ကျောက်တော်ရွာသားတစ်ဦး ဖမ်းဆီးခံရလို့ဆို
2019.11.10
ချင်းပြည်နယ် ပလက်ဝမြို့နယ် တုံးမဝကျေးရွာနားမှာ မနေ့က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ ကျောက်တော်မြို့နယ် မီးဝကျေးရွာသား တစ်ဦး ဖြစ်ပြီး တပ်မတော်က ဖမ်းဆီးသွားတာလို့ အဖမ်းခံရသူရဲ့ဖခင်ဖြစ်တဲ့ မီးဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ငြိမ်း က ပြောပါတယ်။
မနေ့ကမနက်ပိုင်းမှာ တုံးမဝကျေးရွာအနီး မိုင်း သုံးလုံးပေါက်ကွဲခဲ့ပြီး အဲဒီအနီးတဝိုက်က ကုလားတန်မြစ် အနောက်ကမ်းမှာ ပုဇွန်နှိုက်နေတဲ့ အသက် ၄၂ နှစ်အရွယ် ဦးကျော်တင် ဖမ်းဆီးခံရတာလို့ သိရပါတယ်။
တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က မေးမြန်းရာမှာ မနေ့က တုံးမဝကျေးရွာနားမှာ AA နဲ့ တိုက်ပွဲဖြစ်ခဲ့တာမှန်ပေမယ့် မိုင်းပေါက်ကွဲတာနဲ့ အရပ်သားတစ်ယောက် ဖမ်းဆီးခံရတာကိုတော့ မသိရသေးကြောင်း တုံ့ပြန်ပါတယ်။
မနေ့ကတိုက်ပွဲကြောင့် တပ်မတော်သားတချို့ ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေအတွင်း ဒေသခံတွေ ပျောက်ဆုံးတာ၊ လုံခြုံရေးအရ စိုးရိမ်ရတာကြောင့် ညနေ ခြောက်နာရီကနေ မနက် ခြောက်နာရီအထိ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို မနေ့ကစပြီး ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲကာလအတွင်း ပလက်ဝမြို့နယ်မှာ ပျောက်ဆုံးနေသူ ၁၅၀ ရှိပြီး သူတို့ကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ပြည်နယ်အစိုးရနဲ့ ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့တွေက စွပ်စွဲထားပါတယ်။
အဲဒီထဲက ပြန်လွတ်လာသူ ၆၅ ဦးနဲ့ သေဆုံးသူတစ်ဦးရှိပြီး အခုချိန်ထိ မလွတ်မြောက်သေးသူ ၈၄ ဦး ရှိတယ်လို့ စွပ်စွဲချက်တွေ ရှိပေမယ့် အဲဒီအချက်တွေကို AA ကတော့ ငြင်းဆိုထားပါတယ်။