ရှမ်းမြောက်ဒေသအတွက် ကက်သလစ်သာသနာပိုင် ဗာတီကန် ရွေးချယ်

ဝေယံမိုးမြင့်
2019.10.21
lucas-622.jpg အီတလီနိုင်ငံ ဗာတီကန်နန်းတော်က လားရှိုးမြို့အခြေစိုက် ကက်သလစ် သာသနာပိုင်အဖြစ် ရွေးချယ်လိုက်တဲ့ ဆရာတော် လူးကပ်စ်ကို တွေ့ရစဉ်
.

သက်တော် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ဆရာတော် လူးကပ်စ်ဟာ UWSA "ဝ" ဒေသမှာ ၂၀၁၂ ကနေ ၂၀၁၇ အထိ သာသ နာပြုခဲ့တာပါ။

ဝ ဒေသမှာ အများစုက နတ် ယုံကြည်ကိုးကွယ်ကြသူတွေဖြစ်ပြီး ခရစ်ယာန်၊ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်ယုံကြည်ကြသူတွေလည်း ရှိကြပါတယ်။

ဝ ဒေသ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူအတော် များများကတော့ နတ်ကိုးကွယ်ကြသူတွေဖြစ်တယ်လို့  UWSA ရဲ့လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။

၂၀၁၈ စက်တင်ဘာမှာ ခရစ်ယာန်ဘုရားကျောင်းတွေကို ပိတ်သိမ်းပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေ ကို ထွက်ခွာစေခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့တဲ့ဒေသပါ။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲက မိုင်မော့၊ ဝင်းခေါင်၊ ပန်ဆမ်း၊ ပန်ဝိုင်း စတဲ့ မြို့တွေမှာ ကက်သလစ် ဘုန်းတော် ကြီးတွေနေထိုင်တဲ့ နေရာတွေရှိပြီး ဘုရားရှိခိုးကျောင်းတွေတော့ မရှိဘူးလို့ သိရပါတယ်။

ဖာသာလူးကပ်စ်က ဝင်းခေါင်မြို့မှာ သာသနာတာဝန် ထမ်းဆောင်ခဲ့ဖူးသူပါ။

ဝင်းခေါင်မြို့မှာ မြန်မာအစိုးရ အထက်တန်းကျောင်းရှိပြီး ကျောင်းတက်နေတဲ့ ကလေးငယ်တွေကို စာသင်ကြား ပေးရတာဖြစ်ပါတယ်။

ဖာသာ လူးကပ်စ် အကြောင်း ဖာသာစိုးနိုင် ပြောပြတာကဖာသာ စိုးနိုင်"၁၉၉၆ မှာ သူဘုန်းကြီးဖြစ်တယ်၊ သူဘုန်းကြီးဖြစ်တာ ၂၅ နှစ်ကျော် ပြီ၊ သူက စည်းကမ်းထိန်း၊ ဘဏ္ဍာထိန်း၊ လက်ထောက်၊ ကျောင်းအုပ် ဘုန်းကြီးတာဝန်တွေနဲ့ ဝ ပြည်ထဲမှာလည်း ခြောက်နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့တယ်။ သူက အရမ်းထင်ထင်ပေါ်ပေါ်မရှိပေ မယ့် သူလုပ်စရာရှိတဲ့လုပ်ငန်းတွေ ကျေကျေပွန်ပွန်လုပ်ဆောင်ပေး တယ်"

လက်ရှိ ဝ ဒေသထဲက လားဟူ ခရစ်ယာန်ဘုရားကျောင်းတွေကို ပြန်ဖွင့်ခွင့်ပေးနေပြီဖြစ်တဲ့အတွက် ကျေးရွာတွေထဲက ဘုရားကျောင်း ၄၀ နီးပါး ပြန်ဖွင့်ထားပြီလို့ ဆိုပါတယ်။

ဝ ဒေသထဲမှာ လားဟူ ခရစ်ယာန် ဘုရားကျောင်း ၆၀ ကျော်ရှိတဲ့ထဲက  လူနေထိုင်မှုနည်းပါးတဲ့ ကျေးရွာတွေက ဘုရားကျောင်းတွေကိုသာ ဖွင့်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ ပန်ဆန်း၊ မိုင်းပေါက်၊ ဟိုတောင်း၊ မိုင်ဖျင် စတဲ့ မြို့ပေါ်က ဘုရားကျောင်း ၂၀ ကျော် ကတော့ ပြန်ဖွင့်ခွင့်မရသေးဘူးလို့ သိရပါတယ်။

ကက်သလစ်အသင်းတော်အနေနဲ့ "ဝ" ဒေသမှာ ဘာမှ အမှားအယွင်း ကျူးလွန်ခဲ့တာမရှိတဲ့အတွက် ကက်သလစ်ကျောင်းတွေ ပြန်ဖွင့်လှစ်ခွင့်ရဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ဖာသာ စိုးနိုင်က ပြောပါတယ်။

သူက အရမ်းထင်ထင်ပေါ်ပေါ်မရှိပေမဲ့ သူလုပ်စရာရှိတဲ့လုပ်ငန်းတွေ ကျေကျေပွန်ပွန်လုပ်ဆောင်ပေးတယ်

လားရှိုးကက်သလစ် သာသနာပိုင် ဆရာတော် ဖီးလစ်က လက်ရှိအချိန်ထိ ဝဒေသထဲက ကက်သလစ်ကျောင်းတွေ ပြန်ဖွင့်ခွင့်မရသေးဘူးလို့ ပြောပါတယ်။

"၂၀၁၈ စက်တင်ဘာထဲက ဗြုန်းစားကြီးအကုန်လုံးကို ပြန်ခိုင်းခဲ့တာ အခုချိန်ထိတော့ ဘယ်နေ့ ဘယ်ချိန် ဘယ်ခါ ပြန်ဖွင့်မယ်ဆိုတာ အကြောင်းကြားလာတာမျိုး မရှိသေးဘူး"

လက်ရှိ လားရှိုးကက်သလစ် သာသနာပိုင်ဟာ ဆရာတော် ဖီးလစ် ဖြစ်ပြီး သူဟာ အသက် ၇၅ နှစ် ပြည့်ခါနီးဖြစ်တာကြောင့် သူ့အနေရာမှာ ဆက်ခံဖို့ ဆရာတော် လူးကပ်စ် ကို ရွေးချယ်လိုက်တာပါ။

ဆရာတော် ဖီးလစ်ကလည်း ၀ ဒေသမှာ ကက်သလစ်ကျောင်းတွေ ပြန်ဖွင့်ခွင့်ရဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

ကက်သလစ်ကျောင်းတွေအရေး ပေးပို့လာတဲ့ စာကို လက်ခံရရှိထားတယ်လို့ UWSA  လားရှိုးဆက်ဆံရေးရုံး ပြန်ကြားရေး ဦးညီရမ်း က ပြောပါတယ်။"ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်း ကို တွေ့ရစဉ်

"တောင်းဆိုတာတော့ စာကတော့ ကျွန်တော့်ဆီကိုရောက်နေပြီ။ ကျွန်တော့်ဆီကတဆင့် ဌာနချုပ်ကိုတော့ ပို့ပြီးပြီ။ ဌာနချုပ်ကတော့ တစ်စုံတစ်ရာ အကြောင်းပြန်တာတော့ မရှိသေးဘူး"

၁၉၉၅ ခုနှစ်က ၀ ဒေသကို သွားရောက်ခဲ့တဲ့ ဖာသာ စိုးနိုင်က - ၁၉၉၂ ခုနှစ်ကာလ လက်ရှိရန်ကုန်ကက်သလစ် သာသနာပိုင် ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ် ချားလ်ဘို လားရှိုး သာသနာပိုင်အဖြစ် ဆောင်ရွက်နေစဉ်မှာ UWSA က "ဝ" ဒေသမှာ ကက်သလစ် သာသနာပြုဖို့ ဖိတ်ခေါ်ခဲ့ဖူးတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ "ဝ" ဒေသတွင်း ပညာသင်ကြားရေးနဲ့ ကျန်းမာရေးအတွက် လုပ်ကိုင်ဆောင်ရွက်ပေးဖို့ အတွက်သာ အဓိက ဖိတ်ခေါ်ခဲ့တာလို့ သိရပါတယ်။

ဒါကြောင့် ဝ ဒေသမှာ သာသနာမပြုနိုင်ခဲ့ဘဲ  ကျန်းမာရေး နဲ့ စာသင်ကြားရေး ကိစ္စတွေကိုသာ ဆောင်ရွက်ခဲ့ ရတယ်လို့ ဝ ဒေသကို ၁၉၉၅ ခုနှစ်က သွားရောက်ခဲ့တဲ့ ဖာသာ စိုးနိုင်က ဆိုပါတယ်။

ဖာသာ လူးကပ်စ်ကို သာသနာပိုင်အဖြစ် တင်မြှောက်လိုက်တာ ဝ ဒေသအတွင်း သာသနာပြုရေးတွေမှာ ပိုမို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပြီး ဖိနှိပ်ခံထားရတဲ့ ဘာသာရေးလုပ်ငန်းတွေအတွက်လည်း ပိုမို လုပ်ဆောင်နိုင်မယ်လို့ ယူဆကြပါတယ်။

"သူ့ကို သာသနာပိုင်အဖြစ် တင်မြှောက်လိုက်တာ ပိုပြီး သာသနာပြုရေး အထောက်အကူဖြစ်မယ်လို့ မြင်တယ်။ ပြီးခဲ့တဲ့ ပိတ်သိမ်းခဲ့တဲ့ ကျောင်းတွေထဲမှာ RC ကျောင်းတွေလည်း ပါတယ်။ ဒီအခု ဘာသာရေးနဲ့ ပတ်သက်ပြီး ဖိနှိပ်မှုတွေကို ဒီထက်မက ဘာသာရေးလွတ်လပ်ခွင့်တွေကို စွမ်းဆောင်နိုင်မယ်လို့ ကျမ အနေနဲ့ ထင်ပါတယ်"

လားဟူအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့် ပြောသွားတာပါ။

UWSA ဘက်ကတော့ အိမ်ခြေ ၃၀ လောက်သာရှိတဲ့ ကျေးရွာတွေမှာ ဘုရားကျောင်း နှစ်ကျောင်း သုံးကျောင်း ဖြစ်နေပြီး တချို့ အမှုတော်ဆောင်တွေက အစွန်းရောက်တာတွေရှိနေတဲ့အတွက် ပိတ်ခဲ့တာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဆရာတော် လူးကပ်စ်ဟာ ၀ ဒေသအပါအဝင် ရှမ်းပြည်မြောက်ပိုင်းမှာ ကက်သလစ်သာသနာပြုလုပ်ငန်းတွေ ဦးစီးဆောင်ရွက်ရမှာဖြစ်ပါတယ်။

လွတ်လပ်စွာကိုးကွယ်ခွင့်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ရှိနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ ဆရာတော် လူးကပ်စ်အနေနဲ့ သာသနာပြုလုပ်ငန်းတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့   မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။