ကောလင်းတိုက်ပွဲ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ဆယ်ဦးသေဆုံး

RFA Burmese
2023.11.07
ကောလင်းတိုက်ပွဲ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ဆယ်ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။
Kawlin Revolution-KR

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေက စစ်ကိုင်းတိုင်း ကောလင်းမြို့ကို နိုဝင်ဘာ ၃ ရက်ကနေ ၆ ရက်နေ့အထိ လေးရက်ကြာ တိုက်ခိုက်သိမ်းယူရာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ မရပ်မနား တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဆယ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရှိနေတဲ့ ကောလင်းမြို့လယ်က ရဲစခန်း၊ ထွေအုပ်ရုံး၊ အထက (၁) နဲ့ (၂) တို့ကို ပူးပေါင်း တပ်တွေက ဝန်းရံပိတ်ဆို့ပြီး တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အရပ်သား နေအိမ်တွေပါမချန် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မြို့နေ လူဦးရေ ငါးသောင်းနီးပါး မြို့ပြင်ဘေးလွတ်ရာမှာ တိမ်းရှောင်နေရပါတယ်။

“မြို့အဝင်အထွက်ကို ပိတ်ထားပြီး မြို့တွင်းမှာ နယ်မြေ ရှင်းလင်းရေး ဆက်လုပ်နေတယ်”

လက်ရှိမှာ ကောလင်းမြို့ကို ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး အပျက်အစီးတွေကို ရှင်းလင်းရာမှာ သေဆုံးနေတဲ့ ရုပ်အလောင်း ဆယ်လောင်းကို တွေ့ရတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

“(သေတာ) ဆယ်ယောက်ထက် ကျော်နိုင်တယ်။ ကျွန်မတို့ နာမည်စာရင်း သိသလောက်ကလေ၊ ဒါပေမဲ့ ဒဏ်ရာရတာတွေလည်း ရှိတယ်။ လက်နက်ငယ် မှန်တာတို့ လက်နက်ကြီး ကျတာတို့။ အဲဒီလိုမျိုးတွေလည်းရှိတော့ သေဆုံးတာအပြင် ဒဏ်ရာရတဲ့ ဦးရေလည်း များနိုင်တယ်။ ဒုတိယရက်မှာ ဆွဲထုတ်ခဲ့ရတဲ့ အစ်ကိုတစ်ယောက်ဆိုရင် အိမ်ထဲမှာပဲနေတာ၊ ဒါပေမဲ့ အပြင်ကပစ်တဲ့ လက်နက်ငယ်ကျည် မှန်တာပေါ့။ လက်မောင်းမှာ ဒဏ်ရာရသွားတာ တစ်ယောက်ရှိတယ်။ ပြီးတော့ လက်နက်ကြီးအစ မှန်လို့ ဒဏ်ရာရတဲ့တစ်ယောက်ရှိတယ်။ အဲဒီလိုမျိုး စသဖြင့် ကျွန်မတို့သိတဲ့ အထဲမှာကို ဒဏ်ရာရတာ လေး၊ ငါးဦး ရှိတယ်”

ဒဏ်ရာရသူ အများအပြား ရှိနေပြီး ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ဆေးကုပေးနေတယ်လို့ သူကဆိုပါတယ်။ အခြေအနေတွေ ရှုပ်ထွေးနေဆဲမို့ ဒဏ်ရာရသူ အရေအတွက်ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အပြီးသတ် စာရင်းကောက်ယူနိုင်ခြင်း မရှိသေးပါဘူး။

မြို့သိမ်းတိုက်ပွဲ ပြင်းထန်ခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့မှာ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မြို့ပေါ်ကနေ ထွက်ပြေးလာရတဲ့ ဒေသခံတစ်ဦးကတော့ စိတ်ချရတဲ့ အခြေအနေ မရှိသေးတာကြောင့် မြို့ထဲ ပြန်လို့ မရသေးဘူးလို့ RFA ကို ပြောပါတယ်။

“လေယာဉ်က လာပဲ လာနေတာ ခဏခဏ လက်နက်ကြီးတွေကလည်း ကျတာဆိုတော့ အန်တီတို့က စိတ်မချဘူး။ အဲဒါနဲ့ သွားကြစို့ ရွာဘက်ကို ဝေးတဲ့ဆီကို သားတွေ၊ သမီးတွေကို သွားကြစို့။ အဲဒါနဲ့ ပစ်နေတဲ့ကြားထဲကို အန်တီတို့က နည်းနည်းလေး ကင်းလွတ်တဲ့နေရာထိကို ပြေးရတာ ဆိုင်ကယ်လေးတွေနဲ့ ဘာမှမပါဘူး အဝတ်တစ်ထည် ကိုယ်တစ်ခုပါ့။ လေယာဉ်ကြောက်တော့ မပြန်ရဲသေးဘူး။ သူများတွေ (မြို့ထဲ) ဝင်ရင်တော့ လိုက်ဝင်မယ်လို့တော့ စိတ်ကူးတယ်။ မြန်မြန်ပြီးစေချင်တယ် ဒါကြီးကို၊ အေးချမ်းစေချင်တယ်။ အန်တီတို့ ဘယ်တုန်းကမှ မကြုံဖူးဘူး ဒါမျိုးကြီးတွေ”

မြို့ပေါ်ကနေ ထွက်ပြေးလာရတဲ့ အရပ်သား ငါးသောင်းနီးပါးဟာ လက်ရှိမှာ ကောလင်းမြို့ အရှေ့၊ အနောက်နဲ့ တောင်ဘက်ရှိ ဘေးလွတ်ရာ နေရာတွေမှာ ဖြစ်သလို ခိုလှုံနေရတယ်လို့ သူက ပြောပါတယ်။ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးကို ပြည်သူ့ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ဘက်က ဆက်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေ လိုအပ်နေဆဲလို့ ဒုက္ခသည်တွေက ပြောပါတယ်။

ကောလင်းမြို့ကို သိမ်းလိုက်ပြီးနောက် မြို့အဝင်အထွက်ကို ပိတ်ထားပြီး မြို့တွင်းမှာ နယ်မြေ ရှင်းလင်းရေး ဆက်လုပ်နေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံဖြစ်တာမို့ မြို့လယ်က ခရိုင်ထွေအုပ်ရုံးမှာ NUG / PDF အလံကို လွှင့်တင်ထားတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ အထက(၁) ကျောင်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။  (Photo: Kawlin Revolution-KR)
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ အထက(၁) ကျောင်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Kawlin Revolution-KR)

ကောလင်းမြို့ကို ဆက်ထိန်းထားနိုင်ဖို့ စီစဉ်နေပြီး ကျန်မြို့တွေကို သိမ်းယူနိုင်ဖို့ ကြိုးစားနေတယ်လို့ ကောလင်းမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“မြို့သိမ်းပြီးပြီဆိုတော့ မြို့ကို ထိန်းထားနိုင်ဖို့ပဲ ဆက်ဆောင်ရွက်ရမှာပေါ့။ သိမ်းပြီးပြီဆိုတော့ ထိန်းသိမ်းထားနိုင်ဖို့ကလည်း မလွယ်ဘူးလေ။ ကျွန်တော်တို့ မြို့တွေကို အဝင်အထွက်လမ်းတွေကို လေးဘက်လေးလံ ကိုယ့်ဘက်ကနေ ဂိတ်တွေချပြီး ပိတ်ဖို့။ ကောလင်းမြို့ဆိုတာ အရမ်း သိမ်းရခက်တယ်။ မြို့သိမ်းဖို့အတွက်ကို ခဏခဏ စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ရတယ်။ စစ်ဆင်ရေးတွေ ခဏခဏ ဆောက်ရွက်ခဲ့ပေမယ့် မအောင်မြင်ဘူး၊ ပြန်ဆုတ်ရတာမျိုးတွေ ရှိတယ်။ အဲဒီလို အရမ်း သိမ်းရခက်တဲ့ မြို့တွေတောင်မှ ကျွန်တော်တို့ ကနဦး သိမ်းပြလိုက်ပြီဆိုတော့ နောက်စစ်ကိုင်းတိုင်းထဲက တခြားမြို့တွေမှာလည်း ကျွန်တော်တို့ကို ပမာတင်ပြီး၊ လိုက်ပြီး ဆောက်ရွက်ကြမယ်လို့ ယူဆပါတယ်”

ကောလင်းမြို့ကို ကာကွယ်ရေးတပ်တွေ သိမ်းယူလိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်တို့ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်လိုက်တာဟာ စစ်ကိုင်းတိုင်းအတွင်း မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာမယ့် ပထမ ခြေလှမ်းလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“အခုကတော့ အစပြုချက်ပေါ့၊ ဒါပေမဲ့ စစ်ကိုင်းတိုင်းမှာ လိုအပ်တာက လူအင်အား မဟုတ်ပါဘူး၊ လက်နက်အင်အားပါ။ အဲဒီတော့ လက်နက်အင်အားနဲ့ ပေါင်းစပ်မှုကောင်းကောင်းနဲ့ ကျွန်တော်တို့မြို့တွေကို အခုလိုဆက်ပြီးတော့ သိမ်းပိုက်သွားနိုင်ရင် ဗမာပြည်ရဲ့ နွေဦးတော်လှန်ရေး ပြန်လည်ထိုးစစ်ဟာ အခုစပြီ၊ မကြာခင် အောင်ပွဲတွေကို ဆက်လက် တွေ့ရှိရလိမ့်မယ် မျှော်လင့်တယ်။ အဲဒီအခြေနေတစ်ခုကိုတော့ နောက်လပိုင်းအတွင်း ဆက်ပြီး ကြုံရလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်”

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှုးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။