ဦးကိုနီ လုပ်ကြံခံရမှုသတင်း အစိုးရသတင်းစာတွေမှာ ဖော်ပြမှု အလွန်အားနည်း
2017.02.03
NLD ပါတီရဲ့ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး လူထုစိတ်ဝင်စားမူ မြင့်တက်နေချိန်မှာ အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြချက်ဟာ အားအလွန်နည်းတယ်လို့ ဝေဖန်မူတွေ ဖြစ်နေပါတယ်။
ဒီအခြေအနေမှာ အစိုးရပိုင်းအနေလည်း သတိကြီးကြီးနဲ့ ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ သတင်းမှန်တွေ အသိပေးမူအားနည်းရင် ကောလဟာလတွေ ပိုထွက်လာပြီး ရှုတ်ထွေးမှုတွေ ဖြစ်နိုင်တယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ ဦးတင်အောင်ခိုင် ဆက်ပြီးတင်ပြပါမယ်။
ဦးကိုနီ လုပ်ကြံခံရတဲ့ သတင်းဟာ မြန်မာနိုင်ငံမှာ အလွန်ရှားရှားပါးပါး ဖြစ်ပျက်ခဲ့တာမျိုးဖြစ်သလို ထူးခြားမူလည်း ရှိနေပါတယ်။ လူတစ်ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လိုမျိုးနေရာမှာ သေနတ်နဲ့ ကပ်ပြီးပစ်ခဲ့သလို လူသတ်သမားက ဦးကိုနီရဲ့ နောက်စေ့ကို ကပ်ပြီးမပစ်ခင်သေနတ် ချိန်ထားတဲ့ ဓါတ်ပုံဟာလည်း ချက်ခြင်းဆိုသလို လူမူကွန်ရက်စာမျက်နှာတွေပေါ်မှာ ရောက်ရှိလာတာပါ။
ဒီဓါတ်ပုံနဲ့ပတ်သက်ပြီး ဘယ်သူစပြီးတင်လိုက်တယ်ဆိုတာ ဘဲဥအစရှာမရဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီအခြေ အနေနောက်မှာ ဝေဖန်သုံးသပ်ချက်တွေ အမျိုးမျိုး ထွက်လာပြီး online စုံထောက်တွေ များလှတယ်လို့တောင် တချို့ကအပြောင်အပျက် ပြောဆိုနေတာမျိုးတွေရှိပေမယ့် လူထုရဲ့ စိတ်ဝင်စားမူကတော့ အထွတ်အထိပ် ကိုရောက်ခဲ့တာ အသေအချာပါ။
ဒါကိုလည်း ပြည်တွင်းထုတ်ဝေတဲ့ ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေမှာ ဒီသတင်းဟာ မျက်နှာဖုံး သတင်းဖြစ်ခဲ့တာ ကို သက်သေအဖြစ်မြင်နိုင်ပါတယ်။ ဒါပေမဲ့ အစိုးရသတင်းစာတွေက ဖော်ပြပုံနဲ့ ပတ်သက်လို့တော့ ပြောစရာတွေ ရှိခဲ့ပါတယ်။
ဒီသတင်းကို ဇန်နဝါရီလ ၃၀ ရက်နေ့ တနင်္ဂနွေနေ့ညပိုင်း အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနThe Global New Light of Myanmar က PDF ပုံစံကို web site မှာ ဖော်ပြရာမှာ မျက်နှာဖုံးစာမျက်နှာမှာ ဒေါ်အောင်ဆန်း စုကြည် နေပြည်တော်မှာ ချယ်ရီပင်စိုက်နေတဲ့သတင်းရဲ့ အောက်နားမှာ ဖော်ပြထားပြီး၊ နောက်တစ်နေ့ တနင်္လာနေ့ သတင်းစာထွက်လာချိန်မှာတော့ တတိယစာမျက်နှာကို ရောက်ရှိသွားပါတယ်။
အလားတူ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ဒီသတင်းဟာ နောက်ကျောကို ရောက်သွားတာကို လူတွေသတိပြုမိလိုက်တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီသတင်းက မြန်မာအလင်း အယ်ဒီတာချုပ်ကို မေးမြန်းရာမှာ ဒီသတင်းကို မျက်နှာဖုံးမှာ ဝန်ထမ်းတစ်ဦးက မှားယွင်းထည့်မိခြင်းသာဖြစ်ပြီး နောက်ပိုင်းမှာ ထိတ်ဆုံးက ပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပြန်လည်ပြောင်းခဲ့တယ်လို့ ပြောပါတယ်။ ဒီပြောဆိုချက်မှာ ထိတ်ဆုံးကပုဂ္ဂိုလ်ဆိုတာ ဘယ်သူဘယ်ဝါဆိုတာမသိကြရပေမယ့် လူတွေဘဝင်မကျ ဖြစ်ခဲ့ကြရတာကတော့ အမှန်ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက်က ဦးမြင့်ကျော်ပြောတာကတော့
“မျက်နှာဖုံးမှာ ဘာကြောင့်မတင်ချင်သလဲဆိုတဲ့ဟာက မေးခွန်းထုတ်စရာဖြစ်နေတာပေါ့နော်၊ တကယ်ဆိုရင်တော့ အများပြည်သူကလည်း စိတ်ဝင်စားတယ်၊ တကယ်လည်းလုံခြုံရေးနဲ့ ဆက်နွယ်တဲ့ကိစ္စ၊ NLD ပါတီရဲ့ ဥပဒေအကြံပေးလည်းဖြစ်တယ်၊ ဒီလိုကိစ္စမျိုးဟာ မျက်နှာဖုံးသတင်းဖြစ်သင့်တဲ့ သတင်းပေါ့၊ ဒါကတော့ ဘယ်သတင်းစာဆရာမဆို မေးလိုက်ရင် ဒီသတင်းဟာ မျက်နှာဖုံး သတင်းလို့ပြောမှာ“
အလားတူ မော်ကွန်းဂျာနယ် အယ်ဒီတာ ဦးဇေယျာလှိုင်ကတော့ အခုပုံစံဟာ အစိုးရသစ်လက်ထက်မှာ အရင်အစိုးရလက်ထက်က ပုံစံတွေကိုမြင်တွေ့နေရတာလို့ ဆိုပါတယ်။
“လူတွေက သိချင်တယ်အားလုံးကလည်း ဒီအကြောင်းကို သိချင်တယ၊် ဖြစ်ရပ်ကလည်း ထူးဆန်းတယ် ဖြစ်စဉ်ကလည်းထူးဆန်းတယ်၊ အသတ်ခံရတဲ့ ပုဂ္ဂိုလ်ကလည်း လူသိများတဲ့ ပုဂ္ဂိုလ်ဖြစ်နေတယ်၊ ဒါပေမဲ့ အစိုးရသတင်းစာတွေမှာ အများမြင်သာတဲ့ နေရာမျိုးမှာ မရှိဘူးပေါ့ အနောက်ပို့ခံထားရတယ်၊ ဒါတွေကတော့ အရင်အစိုးရရဲ့ သတင်းစာပုံစံအတိုင်းပဲလို့ ကျနော်တော့ မြင်ပါတယ်“
ဦးဇေယျာလှိုင် ပြောသွားတာပါ။ ဦးမြင့်ကျော်ကလည်း ဒီဖြစ်ရပ်ဟာ အစိုးရချုပ်ကိုင်တဲ့ သတင်းစာတွေမှာ အယ်ဒီတာတွေရဲ့ လုပ်ပိုင်ခွင့်အခြေအနေကို ပြနေတာဖြစ်တယ်လို့ ထောက်ပြပါတယ်။ အခုလို လူအများစိတ်ဝင်စားတဲ့ သတင်းဖြစ်နေပေမယ့် ထိလွယ်ရှလွယ် ပြဿနာဖြစ်နိုင်စရာ အကြောင်းတွေရှိနေလို့ သိုသိုသိပ်သိပ်လုပ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိပါတယ်။
ဒါပေမဲ့ ခုခေတ်အခြေအနေအရ လူမှုကွန်ရက်မှာ တက်လာနေတဲ့ သတင်းပေးပို့ချက်တွေအနေနဲ့ အချိန်နဲ့တပြေး ညီထွက်ပေါ်နေပေမယ့် မမှန်သတင်း၊ လုပ်ကြံသတင်းတွေ အများကြီးပါနေတာကြောင့် သတင်းမှန်ကို အသိပေးဖို့ အာဏာပိုင်တွေမှာ တာဝန်ရှိနေတာဖြစ်ပါတယ်။ ဦးကိုနီရဲ့ မိတ်ဆွေရင်းတစ်ဦးဖြစ်တဲ့ တရားရုံးချုပ်ရှေ့နေ ဦးသိန်းသန်းဦးကတော့ ပြည်သူတွေ သတင်းမှန်သိဖို့ အလွန်အရေးကြီးပြီး အခုလို ဘာမှမသိရသေးတဲ့ အခြေအနေဟာအန္တရယ်ကြီးတယ်လို့ ဆိုပါတယ်။
“ဘာပြောရမှန်းတောင်မသိတော့ဘူးဗျာ၊ ဘာလုပ်နေမှန်းကို ကျနော်လည်းမသိတာ၊ အမှန်တကယ်အားဖြင့် ဒီကိစ္စဟာ နိုင်ငံတော်အဆင့်ဖြစ်တဲ့ကိစ္စပဲ၊ ပြောရမှာ နောက် သိပ်ကြီးကျယ်တယ်ဆိုတာ လူပုံအလည် မှာ နေ့ခင်းကြောင်တောင်ကြီး တမင်လုပ်ကြံပြလိုက်တာဆိုတော့ တစ်နိုင်ငံလုံးတုန်လှုပ်သွားအောင်၊ ရည်ရွယ်ချက်ကလည်း ပေါ့သေးသေးမဟုတ်ဘူး၊ ဖြစ်စဉ်ကလည်း ထူးခြားတယ်။ လူသတ်သမားတွေ မျှော် လင့်မထားတဲ့ တက္ကစီသမားတွေ သတ္တိရှိရှိနဲ့ ဝင်ဖမ်းတဲ့ကိစ္စ အဲဒီအခြေအနေအရ တစ်ပြည်လုံးစိတ်ဝင် စားနေကြတာ၊ အမှန်တော့ အမြန်ဆုံးဖော်ထုတ်ပေးသင့်တာပေါ့၊ သိသင့်သိထိုက်တာတွေကို လည်းပြောပေးပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ အထင်အမြင်လွဲမှားစရာတွေ အများကြီးဖြစ်လာနိုင်မယ်၊ အများစုစိတ်ပူနေတာက လူသတ်သမား သေများသွားပြီလား၊ ရေချိုးမှားလို့ သေသွားတယ်လို့ ၊ ချော်လဲပြီးတော့လို့ ကျနော်တို့က အတွေ့အကြုံတွေအရသိနေတာကို၊ အဲဒီဟာလည်း စိတ်ပူရတာတစ်ချက် ဇာတ်လမ်းဖြတ်လိုက်မှာကို“
ဦးသိန်းသန်းဦး ပြောပြတာပါ။
အပြည်ပြည်ဆိုင်ရာ စံတွေအရကတော့ အခုလိုသတင်းမျိုးတွေအတွက် အာဏာပိုင်တွေဟာ သတင်းပြန်ကြားရေး စခန်းလိုမျိုးဖွင့်ထားပြီး တိုးတက်မူအခြေတွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးတတ်ကြပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ဦးမြင့်ကျော် ပြောတာက
“သတင်းမီဒီယာတွေအားလုံးကို ပေးနိုင်တဲ့ အတိုင်းအတာအားလုံးကို နေ့စဉ်ထုတ်ပြန်ပေးသင့်ပါတယ်။ အဲလိုမလုပ်တော့ ခုသိတဲ့အတိုင်းပဲ ဆိုရှယ်မီဒီယာကလည်း မြန်မာပြည်လူမူအသိုင်းအဝိုင်းမှာ အတော်လေးအရေးကြီးတဲ့ အပိုင်းမှာရှိတယ်၊ လူတွေကအဲဒါကို ယုံကြည်ကြတယ်ပေါ့နော်၊ ပေါက်ကြား လာတဲ့ဟာတွေကလည်း အချက်အလက်မှန်တွြေုဖစ်နေတယ်၊ ဆိုတော့ အဲဒီအပိုင်းက ပေါက်ကြားနေ ပြီးတော့ တဘက်က ပြောလိုရတဲ့ဟာတွေတောင် မီဒီယာကို အတည်ပြုမပြောတော့ ဆိုရှယ်မီဒီပေါ်မှာ လှုံ့ဆော်ချင်တာတို့၊ လမ်းကြောင်းလွဲအောင်လုပ်ချင်တာတို့ အဲဒါမျိုးတွေက ပိုပြီးလုပ်လို့ကောင်းတဲ့ အခြေအနေပေးသလိုဖြစ်နေတယ်၊ ဒါမျိုးကို သူတို့ကိုင်တွယ် ဖြေရှင်းသင့်တယ်လို့ထင်တယ်၊ နိုင်ငံတကာ အတိုင်းအတာနဲ့ မပြောရင်တောင်မှ ဖြစ်နေတာတွေပေါ်မှာ မူတည်ပြီး မလိုလားတဲ့ ရလဒ်တွေ မဖြစ်အောင်၊ ကောက်ချက်ချလွဲတာတွေမဖြစ်အောင် ထုတ်ပေးနိုင်တဲ့ အတိုင်းအတာကို နေ့စဉ် ထုတ်ပေးနိုင်တာတွေကို နေ့တိုင်းထုတ်ပေးသင့်တယ်လို့ ကျနော်မြင်တယ် “
ဦးမြင့်ကျော် ပြောပြတာပါ။ ဒီအခြေအနေတွေဟာ မြန်မာနိုင်ငံက ပကတိနိုင်ငံရေးအခြေအနေကို ပြနေတာ လို့လည်း ပြောဆိုတာတွေရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပြည်သူရွေးကောက်တဲ့ အစိုးရဖြစ်နေပေမယ့် လက်ရှိအခြေအနေကို ဥပမာအနေနဲ့ပြောနေတာကတော့ ပြေးဆွဲနေတဲ့ ရထားကြီးပုံစံ ပြောနေကြပါတယ်။
ပြေးနေတဲ့ ရထားကြီးမှာ ခုချိန်မှာ ခေါင်းတွဲအသစ်ရပြီလို့ဆိုပါတယ် ဦးဆောင်သူ အသစ်နဲ့သွားနေမှာကို ဆိုလိုတာပါ။ ဒါပေမဲ့ ခေါင်းတွဲအသစ်နောက်က ကပ်ပါနေတဲ့ နောက်တွဲတွေကတော့ အမိုးပေါက်တဲ့ တွဲကပေါက်၊ ဘေးကာပျောက်နေတဲ့ တွဲကပျောက် ဖြစ်နေသလို တချို့သောတွဲတွေဆို ဘီးတောင်မပါဘူး လို့ ပြောဆိုနေကြတာပါခင်ဗျား။