ဦးကိုနီ လုပ်ကြံခံရမှု အမှန်တရားပေါ်ထွက်ရေး လူထုကြိုးပမ်း
2017.02.02
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင်ပြုပြင်ဖို့ ပြည်တွင်း ပြည်ပမှာ ဟောပြောနေ တဲ့ ရှေ့နေဦးကိုနီ လုပ်ကြံခံရတဲ့အမှုမှာ လုပ်ကြံသူကိုရော သူ့ကိုခိုင်းစေသူတွေပါဖေါ်ထုတ်နိုင်ဖို့အတွက် ပြည် သူတွေ၊ သတင်းသမားတွေက ဝိုင်းဝန်းကြိုးပမ်းနေတာတွေ့ရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေအကြံပေးအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဇန်နဝါရီလ ၂၉ ရက် ညနေ ၅ နာရီလောက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့မှာ ကြည်လင်း ဆိုသူက လုပ်ကြံ သတ်ဖြတ်သွားတဲ့ဖြစ်ရပ်ကို ပြည်သူတွေကအတော့်ကို စိတ်ဝင်စားကြပြီး၊ ဘယ်သူက ဘာကြောင့်လုပ်ကြံတာလဲ ဆိုတဲ့ အမှန်တရားသိရဖို့ကို အာသီသပြင်းပျနေကြတာ တွေ့ရပါတယ်။
ဒါ့အပြင် ဒီအမှုကို ဥပဒေကြောင်းအရ တရားသဖြင့်ဖြစ်စေချင်နေကြသလို၊ လုပ်ကြံမှုရဲ့နောက်ကွယ်က အမိန့်ပေး ညွှန်ကြားစီစဉ်သူတွေကို ပေါ်ပေါက်စေချင်ကြတာ တွေ့နေရပါတယ်။
ဒီကြားထဲမှာ ရဲတပ်ဖွဲ့အပါအဝင်၊ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ မလုပ်သေးတဲ့အပေါ်မှာလည်း ပြည်သူတွေက အားမလိုအားမရဖြစ်နေကြတာ တွေ့ရပြီး၊ လုပ်ကြံသူနဲ့အပေါင်း ပါတွေဖေါ်ထုတ်နိုင်ဖို့ ဆက်စပ်ဓါတ်ပုံတွေ၊ ထင်မြင်ချက်တွေကလည်း ဖေ့ဘွတ်စာမျက်နှာပေါ်မှာ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။
ဒီကာလမှာပဲ ဦးကိုနီကိုလုပ်ကြံတဲ့ ကြည်လင်းဟာ ဘုရားခိုးထုတ်မှုနဲ့ ထောင်ကျဖူးခဲ့တဲ့အကြောင်း၊ နယ်စပ်မှာ ကျင်လည်ကျက်စားနေတဲ့ မြင့်ဆွေဆိုသူက ဦးကိုနီကို လုပ်ကြံဖို့အတွက်သူ့ကို အခကြေးငွေနဲ့ငှါးတဲ့အကြောင်း ရဲစစ်ချက်ဆိုပြီး စာမျက်နှာ ၆ မျက်နှာလျှို့ဝှက်ချက် ပေါက်ထွက်ပြီး ဖေ့ဘွတ်သုံးကြတဲ့လူတွေကြား ပြန့်နှံ့သွား ပါတယ်။
ဒီဖြစ်ရပ်တစ်ခုလုံးမှာ သေနတ်သမားကြည်လင်းရဲ့ဓါတ်ပုံကို စဖမ်းမိကတည်းက ဖေ့ဘွတ်ကနေ တဆင့် ပြည်သူတွေသိခွင့်ရခဲ့သလို၊ လုပ်ကြံဖို့ငွေပေးခိုင်းစေတဲ့ မြင့်ဆွေဆိုသူရဲ့ ဓါတ်ပုံတစ်ပုံလည်း ဖေ့ဘွတ် လူမှုရေးကွန်ရက်ကြားမှာ ပြန့်နှံ့လာခဲ့ပြန်ပါတယ်။
ဒီအခြေအနေမှာ Myanmar Now သတင်းဌါနက " ကြည်လင်း၏အမှုတွဲကလုပ်ကြံမှုကျူးလွန်ရန် ကမ်းလှမ်းခဲ့ ဟု ထောင်ထွက်တစ်ဦးထုတ်ဖော်" ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းစာဆရာ ကိုဆွေဝင်းက သတင်းတစ်ပုဒ်ရေးသား လိုက်ပါတယ်။ အဲဒီလို လူတစ်ယောက်ကိုလုပ်ကြံဖို့ ကမ်းလှမ်းသူဟာ ကြည်လင်းရဲ့အမှုတွဲ မန္တလေးထောင်ထွက် ဗက ခေါ် ဦးအောင်ဝင်းဇော် ဖြစ်တယ်ဆိုတဲ့အကြောင်းပါ။
ထုတ်ပြောတဲ့သူကတော့ ဦးအောင်စိုးဆိုသူဖြစ်ပြီး၊ ၁၉၉၆ ခုနှစ် စစ်အစိုးရခေတ်မှာ လူယက်မှု (၈) မှုနဲ့ ထောင်ဒဏ် ၅၈ နှစ်ချမှတ်ခံရပြီး၊ အင်းစိန်ထောင်၊ မန္တလေး အိုဘိုထောင်၊ မြင်းခြံထောင်နဲ့ နောင်ချို အလုပ်ကြမ်းရဲဘက်စခန်း တို့မှာ စုစုပေါင်း ၁၇ နှစ်ကျော် နေခဲ့ရတဲ့ သူဖြစ်နေပါတယ်။
ဒါကြောင့် ဦးအောင်စိုးကို RFA ကဆက်သွယ်မေးမြန်းတဲ့အခါ ကြည်လင်းနဲ့ သူ့မိတ်ဆွေ ဦးအောင်ဝင်းဇော်တို့ဟာ ဦးအောင်စိုးနဲ့အတူ မန္တလေးထောင် အဆောင် ၃ မှာ ၁ နှစ်ကျော် နေခဲ့ဖူးတဲ့အကြောင်း ပြောပြပါတယ်။
သူတို့ဟာ ၂၀၁၄ ခုနှစ်မှာ အဲဒီအချိန်က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်ခဲ့သူတွေဖြစ် ပါတယ်။ အဲဒီနောက် မနှစ်က ၂၀၁၆ ခုနှစ် ဇွန်လမှာ ဗက ခေါ် ဦးအောင်ဝင်းဇော်က ရန်ကုန်မြို့မှာ နိုင်ငံခြားသံတမန်တစ်ဦးကိုလုပ်ကြံဖို့အတွက် ဦးအောင်စိုးကို လာကမ်းလှမ်းတာကိုလည်း ပြောပြပါတယ်။
ဒီအတောအတွင်းမှာပဲ ပေါက်ကြားခဲ့တဲ့ရဲစစ်ချက်အရ ပေါ်ထွက်လာတဲ့ မြင့်ဆွေဆိုသူအကြောင်းကို မန္တလေးက သူ့မိသားစုတွေဆီ သတင်းထောက်တွေ၊ ပြည်သူတွေကစုံစမ်းတဲ့အခါ အဲဒီလူကို သေဆုံးသွားပြီလို့ မိသားစုတွေက ယူဆထားတဲ့အကြောင်း သိလာရသလို၊ မြင့်ဆွေကို ကရင်ပြည်နယ် မှာဖမ်းမိတယ်ဆိုတဲ့သတင်းနဲ့အတူ မြင့်ဆွေရဲ့ ဓါတ်ပုံဆိုပြီး အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် တွဲရိုက်ထားတဲ့ဓါတ်ပုံတစ်ပုံ ဖေ့ဘွတ်ပေါ်မှာပျံ့နှံ့ခဲ့ ပါတယ်။
အဲဒီဓါတ်ပုံကို ဦးအောင်စိုးမြင်တဲ့အခါ ပုံထဲကအမျိုးသားဟာ ကြည်လင်းနဲ့အတ ူထောင်ထဲနေခဲ့ပြီး၊ သူ့ကို လုပ်ကြံဖို့ အလုပ်လာကမ်းလှမ်းတဲ့ ဗက ခေါ် ဦးအောင်ဝင်းဇော် ဆိုသူဖြစ်တဲ့အကြောင်း သိသွားပါတော့တယ်။ ဒါနဲ့ပတ်သက် လို့ ရန်ကုန်တိုင်း ရဲမှူးချုပ်ဝင်းနိုင်က မနေ့နေ့လည်က ခေါ်မေးလို့ သွားရှင်းပြတဲ့အကြောင်း ဦးအောင်စိုးက ပြောပြ ပါတယ်။
အခုလို သတင်းအဆက်အစပ်တွေ ဘယ်လိုရခဲ့လဲဆိုတော့ Myanmar Now ကသတင်းစာဆရာ ကိုဆွေဝင်းက အခုလိုထုတ်ပြောတဲ့အတွက် အသက်အန္တရာယ်မစိုးရိမ်ဘူးလားလို့ ဦးအောင်စိုးကို မေးကြည့်တော့ အခုဆို ရင် ရှေ့နေဦးကိုနီကို လုပ်ကြံတဲ့အမှုနဲ့ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေးမှာ တပ်မတော်ကလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာချက်ထုတ်ထားတာရှိသလို၊ ရဲတပ်ဖွဲ့ကလည်း စစ်ဆေးဖေါ်ထုတ်နေတယ်လို့ ဆိုပါတယ်။
တဘက်မှာလည်း သတင်းသမားတွေ၊ ပြည်သူတွေကပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဝိုင်းဝန်းဖေါ်ထုတ်နေတာ တွေ့ရ ပါတယ်။ ဒါပေမဲ့ တကယ့်ဖြစ်ရပ်မှန်ပေါ်ပေါက်လာပါ့မလားဆိုတဲ့ သံသယတွေကတော့ ပြည်သူတွေကြားမှာကြီး ထွားနေတာ တွေ့ရကြောင်းပါခင်ဗျာ။