အိမ်မက်ဆိုးတွေနဲ့ အိမ်မက်သစ်တွေအကြား နေထိုင်ကြသူများ


2016.10.26

ကန်ဆက်ပြည်နယ်မှာ အခုဆိုရင် မြန်မာ၊ ဆိုမာလီးယား၊ မက္ကဆီကိုနဲ့ ဆူဒါန်စတဲ့ ကမ္ဘာတလွှားနိုင်ငံတွေက ဘဝသစ်ထူထောင်ဖို့ အိပ်မက်သစ်တွေနဲ့ ပြောင်းရွှေ့လာကြသူ ထောင်ပေါင်းများစွာ နေထိုင်လျှက်ရှိပါပြီ။ အဲဒီလူသစ်တွေဟာ မွေးမြူရေးခြံတွေ ထုတ်ပိုးစက်ရုံတွေမှာ တနာရီကို ၁၆ ဒေါ်လာလောက်လုပ်ခနဲ့ ဘဝသစ်ကို စတင်နေကြပါတယ်။ ဂါဒင်စီးတီး Garden City (ဥယျဉ်မြို့တော်) လို့ခေါ်တဲ့မြို့မှာဆိုရင် ဘုန်းတော်ကြီးတကျောင်း နဲ့ မွတ်စလင်ဗလီ တခုတောင် ရှိနေပါပြီ။ ဗီယက်နမ်ကြေးအိုးလို အစားအစာတွေ ရနိုင်ပြီဖြစ်တဲ့ အဲဒီမြို့က ကျောင်းတွေမှာ ကျောင်းသားတွေပြောနေကြတဲ့ ဘာသာစကားက ၃၅ မျိုး တောင် ရှိပါသတဲ့။

အဲဒီမြို့မှာ အခုပေါ်ပေါက်လာတဲ့ ပြဿနာတခုကတော့ အရင်ကလူများစုဖြစ်ခဲ့တဲ့ ဒေသခံ ခရစ်ယန်ဘာသာဝင် လူဖြူတွေနဲ့ နောက်ရောက်လာသူတွေကြားက ယဉ်ကျေးမှုပွတ်တိုက်ခြင်းပါပဲ။ ဒီလအတွင်းမှာ လူဖြူ ၃ ယေက် ကို မြန်မာနဲ့ဆိုမာလီတွေနေထိုင်တဲ့ တိုက်ခန်းတွဲ အဆောက်အဦးတခုနဲ့ ဆိုမာလီတွေဆောက်ထားတဲ့ ယာယီဗလီကို ဗုံးခွဲရန်ကြံစီမှုအတွက် အမေရိကန်ပြည်ထောင်စု အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ FBI က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလူတွေဟာ ကား ၄ စီးပေါ်မှာ ဖေါက်ခွဲရေးပစ္စည်းတွေတင်ပြီး မြန်မာနဲ့ ဆိုမာလီတွေ နေကြတဲ့ တိုက်ခန်းတွဲတွေနားမှာ ကားကိုရပ်ထားခဲ့ပြီးနောက် အဝေးကနေ ဆယ်လူလာလက်ကိုင်ဖုန်းနဲ့ ဗုံးခွဲဖို့စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။ အကောင်အထည်ဖေါ်ဖို့ အားလုံးပြင်ဆင်ပြီးချိန်မှာ ကံသီလို့ ဖမ်းမိတာပါ။ အဲဒီ သူတွေထံက လက်နက်တွေအပြင် ဖေါက်ခွဲယမ်းတွေလည်း တတန်လောက်ရရှိခဲ့ပါတယ်။ သူတို့ ၃ ယောက်ကို ရဲက အခု အာမခံမပေးဘဲ ဖမ်းဆီးထားပါတယ်။

ဒေသခံ မွတ်စလင်ခေါင်းဆောင်တယောက်က အခုလို သူတို့ကို လူဖြူတွေက ဘာလို့ မုန်းတာလဲဆိုတာ စဉ်းစားလို့မရပါဘူး။ ကျနော်တို့ဟာ အကြမ်းဖက်သမားတွေမှ မဟုတ်တာဘဲလို့ အံသြဝမ်းနည်းစကား ပြောပါတယ်။ ကန်ဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Sam Brownback ဆမ် ဘရောင်းဘက် ကတော့ မုန်းတီးမှုနဲ့ အကြမ်းဖက်မှုတွေအတွက် သူတို့ပြည်နယ်မှာ နေရာမရှိပါဘူးလို့ နှစ်သိမ့်စကားပြောပါတယ်။

ဗုဒ္ဓဘာသာ မြန်မာလူငယ်တွေနဲ့ မွတ်စလင်ဆိုမာလီကလေးတွေ အတူဆော့ကစားတာကို မြင်နေရတဲ့ အဲဒီ ဥယျဉ်မြို့တော် Garden City မှာတော့ အကြမ်းဖက်သမားတွေ ဗုံးခွဲကြံစည်းမှုပေါ်ပြီးနောက်ပိုင်းမှာ လူမျိုးဘာသာ မတူကွဲပြားသူတွေအကြား တဦးနဲ့တဦး ပိုပြီးစည်းလုံး ညီညွတ်လာကြတယ်လို့ ဆိုပါတယ်။ ခရစ်ယာန် မယ်သီလရှင်တဦးကလည်း အခုလိုတိုက်ခိုက်ဖို့ ကြံစည်သူတွေဟာ ဘယ်သူတွေပဲဖြစ်ဖြစ် ဒါဟာ ကျမတို့မြို့သားအားလုံး တိုက်ခိုက်ခံရတာပဲလို့ ပြောပါတယ်။

တကယ်တော့ အမေရိကန်ပြည်ထောင်စုမှာ ၂ဝဝ၁ ခုနှစ် စက်တင်ဘာလ အကြမ်ဖက်တိုက်ခိုက်ခံရချိန်နောက်ပိုင်း မွတ်စလင်မုန်းတီးရေး အယူအဆတွေ အရှိန်အဟုန်နဲ့ တိုးပွားလာခဲ့ပါတယ်။ အဲဒီ မုန်းတီးမှုတွေကို မီးလောင်ရာ လေပင့်တဲ့ အထဲမှာ မွတ်စလင်အကြမ်းဖက်သမားတွေရဲ့ နောက်ထပ်တိုက်ခိုက်မှုတွေနဲ့အတူ နိုင်ငံရေးသမားတွေ ရဲ့ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ သွေးခွဲပြောဆိုမှုတွေလည်း ပါဝင်တယ်လို့ သုတေသန ပညာရှင်တွေက ပြောနေကြပါတယ်။

ဘာပဲဖြစ်ဖြစ် အမေရိကန်ပြည်ထောင်စုကို အခြေချဖို့အတွက် ကမ္ဘာအရပ်ရပ်ကလူတွေကတော့ ဆက်လက် ဝင်ရောက်လာနေကြမှာဖြစ်ပါတယ်။ အမေရိကမှာကြုံတွေ့ရတဲ့ အခက်အခဲတွေ ဘယ်လောက်ပဲရှိရှိ သူတို့ကတော့ ဆူးခင်းလမ်းကို ပန်းမွေ့ယာလို သဘောထားပြီး ရေသစ်မြေသစ်မှာ ဘဝသစ်ကို ကြိးစား ထူထောင်ကြမှာပါပဲ။ အဲဒီ Kansas ကန်ဆက်ပြည်နယ်က Finney ဖင်းနီခရိုင်မှာ ဘာသာမတူ လူမျိုးကွဲပြားသူတွေ အခု ဘယ်လောက်များသလဲဆိုရင် ကျောင်းသားမိဘတွေကို သက်ဆိုင်ရာကျောင်းတွေက အကြောင်းကြားစာ ပို့တဲ့အခါ အင်္ဂလိပ်ဘာသာအပြင် မြန်မာ၊ စပိန် နဲ့ ဗီယက်နမ် ဘာသာတွေနဲ့ပါ ရိုက်နှိပ်ပေးပို့နေရတယ်လို့ ဆောင်းပါးရှင် Jack Healy ဂျက် ဟီလီ က အောက်တိုဘာ ၂၆ နေ့ထုတ် The New York Times သတင်းစာမှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။