ကျုံဒိုးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ ကျုံဒိုးမြို့မှာ ဇန်နဝါရီလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်သူးလေတပ်မတော် (KTLA) အပါအဝင် ပူးပေါင်း တပ်တွေ သုံးရက်ကြာတိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီရွာတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က လက်နက်ကြီးကျည်ကျရောက်ပြီး မီးလောင်ကျွမ်းခဲ့သည့် နေအိမ်များကို တွေ့ရစဉ်။ ‌ဒေါနခရီးသွားဧည့်သည်

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ ဇန်နဝါရီလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ကျုံဒိုးမြို့ခံတွေက RFA ကို ပြောပါတယ်။

ကျုံဒိုးမြို့ပေါ်အပြင် ကမ်းမလိုက်၊ မာလာတော၊ တလွဲထော်၊ ကော့ကွေး၊ မိဂလို၊ ကော့ကာ၊ ကမ်းနီ၊ ကော့ကြိုက်၊ ရွာကလေး၊ ကျောက်ဖျာ၊ မြေနီကုန်း၊ ကော့ဘိန်း၊ ကော့ပေါက်၊ ငှက်ပျောတော စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး ကျုံဒိုးမြို့ မိဂလိုရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကော်သူးလေတပ်မတော် (KTLA) အပါအဝင် ပူးပေါင်းတပ်တွေ တိုက်ပွဲစဖြစ်ခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်နဲ့ ၂၅ ရက်နေ့မှာတော့ ကမ်းနီရွာနဲ့ ကော့ကာရွာမှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

ဇန်နဝါရီ ၂၆ ရက် ဒီမနက်ပိုင်း စစ်ကောင်စီတပ်တွေ ရွာတွေထဲကနေ ပြန်ထွက်ခွာ နေပေမယ့် နယ်မြေတည်ငြိမ်မှု မရှိသေးတာကြောင့် ဒေသခံတွေရွာထဲ ပြန်မဝင်ရဲသေးဘူး လို့ ကမ်းနီရွာခံ ဦးစောဘ (အမည်လွှဲ) က ပြောပါတယ်။

"ကျနော်ထင်တာတော့ နောက်ထပ် လေး၊ ငါးရက်လောက်တော့ ရှောင်ရဦးမလားပဲ။ ဘာလို့လဲဆိုတော့ လက်နက်ကြီးသံတွေက ငြိမ်မှ မငြိမ်သေးဘဲဟာ။ အဲလိုဝင်လို့ ရမယ်ဆိုရင်တောင်မှ ကလေးတွေကို မခေါ်သေး ဘဲနဲ့ အခြေအနေစုံစမ်းပြီးတော့မှ လူကြီးလောက်ပဲ အခြေအနေဝင်ကြည့်ရမယ့် သဘောဖြစ်နေတာ။ တိုက်ပွဲက ပြီးနိုင်လား၊ မပြီးနိုင်လား ခန့်မှန်းလို့မရသေးဘူးလေ"

ထွက်ပြေးနေရသူတွေဟာ နေထိုင်ရေးနဲ့ စားသောက်ရေး အခက်အခဲဖြစ်နေပြီး ဆောင်းရာသီဖြစ်တာကြောင့် ကလေးငယ်တွေအတွက် ကျန်းမာရေးစိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီ ၂၄ ရက်နေ့က တိုက်ပွဲဖြစ်နေတဲ့ ရွာတွေဘက်ကို ကျုံဒိုးမြို့မှာရှိတဲ့ တပ်ရင်း (၅၄၅) နဲ့ (၅၄၆) တပ်က လက်နက်ကြီးနဲ့ပစ်ခဲ့သလို ၂၅ ရက်နေ့ကလည်း လေကြောင်း ကနေ သုံးကြိမ်တိုက်ခိုက်ခဲ့တာကြောင့်ရွာတချို့က နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်မီးလောင်ခဲ့တဲ့ ရွာတွေက ဒေသခံတွေကတော့ မူလနေရပ်ပြန်နေဖို့ အဆင် မပြေတော့ဘူးလို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ကျုံဒိုးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ခန့်မှန်းခြေကတာတော့ ကြာမယ်။ ကျုံဒိုးမြို့မှာလည်း သူတို့နေအိမ်တွေကို မီးတွေ ရှို့ထားတယ်လေ။ အဲလိုမျိုး မီးရှို့ခံရတဲ့လူတွေကျတော့ ပြန်လာလို့မရတော့ဘူးလေ။ စစ်ဘေးရှောင်အနေနဲ့ပဲ ကျနော်တို့မြို့ စစ်ငြိမ်တဲ့အထိ သူတို့နေရမှာပေါ့။ တချို့လူတွေ ကတော့ ထွက်ပြေးကြတာပေါ့။ လူဦးရေကတော့ များတယ်"

ဇန်နဝါရီ ၂၆ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ကလည်း ကျုံဒိုးမြို့၊ အရှေ့ဘက်ကမ်း ညောင်ရိပ်သာရွာကို နယ်ခြားစောင့်တပ် (BGF) တွေ မီးရှို့ခဲ့တယ်လို့ ကျုံဒိုးမြို့ခံတွေက ပြောပါတယ်။

"ကျုံဒိုးမြို့မှာလည်း သူတို့နေအိမ်တွေကို မီးတွေ ရှို့ထားတယ်လေ။ အဲလိုမျိုး မီးရှို့ခံရတဲ့လူတွေကျတော့ ပြန်လာလို့မရတော့ဘူးလေ"

တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီနေ့မှာတော့ စစ်ကောင်စီတပ်တွေ နောက်ဆုတ်သွားပြီလို့ KTLA ရဲ့ ခြင်္သေ့တပ်ရင်း အထူးကွန်မန်ဒို ဗျုဟာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက RFA ကိုပြောပါတယ်။

"၂၀ ရက်နေ့ကတည်းက သူတို့က ဒီနားမှာ စစ်ကြောင်း ဖြန့်ချထားပြီးသွားပြီ။ ဘုရားသုံးဆူ တိုက်ပွဲဖြစ်တဲ့အချိန်မှာ သူတို့ဖြန့်ချထားတဲ့ စစ်ကြောင်းတွေက ဘုရားသုံးဆူဘက်ကို ထိုးဖို့လုပ်တယ်။ ကျနော်တို့စိုးမိုးထားတဲ့နယ်မြေတွေကို ဝင်လာတော့ ထိတွေ့မှုတွေ စဖြစ်တယ်။ ၂၄၊ ၂၅ မှာ တိုက်ပွဲအပြင်းထန်ဆုံးလို့ ပြောလို့ရတာပေါ့။ ၂၅ ရက်နေ့ညမှာ ကျနော်တို့ဘက်ကလည်း အပြင်းအထန် တက်တယ်။ သူတို့ဘက်ကလည်း အပြင်းထန်ဆုံး ခုခံတယ်။ အခုတော့ ဒီကောင်တွေကို မောင်းထုတ်နိုင်ပြီလို့ ပြောလို့ရတယ်။ ဟိုဘက်ခြမ်းကို အကုန်ပြေးကုန်ပြီ"

တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာမှာ လက်ရှိ နယ်မြေရှင်းလင်းရေးတွေလုပ်နေပြီး ဒေသခံတွေ ရွာထဲပြန်လာလို့ရတဲ့ အခြေအနေဖြစ်ရင် သတင်းထုတ်ပြန်သွားမယ်လို့ သူကဆိုပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီရွာမှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဒေါနခရီးသွားဧည့်သည်)

သုံးရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တစ်ရာကျော်သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာ ရခဲ့သလို ပူးပေါင်းတပ်တွေဘက်က KNDO အမှတ်(၆) တပ်ရင်းရဲ့ တပ်ခွဲမှူးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ခြင်္သေ့တပ်ရင်းအထူးကွန်မန်ဒို ဗျုဟာစစ်ကြောင်းဘက်က ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ကရင်ပြည်နယ်မှာ ဒေသခံတစ်သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org