မုန်လိုင်ခက် ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှု စစ်ကောင်စီငြင်းချက်ကို အများစု လက်မခံ
လိုင်ဇာမြို့က မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုဟာ သူတို့လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းဆိုပေမယ့် NUG အပါအဝင် တိုင်းရင်းသားတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ တွေက စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
-
ဝေမာထွန်း (ဝါရှင်တန် ဒီစီ)
2023-10-10 -
-
-
Updated: 11:55 PM, Oct 10
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့က မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုဟာ သူတို့လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းဆိုပေမယ့် အမျိုးသားညီညွတ်ရေး အစိုးရ NUG အပါအဝင် တိုင်းရင်းသားတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ကလေးငယ် ၁၁ ဦးအပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ယောက် သေဆုံးခဲ့တဲ့ ဒီတိုက်ခိုက် မှုဟာ စစ်တပ်ရဲ့ လေယာဉ်နဲ့ ပစ်ခတ်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့်မဟုတ်ဘူးလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုပေမယ့် NUG ဘက်က စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဆိုတာ သက်သေပြနိုင်တဲ့ အထောက်အထားတွေ ရရှိထားတယ်လို့ ပြောပါတယ်။
“ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းမှ စစ်ဘေးရှောင်ပြည်သူတွေကို သွားပြီးတော့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာမရှိဘူး"
NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်ကောင်စီရဲ့ လုပ်ဆောင်ချက် ဆိုတာကို သက်သေပြနိုင်တဲ့ အထောက်အထားတွေ စုဆောင်းရရှိ ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။
“ဖြစ်ပျက်တဲ့နေရာနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ အထောက်အထားတွေ ကျွန်တော်တို့မှာ ရှိတယ်လေနော်။ ဒီဓာတ်ပုံတွေက သူတို့ပြောသလို လက်နက်တိုက်ပေါက်ကွဲတယ်။ ဘာညာဆိုတာ မဟုတ်ဘူး။ လက်နက်တိုက်ပေါက်ကွဲတယ်ဆိုတာ စစ်လော်ဘီတွေ တင်နေကြတာတွေ့တယ်ပေါ့နော်။ တကယ်တမ်းကျတော့ ဗုံးကျတဲ့နေရာမှာ တွင်းကြီး အကြီးကြီးဖြစ်သွားတဲ့ ဓာတ်ပုံတွေ၊ နောက်ပြီးတော့ ပစ်ချတဲ့ဗုံးရဲ့ အစအနတွေ၊ ဒီဥစ္စာတွေရရှိထားတာ ကျွန်တော်တို့ဆီမှာရှိတယ်။ ဒီကိစ္စဖြစ်ဖြစ်ချင်းမှာပဲ စစ်ကောင်စီ လော်ဘီတွေက ငါတို့တော့ ဗုံးတွေတော့ ကြဲချလိုက်ပြီဆိုတဲ့ ပို့စ်တွေကို သူတို့ရဲ့ သူတို့ရဲ့ လော်ဘီချန်နယ်၊ တယ်လီဂရမ်တွေမှာ တင်လာတာ ကျွန်တော်တို့ record လုပ်ထားတာလည်း ရှိပါတယ်။ ဒီမနက်ကျမှ သူတို့လုပ်တာမဟုတ်ပါဘူးဆိုတဲ့ Narration ကိုပြောင်းပြီးပြောလာတာတွေ့ရပါတယ်”
NUG အနေနဲ့ ကချင်ပြည်သူတွေနဲ့ ရပ်တည်ပြီး တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW ရဲ့ ထုတ်ပြန်ချက်အရ အရပ်သား ၃၀ ထက်မနည်းသေဆုံးပြီး လူဦးရေ ၆၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
လူ့အခွင့်အရေးရှေ့နေ ဦးကြီးမြင့်ကလည်း ဒီပစ်ခတ်မှုဟာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုသာ ဖြစ်တယ်လို့ ယူဆရပြီး ဥပဒေကြောင်းအရ စစ်ရာဇဝတ်မှုမြောက်တဲ့အတွက် အမိန့်ပေး စေခိုင်းသူနဲ့ လက်တွေ့အကောင်အထည်ဖော်သူတွေကို သေဒဏ်အထိချမှတ်အရေးယူနိုင်တဲ့ ပြစ်မှုမြောက်တယ်လို့ ပြောပါတယ်။
“KIO ကို စစ်ဆင်တာပဲ။ လက်စားချေတယ်ကွာ၊ လုပ်ချင်ရာလုပ်တယ်ကွာဆိုပြီးတော့ ညကြီးကို ဗုံးကြဲတိုက်ခိုက် တာ၊ လက်နက်ကြီးတွေနဲ့ ပစ်တာ၊ တစ်ခါတုန်းကလည်း ဒီလိုပဲလေ ကေအိုင်အေ စစ်သင်တန်းဆင်းပွဲလုပ်နေတာ ကို တောင်ပေါ်ကနေ အမြောက်နဲ့ပစ်တာလေ။ တစ်ခါလုပ်ပြဖူးပြီလေ ဒီတစ်ခါလုပ်ပြတာ သူတို့မဟုတ်လို့ ဘယ်သူလုပ်မှာလဲ။ သူတို့ပြောနေတဲ့ ဆင်ခြေဟာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးတဲ့ အဆင့်ပဲရှိတယ်လို့ ဆရာကတော့ အဲ့လိုမှတ်ချက်ပေးချင်တယ်။ သူတို့ ICC ကတော့ တန်းပြီးရောက်နေပြီ။ သေဒဏ်ပေးနိုင်တာပဲ။ တာဝန်ရှိတဲ့သူ အကုန်လုံးကို အမိန့်ပေးတဲ့သူရော၊ လက်တွေ့အကောင်အထည်ဖော်တဲ့သူရော”
မုန်လိုင်ခက်ဒုက္ခသည်စခန်း တိုက်ခိုက်မှုနဲ့ပတ်သက်လို့ လေကြောင်းကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာလား၊ လက်နက်ကြီးကျရောက်ပေါက်ကွဲတာလားဆိုတာကိုတော့ RFA အနေနဲ့ သီးခြားစုံစမ်းအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ဖားကန့်မြို့နယ် အနန့်ပါရွာမှာ ဂီတပွဲကျင်းပနေစဉ် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ လူ ၆ဝ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
အခုလို စစ်ဘေးဒုက္ခသည်တွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာ မြန်မာပြည်မှာသာရှိပြီး စစ်ကောင်စီက ငြင်းချက်ထုတ်မယ့်အစား နိုင်ငံတကာအဖွဲ့အစည်းတစ်ခုခုကို သွားရောက်စစ်ဆေးခွင့်ပေး သင့်တယ်လို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ထောက်ပြပါတယ်။
“ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းမှ စစ်ဘေးရှောင်ပြည်သူတွေကို သွားပြီးတော့ ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်တာမရှိဘူး။ စစ်ကောင်စီအနေနဲ့က ဖြစ်နေတာက အစိမ်းအကျက်မရွေးဘူး။ ရန်သူ၊ မိတ်ဆွေ၊ ပြည်သူဆိုတာ မရွေးဘူး။ ထိချင်ရာထိ၊ ရည်ရွယ်ချက်ရှိရှိလည်းပါမယ်။ လက်လွတ်စပယ် ရမ်းသန်း ပစ်ခတ်တာလည်း ပါတယ်။ တာဝန်မဲ့တဲ့လုပ်ရပ်တွေပေါ့ဗျာ။ သူတို့ကတော့ ဝန်ခံလေ့မရှိဘူး။ သူတို့ငြင်းမယ့်အစား အထောက်အထားကိုရှာဖွေနိုင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုခုနဲ့ သွားရောက်စစ်ဆေးခွင့် ပြုမယ်ဆိုရင်တော့ အဲ့ဒီလိုငြင်းချက်က ပိုပြီးသဘာဝကျမယ်လို့ ထင်ပါတယ်”
ဒီအတောအတွင်း ရန်ကုန်မြို့က ကုလသမဂ္ဂရုံး နဲ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တွေက မုန်လိုင်ခက် ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ အရပ်သားတွေ သေဆုံးဒဏ်ရာရတဲ့အပေါ် စိုးရိမ်မိကြောင်းနဲ့ ဒီလုပ်ရပ်အပေါ် လက်ခံစရာမရှိကြောင်း ထုတ်ဖော်ပြောပါတယ်။
ဒုက္ခသည်စခန်းတွေဟာ ခိုလှုံရာနေရာတွေဖြစ်ပြီး ဘယ်နေရာမှာမဆို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မလုပ်ဆောင်သင့်ဘူးလို့ ကုလသမဂ္ဂက သဘောထား ထုတ်ပြန်ထားပါတယ်။