ခေးနင်းဆရာတော်လုပ်ကြံခံရမှု ဒေသခံတွေ စိုးရိမ်
2019.10.21
လားရှိုးမြို့အနီးမှာ သီတင်းသုံးတဲ့ ခေးနင်းဆရာတော်ကို သေနတ်သမားနှစ်ဦးက လုပ်ကြံတဲ့သတင်းကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ အခုနှစ်ပိုင်းတွေအတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ ဆရာတော်တွေလုပ်ကြံခံရတာ ဒုတိယအကြိမ်ဖြစ်နေတာမို့ ဒေသခံတွေ ပိုပြီး မလုံမခြုံခံစားနေရပါတယ်။
ခေးနင်းဆရာတော်ဟာ ကျောက်မဲနယ် ဇာတိဖြစ်ပြီး ပလောင်တိုင်းရင်းသား ဆရာတော်တစ်ပါးပါ။ ဒေသခံတွေ ပြောပြချက်အရ ဆရာတော်ဟာ ကျောင်းထိုင်တာဝန်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းပတ်ဝန်းကျင်ရွာတချို့က ဒေသခံတွေနဲ့ မကျေမလည်ဖြစ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဆရာတော်ရဲ့ ကျောင်းအနီး ပတ်ဝန်းကျင်ဟာ ရှမ်းလူမျိုးဒေသခံတွေ နေထိုင်တာများတာကြောင့် အခုပြဿနာဟာ လူမျိုးရေးအသွင်ပြဿနာမျိုး ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ နောက်တခုကတော့ အဲဒီဒေသတခုလုံးမှာ လက်နက်ကိုင်အဖွဲ့ အနည်းဆုံးလေးဖွဲ့လောက် လှုပ်ရှားနေတာဖြစ်ပါတယ်။
ရှမ်းလက်နက်ကိုင်အဖွဲ့ချင်း နယ်မြေလုတဲ့တိုက်ပွဲတွေ ဖြစ်ခဲ့သလို တအာင်းပလောင်အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး RCSS အဖွဲ့တွေ မကြာခဏ တိုက်နေကြပါတယ် ။တခါ SSPP ရှမ်းပြည်တိုးတက်ရေးတပ်ဖွဲ့နဲ့ တအာင်း ပလောင် TNLA နှစ်ဖွဲ့ပေါင်းပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေး RCSS နဲ့ အစိုးရတပ်ကို တိုက်တာမျိုးအပြင် အစိုးရ တပ်ဖွဲ့တွေနဲ့ RCSS ပေါင်းပြီး SSPPနဲ့ TNLA ကို တိုက်တာမျိုးစသဖြင့် အတော်လေးကို မျက်စိလည်လောက်အောင် တိုက်ခိုက်မှုတွေဖြစ်နေတဲ့ဒေသဖြစ်ပါတယ်။
ထူးခြားတာကတော့ ဒေသတွင်းနေထိုင်သူ ရှမ်းလူမျိုးတွေ တအာင်းပလောင်တွေဟာ ဘာသာတရား အလွန်ကိုင်း ရှိုင်းကြတာပါ။ ဒေသတွင်း ဘုန်းတော်ကြီးကျောင်းတွေက ကျောင်းထိုင်ဆရာတော်တွေဟာ ရပ်ရွာအပေါ် အတော်လေး သြဇာညောင်းကြပါတယ်။
ဒါပေမဲ့ မနှစ်က ကျောက်မဲမှာ သေနတ်အပစ်ခံရပြီး ပျံလွန်တော်မူခဲ့ရတဲ့ ကျောက်မဲရွှေကျင်ကျောင်းတိုက်ဆရာတော် ကိုလည်း အလားတူ ဆိုင်ကယ်သမားနှစ်ဦးက လာပြီး လုပ်ကြံခဲ့တာပါ။ ရွှေကျင်ကျောင်းတိုက် ဆရာတော်ဟာ ရှမ်းဆရာတော်တပါးဖြစ်ပြီး အဲဒီအချိန်က SSPP ရှမ်းတပ်ဖွဲ့နဲ့ RCSS ရှမ်းတပ်ဖွဲ့တို့ တိုက်ခိုက်နေတဲ့ကိစ္စကို ဝေဖန်ပြောဆိုခဲ့ပြီး မကြာခင်သေနတ်ပစ်ခံရတာဖြစ်ပါတယ်။ ဒါကြောင့် မှန်းဆပြောဆို ဝေဖန်မှုတွေ အမျိုးမျိုး ထွက်ခဲ့ပါတယ်။
အဓိက ကတော့ ခုလိုသြဇာညောင်းတဲ့ ဆရာတော်တွေကိုယ်တိုင် ကြက်ကလေး ငှက်ကလေးများကို သတ်ဖြတ်သလို လုပ်ကြံခံနေရရင် အကာအကွယ်မဲ့ ဒေသခံတွေဆို ပြေးစရာ မြေမရှိ ပုန်းစရာနေရာမရှိ ဖြစ်နေရပြီလို့ ပြောဆိုနေ ကြတာပါ။ ဒါကြောင့် လူမှုရေးအဖွဲ့တွေက ဒေသတွင်း တရားဥပဒေစိုးမိုးဖို့ အရေးကြီးဆုံး ဖြစ်တယ်လို့ တောင်းဆိုနေတာဖြစ်ပါတယ်။