ကော့ကရိတ်မြို့ခံတွေကို လူသားဒိုင်းလုပ်ဖို့ နေရပ်ပြန်ခိုင်းနေကြောင်း ပူးပေါင်းတပ်တွေစွပ်စွဲ
စစ်ကောင်စီက နေရပ်ပြန်ခိုင်းပေမဲ့ တိုက်ပွဲတွေအတွင်း အိမ်တွေ မီးလောင်ပြီး တချို့အိမ်တွေလည်း ဖောက်ထွင်းခံထားရတယ်လို့ ဆိုပါတယ်။
-
RFA Burmese
2024-05-02 -
-
-
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ပတ်ဝန်းကျင်ကျေးရွာတွေက စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ဧပြီ ၂၆ ရက်နေ့က ကြာပန်းအဝိုင်းမှာ လူစုပြီး အိမ်ပြန်ကြဖို့ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ပြောတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ လေးလကျော်ကြာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ကော့ကရိတ်မြို့က ရပ်ကွက် ခုနစ်ခုက အိမ်အလုံး ခြောက်ရာကျော် မီးလောင်ခဲ့ရပါတယ်။ စစ်ကောင်စီလေတပ်က ပစ်ခတ်တာ၊ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေကြောင့် မီးလောင်ရတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အိမ်တွေလည်း ဖောက်ထွင်းလုယက်ခံရတယ်လို့ ကော့ကရိတ်မြို့ခံအမျိုးသမီးတစ်ဦး က ပြောပါတယ်။
"တီဗွီ၊ ရေခဲသေတ္တာ၊ လျှပ်စစ်ပစ္စည်းနဲ့ ပတ်သက်တာတွေ နောက်ပြီးတော့ ဆိုလာ၊ ဆိုလာနဲ့ဆက်စပ်ပစ္စည်း ရောင်းစားလို့ရတဲ့ဟာမှန်သမျှ အကုန်ယူတယ်။ အိုးခွက်ပန်းကန်တွေကျတော့ စတီး အစစ် ပစ္စည်းတွေလောက်ပဲ ယူတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ဆိုရင် အကုန်ယူသွားတယ်။ အိုးခွက်ပန်းကန် အကုန်ယူသွားတယ်၊ အဝတ်အစားကအစ ယူတယ်၊ အဲ့ဒီအိမ်ကျတော့ အိမ်လုံးကြီးပဲကျန်တယ်။ ဆက်တီတွေကအစ တိုက်ချသွားတာ။ ဘာမှမကျန်တော့ဘူး။ အိမ်အခွံကြီးပဲကျန်တယ်"
ဒီလိုနေရပ်ပြန်ခိုင်းနေတာဟာ လူသားဒိုင်းအဖြစ် အကာအကွယ်ယူမဲ့သဘောဖြစ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မဟာမိတ်ပူးပေါင်း ကျားဖြူစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
"စစ်ကောင်စီကနေပြီးတော့ မငြိမ်းချမ်းတဲ့နယ်မြေတွေမှာ ပြည်သူတွေကို ပြန်ဆင့်ခေါ်တယ်ဆိုတာ အမှားကြီးကြီးလုပ်လိုက်တယ်လို့ပဲ ကျွန်တော်တို့မြင်တယ်။ သူတို့ဟာ ပြည်သူတွေကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူတဲ့ သဘောလို့ပဲ ကျွန်တော်ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနယ်မြေသည် လုံးဝမလွတ်ကင်းပြီးတော့ ငြိမ်းချမ်းသောနယ်မြေလည်း မဟုတ်ဘူး။ အချိန်မရွေး သေနတ်သံ ထဖောက်နိုင်တဲ့နယ်မြေ ဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်သူတွေအနေနဲ့ ချင့်ချိန် ယုံကြည်ကြပါလို့ပဲ ကျွန်တော်ပြောချင်ပါတယ်"
ဒါ့အပြင် ကော့ကရိတ်မြို့မှာ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ အခုလို ကော့ကရိတ်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်နေခိုင်းတာနဲ့ စစ်ကောင်စီ ပြည်နယ်ဝန်ကြီးချုပ်ယာဉ်တန်း တိုက်ခိုက်ခံရတာတွေနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို မေးမြန်းဖို့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
လောလောဆယ်မှာတော့ ကော့ကရိတ်မြို့က စစ်ဘေးဒုက္ခသည်တွေ၊ မီးဘေးသင့်မိသားစုဝင်တွေ ကို ကရင်ပြည်နယ် စစ်ကောင်စီတာဝန်ရှိသူတွေက ဧပြီ ၃ဝ ရက်နေ့က လာရောက်တွေ့ဆုံ စာရင်း ကောက်ယူပြီး တစ်အိမ်ထောင်ကို ကျပ်ငွေ နှစ်သိန်းနဲ့ အခြေခံစားသောက်ကုန်တွေ ထောက်ပံ့မယ် လို့ ပြောပေမဲ့ မေ ၂ ရက်အထိ လာမပေးသေးဘူးလို့ အမည်မဖော်လိုတဲ့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
"ကော့ကရိတ်မှာက နာမည်စာရင်း၊ အိမ်လိပ်စာပေါ့ စာရင်းပေးရတယ်။ စာရင်းပေးပြီးတော့မှ သူတို့က စာရင်းအတိအကျ ယူတယ်။ ယူပြီးတော့ ဖြတ်ပိုင်း သူတို့ပြန်ပေးတယ်။ နောက်တခြား ပစ္စည်းနည်းနည်းပါးပါး ပေးတယ်လို့ကြားတယ်။ ကိုယ်တော့ သူတို့ကို လုံးဝအယုံအကြည်မရှိဘူး၊ ပိုက်ဆံပေးမယ်ဆိုတဲ့ စကားအရတော့ပြောတယ်၊ ပိုက်ဆံတော့ တစ်ယောက်မှ ရတာတော့ မရှိသေးဘူး"
အဲဒီ ဧပြီ ၃ဝ ရက်က ကရင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ တာဝန်ရှိသူတွေ ကော့ကရိတ် မြို့ခံတွေနဲ့ မြို့ပျက်စီးမှုအခြေအနေကို လာရောက်ကြည့်ရှုစစ်ဆေးပြီး ဘားအံမြို့အပြန် မြပတိုင်ကျေးရွာနဲ့ နောင်ထပ္ပံကျေးရွာကြားမှာ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်တာကြောင့် စစ်ကောင်စီယာဉ်တန်းက ကားငါးစီးနဲ့ ဝန်ထမ်းတချို့ ထိခိုက်ခဲ့တယ်လို့ KNLA မဟာမိတ်ပူးပေါင်းတပ်က ပြောပါတယ်။
ကော့ကရိတ်မြို့အပြင်က မြဝတီ-အာရှလမ်းသစ်နဲ့ ဒေါနတောင်လမ်းဟောင်းမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေး စစ်ကူစစ်ကြောင်းတွေနဲ့ KNLA မဟာမိတ်ပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်ဖြစ်နေပြီး မြဝတီမြို့ဘက် စစ်ကူလို့မရအောင် ဖြတ်တောက်တိုက်ခိုက်နေတယ်လို့ KNLA မဟာမိတ်တပ်တွေက ကြေညာချက်ထုတ်ပြန်ပါတယ်။