဝမ်ပေါင်စက်ရုံမှာ တပ်စွဲထားတဲ့ စစ်တပ်ဖြစ်တယ်လို့ မိုးကြိုးပြင်ရွာသူ အမျိုးသမီးတစ် ယောက်က ပြောပြပါတယ်။

“ကြေးနီစီမံကိန်း နယ်မြေကပါ။ ကျွန်မတို့ မြေတွေကို စစ်အစိုးရက သိမ်းသွားတာပါ။ တစ်ဧကကို သိန်း အစိတ်ပေးမယ်တဲ့။ မယူချင်ပါဘူး။ ကိုယ်မြေလေးကိုယ် လုပ်စားချင် တာပါ။ သူတို့က သိမ်းမှာ ယူကိုယူရမှဆိုလို့ ယူရတာ။ လျော်ကြေးလေးရတော့ ဘယ်က မှဝင်ငွေမရတော့ ကျွန်မတို့ စားသောက်ပစ်လိုက်ကြတယ်။ ကုန်သွားတယ်။ ကုန်သွား တော့ သားသမီးလေးတွေ ကြီးလာတော့ ဝမ်ပေါင်မှာ အလုပ်လုပ်ပါတယ်။ အလုပ်လုပ် ပြီးတော့ ဆယ်နှစ်ဆယ်မိုး စုဆောင်းခဲ့ရတယ်။ ဖြစ်သလိုလေးစား စုဆောင်းပြီးတော့ အိမ်လေးဆောက်ခဲ့ရတယ်။ အခုဝမ်ပေါင်က စစ်တပ်ကပဲ အဲဒီအိမ်လေးကို မီးရှို့သွား တယ်။ ကျုပ်တို့မှာ နေစရာလည်း မရှိတော့ဘူး။ တောထဲမှာ တဲထိုးပြီးနေရတယ်”

သူတို့ဒေသကို မီးရှို့တဲ့ စစ်ကောင်စီတပ်ကို ကျေးရွာကာကွယ်ရေးအဖွဲ့က အစပိုင်းမှာ ပြန်လည် တိုက်ခိုက်တာတွေလုပ်ခဲ့ပေမယ့် NUG ကာကွယ်ရေးဝန်ကြီးက စီးပွားရေး လုပ်ဆောင်နေတဲ့ ဝမ်ပေါင် ကုမ္ပဏီကို မတိုက်ခိုက်ဖို့ တားမြစ်ခဲ့တယ်လို့ ပြောပြကြပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဝမ်ပေါင်ကုမ္ပဏီရဲ့ပိုင်နက်ကို အခြေပြုပြီး စီမံကိန်းဧရိယာက ရွာတွေကို မီးရှို့တာတွေ လက်နက်ကြီးနဲ့ ပစ်တာတွေမကြာခဏလုပ်နေတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေက ဝမ်ပေါင်စက်ရုံ လုပ်ငန်းခွင်ကို မတိုက်ခိုက်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ကတော့ မီးရှို့တာတွေရပ်တန့်မသွားဘူးလို့ ဒေသခံကာကွယ်ရေး အဖွဲ့ရဲ့ ဦးဆောင်သူတစ်ယောက်က ပြောပါတယ်။

“တိုက်ခိုက်ရေးအနေနဲ့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ကျေးရွာတွေကို မီးရှို့ခံရတဲ့အချိန် မှာပဲ ဒီစစ်ကြောင်းဟာ ဘယ်ကနေထွက်လာလဲဆိုတော့ ဝမ်ပေါင်ကုမ္ပဏီထဲမှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ စစ်ကြောင်းဖြစ်နေတယ်။ အဲဒီအခါ ကျွန်တော်တို့ က ဝမ်ပေါင်ကုမ္ပဏီထဲမှာ တပ်စွဲထားတဲ့ စစ်ကြောင်းကို သွားတိုက်ခိုက်ခဲ့တယ်။ တိုက်လိုက်ပြီး သုံးလေးရက်အကြာမှာ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ကိုယ်တိုင်ပဲ ကုမ္ပဏီထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မတိုက် ခိုက်ဖို့ တားမြစ်ခဲ့ ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီကို တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး။ ကုမ္ပဏီထဲမှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်တွေကို တိုက်တာပါလို့ ပြောခဲ့တယ်။ ဆားလင်းကြီးမြို့နယ် ထဲမှာ တစ်ရွာပြီးတစ်ရွာ မီးရှို့ခံခဲ့ရတယ်။ ကျေးရွာသူ၊ ကျေးရွာသားတွေဟာ စားစရာ မရှိလို့ သူတောင်းစားအဖြစ် ရောက်ခဲ့ရတယ်”

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဝမ်ပေါင်ကုမ္ပဏီကို မတိုက်ဖို့ပြောတယ်ဆိုတဲ့ အပေါ်မှာတော့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

နေအိမ်မီးရှို့ခံရပြီး တောထဲမှာရှောင်တိမ်းနေရတဲ့ အမျိုးသမီးတစ်ယောက်ကတော့ သူ့ခံစားချက်ကို အခုလို ပြောပါတယ်။

“ဒီစစ်တပ်အမြစ်ပြတ်မှ ကျုပ်တို့ အေးအေးချမ်းချမ်းနေနိုင်မှာ။ စစ်တပ်အမြစ်မပြတ် သ၍ ရွာထဲ မကပ်နိုင်ဘူး။ နေလည်း မနေရဲဘူး။ ကျွန်မတို့အတွက် အိမ်တွေဘာတွေ မလိုသေးပါဘူး။ တောထဲမှာဖြစ်သလိုနေလို့ ရပါသေးတယ်။ ဒီလိုပဲ ဖြစ်သလိုနေရဦးမှာပဲ။ ဒီတော့ ကလေးတွေကိုသာ ကျည်လေးတွေ လှူပေးကြပါ။ ကျွန်မတို့ အမျိုးမျိုး တောင်းပန်ပါတယ်”

လက်ပံတောင်းကြေးနီစီမံကိန်းနယ်မြေက ကာကွယ်ရေးတပ်ဖွဲ့မှာပါနေတဲ့ အသက် ၂၂ နှစ်အရွယ် မောင်ကျော်က ခံယူချက်ရော ခံစားချက်ပါရှိနေတဲ့အတွက် လက်နက်ပြည့်စုံရင် တိုက်ပွဲအနိုင်တိုက်နိုင်မယ်လို့ ယုံကြည်ထားတယ်လို့ ပြောပြပါတယ်။

“ဆားလင်းကြီးမြို့နယ်ထဲမှာဘဲ ရွာစဉ်အလိုက် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ မိဘပြည်သူ တွေနဲ့ ကျွန်တော်တို့ စကားပြောတယ်။ ကျွန်တော်တို့ရှိလို့ အရှို့ခံရတာလား။ မင်းတို့ ရှိလည်း အရှို့ခံရမှာပဲ မရှိလည်း အရှို့ခံရမှာပဲ။ အာဏာရှင်စနစ်ဆိုးကိုပဲ ပြန်တော်လှန်ပါ။ ငါတို့ခေတ်မှာ မတော်လှန်နိုင်ခဲ့ဘူး။ မင်းတို့ခေတ်မှာ တော်လှန်ရဲတယ်။ ကျွန်တော်တို့ ဆီမှာ လက်နက်အင်အား မရှိပါဘူး။ ရဲဘော်အင်အားရှိတယ်။ မိဘပြည်သူတွေရဲ့ ထောက်ခံမှုရှိတယ်။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ ရဲဘော်တွေ ရက်ရက်စက်စက် သတ်ဖြတ်တာကိုလည်း ခံခဲ့ရသလို ကျွန်တော်တို့ရဲ့ အိမ်တွေဟာလည်း မီးလောင်တိုက် သွင်းခံရတယ်။ အဲတော့ ကျွန်တော်တို့မှာ ခံယူချက်ရော ခံစားချက်ရောရှိနေပါပြီ။ ခံယူချက်ရော ခံစားချက်ရော ရှိနေတဲ့တိုက်ပွဲမှာ ကျွန်တော်တို့ လိုအပ်နေတာ လက်နက် တစ်ခုပါပဲ။ ကျန်တာ ဘာမှမလိုဘူး။ ကျွန်တော်တို့ဟာ ဒီတိုက်ပွဲကို နိုင်ကိုနိုင်ရမယ် ဆိုတဲ့စိတ်နဲ့ တိုက်နေတာ”

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org