မယ်စဲ့က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်နီအဖွဲ့တွေပြော

ကယားပြည်နယ် မယ်စဲ့မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းဗျူဟာကုန်းတစ်ခုကို ကရင်နီပြည်တပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ စုပေါင်းသိမ်းယူလိုက်နိုင်တယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းပြန်ကြားရေးအဖွဲ့တာဝန်ခံ ခူညေးရယ်က RFA ကိုပြောပါတယ်။

၂၀၂၃ ခုနစ် မေလတွင် ကယားပြည်နယ် ရှေ့တန်းတစ်နေရာရှိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်သားများကို တွေ့ရစဉ်။ KNDF

ထိုင်း-မြန်မာနယ်စပ်က ကယားပြည်နယ် မယ်စဲ့မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းဗျူဟာကုန်းတစ်ခုကို ကရင်နီပြည်တပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ စုပေါင်းသိမ်းယူလိုက်နိုင်တယ်လို့ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းပြန်ကြားရေးအဖွဲ့တာဝန်ခံ ခူညေးရယ်က RFA ကိုပြောပါတယ်။

"တပ်စခန်းလေးခုနဲ့ ရဲစခန်းတစ်ခု ဒီနေ့က လက်နက်ချအလင်းဝင်လာတယ် BP 13 ကုန်း ဆိုတာက check point မှာ ထိုင်တဲ့တပ်တစ်ခုရှိတယ်။ သူ့ရဲ့အပေါ်လေးနားမှာ လက်နက်ကြီးကုန်းဆိုတာရှိတယ်။ အဲဒီတပ်တွေလည်း မရှိတော့ဘူးပေါ့။ အားလုံးကုန်ပြီလို့ပြောလို့ရတယ်၊ အခုလောလောဆယ်ကတော့ ကျွန်တော်တို့ထိန်းထားလို့ရပြီလို့ ပြောလို့ရတယ် ဒါပေမဲ့ သူတို့က စစ်ကူတွေလေကြောင်း၊ လက်နက်ကြီးတွေဘာတွေနဲ့ လာမယ်ဆိုတော့ အခြေအနေအရ ကျွန်တော်တို့ ဘယ်လောက်ထိ ထိန်းနိုင်မလဲဆိုတာတော့ ပြောလို့တော့ခက်တာပေါ့ဗျာ"

ဒီစခန်းသိမ်းတိုက်ပွဲမှာ ကရင်နီပြည်တပ်မတော် KA က တစ်ဦး၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က တစ်ဦးနဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ)က နှစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ကူ စခန်းတစ်ခုဖြစ်တဲ့ BP13 မြန်မာ-ထိုင်း နယ်ခြားမှတ်တိုင်အမှတ် ၁၃ က စစ်ကောင်စီတပ်သား ၁၈ ယောက်ဟာ ကရင်နီပူးပေါင်း တပ်ဖွဲ့တွေဆီကို လက်နက်ချဝင်ရောက်လာတယ်လို့ ခူညေးရယ်က ပြောပါတယ်။

"Check Point နံပါတ် ၁၃ ပေါ့ အဲဒီတပ်တွေက ကျွန်တော်တို့ဆီရောက်လာတယ်လို့ ပြောတယ်၊ လက်နက်အပြည့်အစုံနဲ့ လက်နက်ချတဲ့သဘောမျိုးပေါ့ အရာရှိကြီးတွေက သုံးယောက်ကပျောက်နေသေးတယ်ပြောတယ်၊ သူတို့စခန်းထိုင်တာက ၂၁ ယောက်ပြောတယ်၊ သုံးယောက်ပျောက်တယ်ဆိုတော့ ၁၈ ယောက်လောက် ဝင်လာတဲ့သဘောမျိုးပေါ့"

စစ်ကောင်စီရဲ့တပ်စခန်းကုန်းတွေ သိမ်းပိုက်ခံလိုက်ရတဲ့အတွက် စစ်တပ်ဖက်က စစ်ကူစစ်ကြောင်းတွေ ပို့လွှတ်နေသလို၊ လေကြောင်းကနေလည်း ဆက်တိုက်တိုက်ခိုက်နေတယ်လို့လည်း သူကဆိုပါတယ်။

ပူးပေါင်းတပ်ဖွဲ့တွေဟာ ဇွန်လ ၁၃ ရက်နေ့အစောပိုင်းကစပြီး သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်လှစခန်းနဲ့ မယ်စဲ့မြို့မရဲစခန်းတွေကိုလည်း သိမ်းပိုက်ထားတာဖြစ်ပါတယ်။ ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ဖြစ်တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ရင်းနှစ်ခုက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခဲ့တာလို့ သိရပါတယ်။

မယ်စဲ့ကို ကရင်နီပြည်ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်တဲ့အခြေအနေကို တအာင်းပြည်နယ် စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်နေသူ ဆရာဆိုဒါရ်းက အခုလိုသုံးသပ်ပါတယ်။

"စစ်ကောင်စီ ဒီနှစ်အတွင်းမှာ ဆက်တိုက်ကြုံရမယ့် ရှေ့ပြေးတစ်ရပ်လို့ပဲ ကျွန်တော်တို့ သုံးသပ်လို့ရတယ်၊ လက်ရှိစစ်ကောင်စီက အရှုံးနဲ့ပဲ တောက်လျှောက်ရင်ဆိုင်ရမှာ ကျွန်တော်ထင်တယ်၊ နောက် သုံးလေးလလောက်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာက EAO တွေ သက်ဆိုင်ရာအဖွဲ့တွေ တိုက်လာတဲ့အချိန်မှာ စစ်ကောင်စီက ဒီလိုအနေအထားနဲ့ပဲ သူတို့က နောက်ဆုတ်ပေးလိမ့်မယ်လို့ ကျွန်တော်တို့ယူဆလို့ရတယ်။"

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ကရင်နီပြည်တပ်ဖွဲ့တွေရဲ့လုပ်ဆောင်မှုကို သင်ခန်းစာယူပြီး စစ်အာဏာရှင်ကို ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် မကြာခင် မယ်စဲ့အခြေအနေလိုမျိုး တစ်နိုင်ငံလုံး ဖြစ်လာနိုင်တယ်လို့ တိုက်တွန်းပါတယ်။

"ဒီနေ့အခြေအနေ အချိန်အခါကတော့ ကျွန်တော်တို့တိုင်းပြည်မှာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ကျွန်တော်တို့လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းနိုင်ဖို့ တကယ့်လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ကတော့ ဒီနေ့အခြေအနေအခါက အကောင်းဆုံးအခြေအနေဖြစ်ပါတယ်၊ အဲဒီအတွက်ကတော့ စစ်အာဏာရှင်တွေကိုဖြုတ်ချ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရမယ့် ချုပ်ငြိမ်းအောင် လုပ်ရမယ် အဲဒါကျွန်တော်တို့ အကုန်လုံးဝိုင်းတိုက်ဖို့ လိုတယ်၊ တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ အထူးသဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်နဲ့ RCSS လိုကြားမှာ တိုက်ပွဲတွေရှိတယ်၊ ရှမ်းတပ်ဖွဲ့နှစ်ခုကြားမှာ တိုက်ပွဲတွေရှိတယ်၊ ကိုယ့်အချင်းချင်းကို မတိုက်ဘဲနဲ့ ဘုံရန်သူဖြစ်တဲ့ ဒီစစ်အာဏာရှင်ကို အားလုံးဝိုင်းတိုက်ကြပါလို့ ကျွန်တော်ပန်ကြားချင်ပါတယ်။"

မယ်စဲ့အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဝင်းဦးကို RFA ကဆက်သွယ်ခဲ့ပေမယ့် ဖုန်းမှားနေတယ်လို့သာ ပြန်ဖြေပါတယ်။ အခုလို စစ်တပ်စခန်းတွေ သိမ်းဆည်းခံရတဲ့အခြေအနေကို စစ်ကောင်စီက သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။

ဇွန်လ ၁၃ရက်နေ့ကစပြီး မယ်စဲ့မြို့တွင်း တိုက်ပွဲတွေဆက်တိုက်ပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေ ထိုင်းနိုင်ငံဘက်ကို ထောင်နဲ့ချီထွက်ပြေးခဲ့ရပါတယ်။

ကယားပြည်နယ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေ အခြေစိုက်တဲ့ နေပြည်တော်နဲ့နီးကပ်တဲ့ ပြည်နယ်ဖြစ်သလို အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်မှု အားကောင်းတဲ့ ဒေသလည်းဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org