ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ ဒေါနတောင်တစ်လျှောက် စစ်ကောင်စီ အင်အားဖြည့်
ကော့ကရိတ်- မြဝတီဒေါနတောင် လမ်းပိုင်းတစ်လျှောက်က စစ်ကောင်စီက အင်အားဖြည့်တင်း တိုက်စစ်ဆင်နေတယ်လို့ စစ်ရေးနယ်မြေ သတင်းရင်းမြစ်တွေက RFA ကို ပြောပါတယ်။
-
RFA Burmese
2024-08-27 -
-
-
ကော့ကရိတ်- မြဝတီဒေါနတောင် လမ်းပိုင်းတစ်လျှောက်က တပ်ရင်း၊ တပ်ဖွဲ့တွေကို စစ်ကောင်စီက အင်အားဖြည့်တင်း တိုက်စစ်ဆင်နေတယ်လို့ စစ်ရေးနယ်မြေ သတင်းရင်းမြစ်တွေက RFA ကို ပြောပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့ ကျားဖြူစစ်ကြောင်း တာဝန်ရှိသူတွေနဲ့ ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်တွေက စစ်ရေး အခြေအနေကိုသိတဲ့ သတင်းအရင်းအမြစ်တွေက RFA ကို ပြောတာပါ။
ဩဂုတ် ၁၀ ရက်ကစပြီး ကျုံဒိုး ခမရ ၅၄၅၊ ၅၄၆ တပ်ရင်းတွေမှာ ဘားအံတပ်မ ၂၂ လက်အောက်ခံ တပ်ရင်းတွေနဲ့ အင်အားတိုးချဲ့တယ်လို့ ပြောပါတယ်။ ဒီနောက် အရပ်သားကားတွေကို အသုံးပြုပြီး ကော့ကရိတ်မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးတိုက်ခိုက်တဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း ပြောပါတယ်။
ဒါတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်လို့ မရသေးပေမဲ့ စစ်ကောင်စီက စစ်အင်အား တိုးလာတယ်လို့ KNLA မဟာမိတ် ပူးပေါင်းကျားဖြူစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
“ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့က ပြောလို့ မရသေးဘူးနော်၊ စစ်အင်အားတိုးလာတာက သေချာတယ်၊ စစ်အင်အားတိုးလာတာက တောက်လျှောက် အများကြီးတိုးလာတယ်နော်၊ စစ်အင်အားက ဒီကော့ကရိတ်ဝန်းကျင် တောက်လျှောက်ကို တိုးတယ်နော်"
ဒေါနတောင်လမ်းဟောင်းနဲ့ အာရှလမ်းသစ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ဖို့ ကော့ကရိတ်နဲ့ ကျုံဒိုးမြို့နယ်တွေက ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး စစ်ကြောင်းတက်လာမယ်လို့လည်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
"ကော့ကရိတ်က စစ်တပ်တွေ ဒီရက်ထဲမှာဆိုရင် မိဖာလဲ့ရွာကို လက်နက်ကြီး ပစ်ထည့်တယ်၊ လက်နက်ကြီးနဲ့ ပစ်တယ်ပေါ့နော်၊ ကော့ကရိတ်မြောက်ပိုင်းကို စစ်ကြောင်းတက်မဲ့ သတင်းလည်း ရထားတယ်၊ အောက်ဗိုလ်တဲလမ်းဟောင်းဘက်ကို လာမယ်ပေါ့နော်၊ အခုက ကျုံဒိုး ၅၄၅ တပ်မှာ ဖားအံက တက်လာတဲ့ စစ်တပ်တွေ ရောက်နေတယ်၊ ကော့ကရိတ်ရွာတွေဘက်ကိုတော့ တက်လာရင် တိုက်ပွဲဖြစ်မဲ့ သဘောရှိနေတယ်ဗျ၊ အခုက ၉၇ တပ်က လက်နက်ကြီးက ရွာဘက်တွေကို ပစ်ပစ်ထုတ်တယ်ဗျ"
ဩဂုတ်၂၅ ရက်နောက်ပိုင်းမှာ ကော့ကရိတ်မြို့မြောက်ပိုင်း ဒေါနတောင်လမ်းဟောင်းနဲ့ မြဝတီ အာရှလမ်းသစ်မှာလည်း နှစ်ဖက် ဆက်လက်ပစ်ခတ်နေတယ်လို့ ကုန်စည်ပို့ဆောင်တဲ့ လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"ကော့ကရိတ်ကလည်း ရှုပ်ယှက်ခတ်နေတယ်၊ ဒီ BGF တွေဆိုလည်း လှည့်နေတာတွေ တွေ့တယ်၊ KNU နဲ့ PDF တွေဆို ဖြတ်သွားဖြတ်လာတာတွေ တွေ့တယ်၊ စစ်တပ်ကလည်း တက်လာတာမျိုးတွေ ရှိတယ်၊ ရွာတွေဘက် ပတ်လှည့်လိုက်၊ ကျုံဒိုးရော ကော့ကရိတ်ရောက ဒီစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ထုတ်တာတွေတော့ လုပ်နေတာပေါ့၊ ညကတော့ ညီနောင်ဘက်က တိုက်ပွဲကြီးတယ်၊ လေယာဉ်လည်း လာတယ်၊ မြဝတီ ကားအတက်အဆင်းတွေက အခြေအနေက မကောင်းဘူးလေ"
ဆက်နွှယ်သောသတင်းများ
စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေ ဘားအံကို ပြန်လည်ဆုတ်ခွာ
ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်း စစ်ကောင်စီ ပြော
စစ်ကောင်စီအောင်ဇေယျစစ်ဆင်ရေး ဒေါနတောင်တန်းမကျော်နိုင်သေး
လတ်တလော ကရင်ပြည်နယ်က စစ်ဆင်ရေးတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားဌာနက သတင်းထုတ်ပြန်တာမရှိသလို ကရင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
ဩဂုတ်၂၇ ရက်မှာတော့ ကျုံဒိုး၊ ကော့ကရိတ် ဒေါန တောင်တစ်ဝိုက် လေကောင်စီက လေကြောင်းကနေ ဆက်လက် ကင်းထောက်နေပြီး ဘုရားသုံးဆူ၊ လွှတ်ရှမ်း၊ အနန်းကွင်း၊ ဖားပြကျေးရွာတွေမှာ စစ်တပ်လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတစ်ထောင်ကျော်လောက် ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။