သိန်း ၂၆ဝ နဲ့ ပြန်မရွေးနိုင်လို့ TNLA လက်မှာ ပန်ဆေးဒေသခံ တစ်ဦး သေဆုံး

ကံသာ
2019.11.01
lishaw-ethnic-die-622.jpg TNLA အဖွဲ့က ဖမ်းဆီသွားပြီး သေဆုံးခဲ့တဲ့ နမ့်ခမ်းမြို့ဒေသခံ ဦးလောက်လူရဲ့ ရုပ်အလောင်းကို ၂ဝ၁၉ အောက်တိုဘာ ၃ဝ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - ပန်ဆေးပြန်ကြားရေးအဖွဲ့

တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့က ဖမ်းဆီသွားပြီး သေဆုံးခဲ့တဲ့ နမ့်ခမ်းမြို့ဒေသခံ အလောင်းကို မိသားစုက ငွေ ခုနှစ်သိန်းပေးပြီး ပြန်ရွေးယူခဲ့ရကြောင်း သေဆုံးသွားသူတွေရဲ့ မိသားစုက ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLAက ဖမ်းဆီးသွားတဲ နမ့်ခမ်းမြို့နယ် အောင်မေတ္တာ  ရပ်ကွက်မှာ နေထိုင်တဲ့ ဦးလောက်လူဆိုတဲ့ အမျိုးသားရဲ့အလောင်းကို အောက်တိုဘာ ၃၀ ရက်နေ့ ညသန်းခေါင်အချိန်မှာ မိသားစုဝင်တွေထံ TNLA က ပြန်လည်ပေးအပ်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့ ခိုလုံလီရှော ပန်ဆေးဒေသ လူငယ်များအဖွဲ့ ပြန်ကြားရေးတာဝန်ခံ မသိမ့်က ပြောပါတယ်။

ဦးလောက်လူကို ၂၀၁၉ ဧပြီလမှာ TNLA အဖွဲ့က နမ့်ခမ်းမြို့ နေအိမ်မှာလာရောက် ဖမ်းဆီးသွားတာဖြစ်ပြီး ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုတဲ့အခါ၊ လက်နက်ကိုင်အဖွဲ့က သိန်း ၇၀၀ နဲ့ လာရွေးခိုင်းတာကြောင့် ငွေကြေးအခက်အခဲရှိလို့ မရွေးနိုင်ဘဲ ကြန့်ကြာခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကြားနေညှိနှိုင်းပေးသူရှိတာကြောင့် ဦးလောက်လူကို သိန်း ၂၆၀ နဲ့ရွေးဖို့ သဘောတူထားတာရှိတယ်လို့ မသိမ့်က ပြောပါတယ်။ အသတ်မခံရခင် လေးရက်အလိုမှာ သူ့ကိုအမြန်ဆုံးပြန်ရွေးပေးဖို့ ဆက်သွယ်ခဲ့ကြောင်းနဲ့ သိန်း ၂၆၀ မရှိတာကြောင့် ပြန်မရွေးနိုင်ဘဲဖြစ်နေချိန် အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ ဦးလောက်လူ သေဆုံးတဲ့အကြောင်းကို TNLA ဘက်က သတင်းပေးလာတယ်လို့လည်း ဆိုပါတယ်။

အလောင်းကို ငွေခုနှစ်သိန်းပေး ရွေးခဲ့ရတယ်လို့ ပြောပါတယ်။ ဦးလောက်လူကဲ့သို့ TNLA ဖမ်းဆီးထားတဲ့ ခိုလုံ လီရှောလူမျိုး ဆယ်ဦးခန့်ရှိပြီးတော့၊ တရုတ်လူမျိုးတချို့လည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။ ဖမ်းဆီးထိန်းသိမ်း ထားတဲ့နေရာဟာ ကွတ်ခိုင်မြို့နယ်ထဲမှာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောတွင်းပိုင်းနေရာဖြစ်တယ် လို့လည်း သိရပါတယ်။

ဖမ်းဆီးထားသူတွေကို အစာအနည်းငယ်သာ ကျွေးတယ်လို့ ဦးလောက်လူ မသေခင် မိသားစုကို ပြောပြတာရှိတယ် လို့လည်း ဆိုပါတယ်။

TNLA ပြန်ကြားရေးတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းတာမှာ နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသမှာ ဖမ်းဆီးရမိတဲ့ သူတွေဟာ မူးယစ်ဆေးဝါးနဲ့ဆက်စပ်နေတဲ့သူတွေဖြစ်ပြီး အမည်တွေကိုတော့ မသိသေးဘူးလို့ ပြောပါတယ်။ သူတို့အဖွဲ့အနေနဲ့ ဖမ်းဆီးထားသူတွေကို ငွေတောင်းပြီးရွေးခိုင်းတဲ့ မူဝါဒမရှိမရှိဘူးလို့လည်း TNLA ပြောခွင့်ရသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

ဒေသခံတွေကို ပြန်ပေးဆွဲတဲ့ဖြစ်စဉ် အကြိမ်နှစ်ဆယ်ကျော်လောက်အထိရှိလာပြီး နောက်ပိုင်းမှာ အရပ်သားတွေကို ပစ်မှတ်ထားလာတာ တွေ့ရတယ်လို့ ပန်ဆေးဒေသပြန်ကြားရေးတာဝန်ခံ မသိမ့်က ပြောပါတယ်။ RFA က ဒီအချက်လက်တွေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

၂၀၁၉ မတ်လမှာ ကွတ်ခိုင်နဲ့နမ့်ခမ်းမြို့နယ်တွေက ခိုလုံလီရှော လူငယ် ၁၄ ယောက်လောက်ကို TNLAက ဖမ်းဆီးခဲ့ပြီး တစ်ဦးကို ငွေသိန်းသုံးဆယ်နဲ့ ရွေးခိုင်းတာကြောင့် ပန်ဆေးဒေသ ခိုလုံလီရှောလူငယ်တွေက ၂၀၁၉ မတ်လအတွင်း မန္တလေးမီဒီယာစင်တာမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီနောက်မှာ TNLA က လူငယ်အချို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလိုဖမ်းဆီးပြီး ငွေတောင်းတာဟာ သူလှုပ်ရှားရာဒေသမှာ မူးယစ်ဆေးဝါးသုံးစွဲနေသူတွေဖြစ်လို့ ဖမ်းဆီးတာဖြစ်ပြီး ငွေတောင်းတာဟာလည်း သူတို့ကိုဆေးဖြတ်ပေးဖို့နဲ့ စားစရိတ်အတွက် တောင်းတာဖြစ်တယ်လို့ TNLA ဘက်က မီဒီယာတွေကို တုံ့ပြန်ပြောဆိုဖူးပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင် နမ့်ခမ်းမြို့နဲ့ နမ့်ဖတ်ကာကြားဒေသတွေမှာ ခိုလုံလီရှော လူမျိုးတွေ အများဆုံး နေထိုင် တဲ့ဒေသဖြစ်ပြီးတော့၊ ပန်ဆေးပြည်သူ့စစ်အဖွဲ့တွေ လှုပ်ရှားရာနယ်မြေလည်း ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ ဘိန်းအဓိကစိုက်ပျိုးကြပြီးတော့၊ ဘိန်းခင်းတွေကို လာရောက်ဖျက်ဆီးလေ့ရှိတဲ့ TNLA တပ်ဖွဲ့နဲ့ ပန်ဆေးပြည်သူ့ စစ်တွေကြား၊ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။